မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန

manawphyulayNovember 6, 20101min2025

ယခုဘဝ မျက်စိလှူက
ချမ်းသာစိတ်သွင်
မြင်ကြည်အေးမြ
ဘဝဆက်တိုင်း
အနှိုင်းမသိ
ကုသိုလ်ထူးဘိ….

မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ….
– မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။
– လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။
– မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။
– မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။

မျက်စိဘဏ် ရန်ကုန်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး (၂) မြို့မှာသာ မျက်စိဘဏ်ရှိပါသည်။ ဆင်းရဲနွမ်းပါး၍ ဆေးမကုသနိုင်သော မျက်ကြည်တိမ်ဝေဒနာရှင်များကို ကူညီ၍ ကုသပေးပါသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါသည်။
မျက်စိဘဏ်သို့ မျက်ကြည်လွှာ လှူဒါန်းလိုပါက ဆက်သွယ်ဆန္ဒပြုနိုင်ပါသည်။ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများကိုလည်း မျက်စိလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ပညာပေး စည်းရုံးပေးစေလိုပါသည်။ အသိမိတ်ဆွေများထဲမှ တစ်ဦးတစ်ယောက် ကွယ်လွန်ပြီး ယင်းကွယ်လွန်သူ၏ မျက်ကြည်လွှာအား လှူဒါန်းလိုပါက မျက်စိဘဏ်သို့ ဆက်သွယ်ပေးစေလိုပါသည်။ ကွယ်လွန်သူ၏ မျက်စိအား ပိတ်ထားပါ။ ဦးခေါင်းကို ခေါင်းအုံးတစ်လုံးခံ၍ မြှင့်ထားပေးပါ။ ပန်ကာမဖွင့်ပါနှင့် ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်တွင် ရေခဲတုံးများထည့်၍ မျက်ခွံပေါ် အုပ်ထားပေးပါ။ မျက်စိဘဏ်သို့ ၄ နာရီအတွင်း အကြောင်းကြားပါ။

သိထားသင့်သည့်အချက်တွေကတော့
၁။ လူတစ်ဦး၏ မျက်ကြည်လွှာမကောင်းပါက ကွယ်လွန်သွားသူတစ်ဦး လှူဒါန်းခဲ့သည့် မျက်ကြည်လွှာနှင့်သာ အစားထိုးကုသရပါသည်။
၂။ လူမျက်ကြည်လွှာကို အခြားအစားထိုးကုသ၍ရသည့် ပစ္စည်း မတီထွင်နိုင်သေးပါ။
၃။ မျက်ကြည်လွှာကို မျက်ကြည်လွှာအလှူရှင် ကွယ်လွန်ပြီးနောက်မှ ထုတ်ယူခြင်း ပြုလုပ်ပါသည်။
၄။ ကွယ်လွန်ပြီး ၄ နာရီအတွင်း မျက်ကြည်လွှာအလှူရှင်၏ ကျန်ရစ်သူ မိသားစုက မျက်စိဘဏ်ကို အကြောင်းကြားပေးရပါသည်။
၅။ မျက်စိအတွင်း တိမ်ရှိသူ၊ မျက်မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အသက်အရွယ်ကြီးသူ (၇၅ နှစ်အောက်) လူအားလုံး မျက်ကြည်လွှာကို လှူဒါန်း၍ ရပါသည်။
၆။ ကွယ်လွန်သူ၏ မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ပါ။ နာရီမှန်ကဲ့သို့သော အပေါ်ယံမျက်ကြည်လွှာကိုသာ ထုတ်ယူခြင်း ဖြစ်ပါသည်။
၇။ မျက်ကြည်လွှာ လှူဒါန်းခြင်းဖြင့် ကွယ်လွန်သူ၏ မျက်နှာပုံပန်းသဏ္ဌာန် မပျက်စီးပါ။ မျက်တွင်း ဟောက်ပက် ဖြစ်မသွားပါ။
၈။ မျက်ကြည်လွှာကို ဘာသာမရွေး၊ လူမျိုးမရွေး၊ အယုတ်၊ အလတ်၊ အမြတ် မရွေးလှူဒါန်းနိုင်ပါသည်။
၉။ မိမိသည် မျက်ကြည်လွှာတစ်စုံ ပေးလှူခဲ့ခြင်းဖြင့် မျက်ကြည်လွှာမကောင်းသူ နှစ်ဦးအား အလင်းဓာတ်လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။
၁၀။ မိမိလှူဒါန်းခဲ့သဖြင့် အခြားမျက်စိ မမြင်သူ နှစ်ဦး၏ ဘဝကို အမြင်အာရုံပြန်လည်ရစေပြီး လူ့လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားစေနိုင်မှာ ဖြစ်ပါသည်။
၁၁။ သို့ပါသောကြောင့် မျက်စိလှူခြင်းသည် အလွန့်အလွန် မွန်မြတ်သော အလှူဒါနဖြစ်ပါသည်။
၁၂။ ကွယ်လွန်သူက မျက်ကြည်လွှာလှူဒါန်းရန် ဆန္ဒမပြုခဲ့သော်လည်း ကျန်ရစ်သူမိသားစုက လှူဒါန်းရန် သဒ္ဓါပေါက်ပါက လှူဒါန်း၍ရပါသည်။
၁၃။ သင်တို့ရဲ့ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများထဲမှ သေဆုံးသွားသူများရှိပါက ကျန်ရစ်သူမိသားစုကို မျက်စိလှူဒါန်းရန် တိုက်တွန်းပေးခြင်းဖြင့် ကောင်းမှုကုသိုလ်ကို ရယူနိုင်ပါသည်။
၁၄။ မျက်စိလှူဒါန်းခြင်းသည် ကွယ်လွန်သွားသူအတွက် အထမြောက်သော အလှူဒါနတစ်ခုဖြစ်ပါသည်။
၁၅။ စောစောလှူပါက စောစောကုသိုလ်ရပါသည်။
၁၆။ ကြိုတင်လှူဒါန်းသူ ကွယ်လွန်ပြီးပါက ကျန်ရစ်သူမိသားစုမှ မျက်စိဘဏ်သို့ အကြောင်းကြားပေးစေလိုပါသည်။

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန တဲ့…..

မျက်စိလှူရန် ဆုံးဖြတ်ပြီးပါက မျက်စိဘဏ်နှင့် ဆက်သွယ်ပါ။
ဆက်သွယ်ရန် – ရန်ကုန်မျက်စိဘဏ် – ဝ၁ – ၅၄၉၁၇၄၊ ဝ၁- ၅၄၉၁၇၁

5 comments

  • Phyo

    November 6, 2010 at 7:44 pm

    လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ ၂ဝရက်နေ့မှာ အိန္ဒိယနိုင်ငံက Transgenders (အမျိုးသားမှ အမျိုးသမီးအဖြစ် ပြောင်းလဲဝတ်ဆင်နေထိုင်သူ) တွေပေါင်း ၅၀ဝကျော်က သူတို့တွေရဲ့ မျက်စိကို ဆေးရုံမှာသွားပြီးတော့ လှူဒါန်းဒါန ပြုခဲ့ကြသေးတယ်လေ… အဲဒါကိုကျတော့ လူတွေက ချီးမွှမ်းဖို့မပြောနဲ့ အသိအမှတ်လေးတောင် မပြုပေးကြဘူးနော်…

  • bigcat

    November 6, 2010 at 9:29 pm

    အိန္ဒိယက ဖြိုးရဲ့ဘော်ဘော်တွေ ခွဲစိတ်ပြီးလိင်ပြောင်းတုန်းက ဖြတ်လိုက်တဲ့ မူလပစ္စည်းတွေကို လှူတယ်ဆိုရင် တကဲ့သတင်းကြီးဖြစ်မှာ၊ ခက်တာက အဲဒါတွေကို ပြန်သုံးမရတော့ ခက်တာပဲ။ နောင်လာမဲ့ ရာစုနှစ်လောက်ဆိုရင်တော့ တိုးတက်နေတဲ့ ဆေးသိပ္ပံပညာနဲ့ ဖြစ်နိုင်လောက်ပါပြီ။ အချိန်နဲနဲ စောင့်လိုက်ပါဖြိုးလေးရယ်။

  • ဆူး

    November 7, 2010 at 3:19 am

    ဘယ်လိုလူပဲဖြစ်ဖြစ်..
    ကိုယ်အတွက် မလိုတော့တဲ့ အရာက သူတပါးအတွက် ရွှေထက် ပိုပြီး အဖိုးတန်တဲ့ အရာဖြစ်နေရင်တော့ ကုသိုလ်ပြု လှူတဲ့ လူတွေကို ချီးမွမ်းပါတယ်။

    ကောင်းကျိုး ကိုယ်၌ တည်ကြပါစေ။

  • snique

    November 7, 2010 at 12:53 pm

    ကျွန်တော် ခန္ဒာကိုယ် ပါလှုချင် ပါတယ် ဘယ်နားသွားလှုရမလဲ သိတဲ့သူ ညွှန် ကြားပေးပါ

    • ဆူး

      November 7, 2010 at 2:23 pm

      ကိုယ်ခန္ဓာ ပါ လှူချင်တယ်ဆိုရင် ဆေးကျောင်းတွေကို ဆက်သွယ်လှူဒါန်းလို့ ရပါသည်။

Leave a Reply