“ရွေးကောက်ပွဲ သတင်းများ”

Good IdeaNovember 7, 20101min470

ကြိုတင်မဲကို မတရားလုပ်လို့ တစညက ကြံ့ဖွံ့ကို တိုင်

ကြံ့ဖွံ့ပါတီက ပင်လယ်ထဲကို ငါးဖမ်းသွားမယ့် ရေလုပ်သားတွေဆီက ကြိုတင်မဲတွေကောက်ပြီး သူတို့ပါတီကို အတင်းမဲပေးခိုင်းတဲ့အတွက် ဒီကြိုတင်မဲတွေကို အသိအမှတ်မပြုဖို့ တနင်္သာရီတိုင်း ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်က တစည ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်တွေကို တိုင်ကြားထားပါတယ်။

အောက်တိုဘာလ ၂ရ ရက်နေ့က စတင်ကာ ကော့သောင်းနဲ့ ဘုတ်ပြင်းမြို့က ပင်လယ်ထွက်မယ့် ရေလုပ်သားတွေကို မဲမပေးမနေရဆိုပြီး ကြိုတင်မဲ အတင်းကောက်ခံခဲ့တာပါ။

ရေလုပ်သားတွေဟာ ယခင်က ပင်လယ်ထွက်ဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနမှာ လက်မှတ်ထိုးရုံနဲ့ ထွက်ခွင့်ရခဲ့ပေမယ့် အောက်တိုဘာ ၂ရ ရက်နေ့က စပြီးတော့ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ မဲပေးပြီးမှ ထုတ်ပေးတဲ့ မဲပေးပြီးကြောင်း ထောက်ခံချက်ပါမှသာ ပင်လယ်ကို ထွက်ခွင့်ရပါတယ်။

မဲမပေးမိဘဲ ပင်လယ်ထွက်လာခဲ့ရင် ပင်လယ်ဝမှာ ဖွင့်လှစ်ထားတဲ့ ငါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ကော့သောင်းမြို့ကို စက်လှေတွေပြန်လှည့်ခိုင်းပြီး မဲပေးခိုင်းပါတယ်။

ဟားခါးမှာ ကြိုတင်မဲကောက်တာ ကိုယ်စားလှယ်လောင်းတောင် မသိလိုက်

အလားတူစွာပဲ ချင်းပြည်နယ် ဟားခါးမြို့နယ်ထဲမှာ ကြိုတင်မဲတွေ ကောက်ခံတာကို ဝင်ပြိုင်တဲ့ ပါတီတွေကို အကြောင်းမကြားခဲ့တဲ့အတွက် ချင်းအမျိုးသားပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ထားပါတယ်။

ကြိုတင်မဲကောက်သွားတာကို ဟားခါး ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးငွန်မောင်းကိုယ်တိုင် မသိလိုက်ဘူးလို့ သိရပါတယ်။

ရခိုင်မှာ ကြံ့ဖွံ့က အခွင့်ထူးရနေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ကြံ့ဖွံ့က ယနေ့တိုင် စည်းရုံးရေးတွေ လုပ်နေတဲ့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ကော်မရှင်ကို တိုင်ဖို့ပြင်နေပါတယ်။

ဘာလို့ဆိုတော့ RNDP အပါအဝင် ရခိုင်မှာရှိတဲ့ ပါတီအားလုံးကို စည်းရုံးရေးတွေမလုပ်ဖို့ ကော်မရှင်က အောက်တိုဘာ ၃ဝ ရက်နေ့ကတည်းက စာပို့ပြီး ပိတ်ပင်တားမြစ်ခဲ့တာပါ။ ကြံ့ဖွံ့ကတော့ မနေ့ကတည်း စည်းရုံးရေးလုပ်ခဲ့ပြီးပါပြီ။ ဒီနေ့လည်း စည်းရုံးရေး လုပ်ပါလိမ့်ဦးမယ်။

ကြိုတင်မဲကို လူစားထည့်ပေးသတဲ့

ပြီးခဲ့တဲ့ အပတ်ထဲကပဲ ချင်းပြည်နယ်ကနေ ကျောက်တံတားမှာလာနေပြီး ကျောင်းတက်နေတဲ့ လူငယ်တယောက် ကြိုတင်မဲသွားပေးတာ မဲရုံစောင့်တွေက သူ့ကိုယ်စား ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ပါတယ်တဲ့။ ချက်တင်ကနေ ပြောပြတာပါ။

မန္တလေး လုံခြုံရေး တိုးလာပါပြီ

မန္တလေးမှာတော့ ရွေးကောက်ပွဲနီးတဲ့အတွက် လုံခြုံရေးတွေ တင်းကြပ်နေပါပြီ။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ တဝီဝီလှည့်နေပါတယ်။ ညပိုင်းမှာလည်း ကျုံးနားတဝိုက်မှ အုပ်စုလိုက် ရှိနေပါတယ်တဲ့။ မန္တလေးသားတယောက် ပြောပြတာပါ။

နိုဝင်ဘာ ၅ ရက် ကြိုတင်မဲကောက်မည်

ဒီနေ့မှာတော့ တနိုင်ငံလုံးကို ကြိုတင်မဲတွေ ကောက်ခံမယ့်နေ့ပါ။ Weekly Eleven မှာလည်း အဲဒီသတင်းရေးထားတာ ဖတ်လိုက်ရပါတယ်။ အခုလောက်ဆိုရင်တောင် ကောက်ခံနေလောက်ပါပြီ။

ကြိုတင်မဲထည့်ရမယ့်လူတွေကတော့ တခြားနယ်မှာ ရောက်နေတဲ့ ဝန်ထမ်းတွေ၊ စစ်သားတွေ၊ ခရီးသွားမယ့်လူတွေ၊ မီးဖွားမယ့်လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါသမားတွေ ဖြစ်ပါတယ်။

သို့သော် တပ်နယ်တွေနဲ့ ဝန်ထမ်းအိမ်ရာတွေမှာတော့ ဝန်ထမ်း၊ စစ်သားအပြင် အိမ်မှာနေတဲ့ သူတို့မိသားစုဝင်တွေပါ ကြိုတင်မဲပေးရမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရန်ကုန်က လျှပ်စစ်ရုံး ဝန်ထမ်းတွေကတော့ နိုဝင်ဘာ ရ ရက်နေ့မှ မဲပေးရမယ်လို့ ပြောကြပါတယ်။ အခုထိတော့ ဘယ်ပါတီ မဲပေးရမှန်း မသိသေးဘူးတဲ့ ခင်ဗျ။ ကြံ့ဖွံ့ကို ပေးမလားမေးတော့ နိုး ပါတဲ့။ ပေးဖြစ်ခဲ့ရင် ခြသေ့င်္ကလွဲပြီး ကျန်ပါတီတွေ စဉ်းစားမယ်ဆိုပဲဗျ။ စကားစပ်လို့ မေးကြည့်ထားတာတွေပါ။

ကဲ ရွေးကောက်ပွဲ သတင်းများကတော့ ဒီလောက်ပါပဲ။
မိတ်ဆွေများ ကိုယ်ရောစိတ်ပါ ကျန်းမာ ပျော်ရွှင်ကြပါစေ။

အားလုံးကို လေးစားလျှက်…

Good Idea