ပါလာပြီးသားပါ.. ပါလာမှာလား

ဆူးNovember 7, 20101min2099

ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ ဗောဓိရိပ်ငြိမ်တောရ (မှော်ဘီ) ၏စာစုများ

ပါလာပြီးသားပါ.. ပါလာမှာလား

“နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ“

ကမ္မုနာ ဝတ္တတိ လောကော၊ ကမ္မုနာ ဝတ္တိ ပဇာ။
ကမ္မနိ ဗန္ဓနာ သတ္တာ၊ ရထဿ ဏီဝ ယာယတော။

သတ္တလောကကြီးဟာ ကံကြောင့် ဖြစ်ရတယ်။ သတ္တဝါတွေဟာလည်း ကံကြောင့် ဖြစ်နေရတယ်။ သတ္တဝါတို့ကို ကံတို့သည် သွားနေသော ရထားလှည်း နားစောင့်ကံ့သို့ ဖွဲ့ချည်ထားပါသည်။
ကုသိုလ်ကံကြောင့် ကျော်စောသတင်း ပန်းလိုသင်း ရတယ်၊ ချီးမွမ်းခံရတယ်၊ အကုသိုလ်ကံကြောင့် ဆုံးရှုံးပျက်စီးရတယ်၊ သတ်ဖြတ်ညှင့်ပန်း နှိပ်စက်ခြင်း၊ နှောင်ဖွဲ့ခြင်း ခံရတယ်။

အဝိဇ္ဇာ တဏှာမကင်းကြသေးလို့ သံသရာအတွင်း လျှောက်လှမ်းနေသမျှတော့ ကုသိုလ်၊ အကုသိုလ် ခြေလှမ်းတွေ ရောပြွမ်းနေကြရမှာ ဖြစ်တယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးရပ် ဘုံသုံးထပ်မှာ ကုသိုလ်ကံ – အကုသိုလ်ကံ တို့၏ အကြောင်း အကျိုးဆက်၍ ဆက်၍ လည်နေကြရတယ်။ မတူညီအောင် ပြုကြတဲ့ ကံအကြောင်းတွေက ဖန်တီးပေးလိုက်သော အခါ သတ္တဝါတွေဟာ ကံချင်းမတူကြ၊ အကျိုးပေးချင်းမတူကြဖြစ်ရတယ်။
သံသရာတခွင်မှာ ဘဝတွေက အလီလီ ဌာနီတွေက အမျိုးမျိုး အကျိုးပေးတွေက အဖုံဖုံစရိုက်စုံ အမိုက်စုံဘဝတွေကို ကျော်ဖြတ်ရတော့ ကောင်းကျိုးပေးမယ့် ကောင်းကံတွေကလည်း တိတ်တဆိတ် ပါလာမြဲ၊ မကောင်းကျိုးပေးမယ့် မကောင်းကံ တွေကလည်း အရိပ်သဖွယ် ပါလာမြဲ ဖြစ်တယ်။ လူသွားလေရာ အရိပ်ပါသလို သတ္တဝါတွေရဲ့ နောက်သို့ ကောင်း မကောင်း ကံတွေက ထက်ကြပ်မကွာ လိုက်နေတယ်။ လက်ရှိ ဇနီးမယား သမီးသားနှင့် စီးပွားတွေ၊ ဆွေမျိူးညာတိတွေက တစ်ဘဝသာ တွေ့နိုင်တယ်၊ ကံတရားကတော့ သင့်နောက်တကောက်ကောက် လိုက်နေပါသည်။
သင့်ရဲ့ သံသရာ ခရီးအဖော်ဟာ ကံသာဖြစ်ပါတယ်၊ ကောင်းကံပါတော့ အဖေါ်ကောင်းရတယ်၊ မကောင်းကံပါတော့ အဖေါ်မကောင်းရတယ်၊ အဖေါ်ကောင်း မကောင်းကတော့ မိမိ လုပ်ရပ်ပေါ်မူတည် နေပါတယ်။ မြတ်စွာဘုရားရှင်က သတ္တဝါတွေဟာ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိတယ်။ ကံသာလျှင် အမွေခံ ဥစ္စာရှိတယ်၊ ကံသာလျှင် အကြောင်းရင် ရှိတယ်၊ ကံသာလျှင် အဆွေခင်ပွန်းရှိတယ်၊ ကံသာလျှင် ပုန်းအောင်း လဲလျောင်းမှီခိုရာရှိတယ် ဟုဟောကြားထားပါသည်။
ဒီတော့ လက်ရှိ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်အမွေ၊ လက်ရှိအဆွေ ခင်ပွန်း သားသမီး ဇနီး၊ လက်ရှိမှီခိုရာ တွေဟာ ကိုယ်ပိုင် စစ်စစ်မဟုတ် အတုတွေသာ ဖြစ်တယ်။ အတုဆိုမှတော့ အစစ်လောက် တန်ဖိုးမရှိတတ် တစ်ပွဲတိုးမျှသာ ဖြစ်ပါတယ်။ ပွဲတိုင်းတိုးမရ ဆိုတာ ဉာဏ်မီအောင် သိပါလေ။ ဘဝသံသရာမှာ ကံလမ်းပေါ် လျှောက်နေကြတာဖြစ်တော့ ကောင်းကံရဲ့ ပို့သမှုကြောင့် လူဘဝ၊ နတ်ဘဝ၊ ကောင်းဈာန်ရဲ့ ပို့သမှုကြောင့် ဗြဟ္မာဘဝ၊ မကောင်းကံရဲ့ ပို့သမှုကြောင့် ငရဲ၊ တိရစာ္ဆန်၊ ပြိတ္တာ၊ အသူရကာယ်ဘဝတွေ ရောက်ခဲ့ကြရတယ်။ ဘဝတိုင်းမှာလည်း ကောင်းကံ မကောင်းကံတွေ အထပ်ထပ်ပြုနေလေတော့ သတ္တဝါတစ်ဦး တယောက်၏ နောက်ကွယ် ကောင်းကံ မကောင်းကံတွေ စုပုံနေတော့တာပဲ၊ အဲဒီကံတွေက တစ်ချိန်ချိန်မှာ အကျိုးပေးပါလိမ့်မယ်။
ယခုဘဝမှာ အသက်ရှည် ကျန်းမာ ကိုယ်အင်္ဂါတွေ ပြည့်စုံနေပါသော်လည်း အသက်တိုဖို့ ကံ၊ ရောဂါဖြစ်ဖို့ကံ၊ ကိုယ်အင်္ဂါချို့ယွင့်ဖို့ ကံတွေက ရှိနေမှာပါပဲ၊ အကျိုးပေးခွင့်မသာသေးလို့ အကျိုးမပေးသေးတာပဲ ရှိနေတာ၊ အခါအခွင့်သင့်လျှင် အကျိုးပေးဖို့ အရန်အသင့် စောင့်နေပါတယ်။ ဒီတော့ ယနေ့ နေရပေမယ့် မနက်ဖြန် သေနိုင်ပါတယ်၊ ယနေ့ကျန်းမာပေမယ့် မနက်ဖြန်သေနိုင်ပါတယ်။ ယနေ့ ကျန်းမာပေမယ့် မနက်ဖြန် ရောဂါဖြစ်နိုင်ပါတယ်။ ယနေ့ ကိုယ်အင်္ဂါတွေ ပြည့်စုံနေပေမယ့် မနက်ဖြန် မျက်စိကန်းခြင်း၊ နားပင်းခြင်း ခြေလက်အင်္ဂါချို့ယွင်းခြင်း စသည်များ ဖြစ်နိုင်ပါတယ်။ ယနေ့ သူဠေး ဖြစ်နေသော်လည်း မနက်ဖြန် ဆင်းရဲသား ဖြစ်သွားနိုင်တယ်။ ငါပြည်စုံချမ်းသာနေတယ်လို့ မာန်တက်မနေနဲ့၊ မကောင်းကံတွေက အကျိုးပေးဖို့ မျက်စပစ်နေတယ်။ မကောင်းကံက အကျိုးပေးသာလို့ သူတောင်းစား ဆင်းရဲသား ဖြစ်နေပေမယ့် သူချမ်းသာ တယောက်ဖြစ်သွားနိုင်တယ်။
ဘာပြုလို့လည်းဆိုတော့ သံသရာမှာ မကောင်းကံတွေချည်းပဲ ပြုတာမှ မဟုတ်ဘဲ၊ ကောင်းကံတွေ ပြုထားတာလည်း ရှိခဲ့ဖူးတယ်။ သင်ဆင်းရဲနေပေမယ့်၊ ကောင်းကံ အကျိုးပေးဖို့ စောင့်နေပါတယ်။ အကျိုးမပေးနိုင်သေးလို့သာ ရပ်ကြည့်နေရတာ ဖြစ်တယ်။ ဒီတော့ ငါဆင်းရဲတယ်ဟု စိတ်ဓါတ်ကျနေဖို့မလို၊ ကောင်းကံတွေပြုဖို့သာလိုပါတယ်။
“ကံ ထမ်းလာတာ မမြင်နိုင်ဘူး“ ဟု ရှေးဆိုရိုးစကား အရှိသားမို့ မမြင်နိုင်တဲ့ ကံများကို ကောင်းကံ ကောင်းဉာဏ်ဖြင့် ကြိုးစား နေရမှာဖြစ်ပါတယ်။ သံသရာခရီးလမ်း ကံထမ်းလျောက်နေသူတွေဟာ အတိတ်အနာဂါတ် ပစ္စုပ္ပန် ကာလတွေမှာ အကြောင်းအကျိုးဆက်နေကြပါတယ်။ ကမ္မသတ္တိ စွမ်းအား၏ တွန်းပို့သမှုကို ခံရပါတယ်။ ယခုမျက်မြင်လောကမှာ မင်းမျိုး၊ သူဠေး သူကြွယ်မျိုးတို့၌ ဖြစ်ခြင်း၊ ထိုအမျိုးတို့၌ ဖြစ်ကာမူ ချမ်းသာ ကြွယ်ဝခြင်းတို့စာ အတိတ်က ကြီးမားသော ကောင်းကံများပါလာပြီးသား ဖြစ်ပါတယ်၊ အတိတ်ကံ ကောင်းသူတို့သာ မင်းမျိုးသူကြွယ်မျိုး စသည့် ချမ်းသာမျိုးတို့ကို ရနိုင်ပါသည်။
အသက်ရှည်ခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ကိုယ်အင်္ဂါပြည့်စုံခြင်း တို့ဟာလည်း အတိတ်ကံကောင်းခြင်းတို့ ပါလာပြီးသား ဖြစ်ပါတယ်။
ထိုကောင်းကျိုး ဆိုးကျိုးတွေဟာ အတိတ်ကံပါလာပြီးသား ဖြစ်သလို ပစ္စုပ္ပန်ကံဉာဏ် ဝီရိယတွေလည်း ပါရသေးတယ်။

အာနန္ဒာ ရဲ့ ကံကြမ္မာ

သာဝတ္ထိပြည်မှာ အာနန္ဒာ သူဠေးကြီးတစ်ယောက်ရှိတယ်။ ကုဋေလေးဆယ် ကြွယ်ဝချမ်းသာတယ်။ အလွန်နှမြော ဝန်တိုတယ်။ (၁၅)ရက်တိုင်း ဆွေမျိုးတွေကို စည်းဝေးပွဲခေါ်၍ မူလ သီရိအမည်ရှိတဲ့ သားကို ဆုံးမတယ်။
ချစ်သား “ကုဋေလေးဆယ် ပစ္စည်းတွေဟာ များလှပြီဟု မှတ်မနေနဲ့ ရှိတဲ့ ပစ္စည်းတို့ကို မပေးကမ်း မလှူဒါန်းအပ်ဘူး၊ အသစ်စီးပွားတို့ကို တိုးပွားစေရတယ်။ အသပြာ တစ်ခုကို ကုန်အောင်လုပ်သူအား ဥစ္စာဟာ တဖြည်းဖြည်းကုန်တယ်။ မျက်စဉ်းသွေး ကျောက်ဟာ သွေးပါများလျှင် ကုန်တယ်။ ပိုး ရွ ချ တို့ဟာ တောင်ပို့ဖြစ်အောင် စုတယ်၊ ပျားတို့ဟာ ပျားလပို့ဖြစ်အောင် စုတယ်၊ အဲဒါကို ကြည့်၍ စီးပွားစုကာ အိမ်မှာ အုပ်ချုပ်ရတယ်“ ဟုဆုံးမတယ်။
ထိုသူဠေးကြီးက နောင်အခါ ရွှေအိုးကြီး ငါးလုံးကို သား “မူလသီရိ“ ကိုမပြောကြားဘဲ ဥစ္စာကိုမှီ၍ ဖြစ်သော နှမြော ဝန်တိုခြင်းများဖြင့် သေလွန်ခြင်းကြောင့် ထိုသာဝတ္ထိပြည်၏ တံခါးအနီးရွာ ဒွန်းစဏ္ဌားမ၏ ဝမ်း၌ ပဋိသန္ဓေတည်လေတယ်။ ပသေနဒီကောသလမင်းကြီးဟာ သူဠေးကြီးသေ၍ သား “မူလသီရိ“ ကို သူဠေးနေရာ၌ထားတယ်။ ဒွန်းစဏ္ဌားမျိုး တစ်ထောင်တို့ဟာ အတူတကွ အခစားအမှုကိုပြု၍ အသက်မွေးခြင်းကို ပြုလေရာ အာနန္ဒာ သူဠေးကြီး ပဋိသန္ဓေနေသည်မှစ၍ အခကြေးငွေ မရ၊ မျှတရုံ မျှလည်း မရ၊ လုံးဝမရကြသောကြောင့် သူတို့အထဲမှာ လူယုတ်မာ ရှိတန်ရာဟု နှစ်ဖို့ ခွဲကြတယ်။ အသီးသီး တစ်ဝက်စီခွဲရာ ထိုအာနန္ဒာသူဠေးကြီး၏ မိဘတို့ဟာ အသီးသီး အခြား သိသာ ထင်ရှားတော့၏။
ဒီတော့ အာနန္ဒာသူဠေး၏ မိခင် ဒွန်းစဏ္ဌားမကို နှင်ထုတ်ကြသဖြင့် ထွက်ခွာခဲ့ရတယ်။ ဒွန်းစဏ္ဌားမသည် မဝရေစာစား၍သာ သားကိုဖွားမြင်ရရှာတယ်။ ထိုကလေးဟာ လက်၊ ခြေ၊ မျက်စိ၊ နား၊ နှာခေါင်း၊ ခံတွင်း တို့ဟာ ရှိမြဲသောနေရာ၌ မရှိဘဲ အင်္ဂါချို့ယွင်းသဖြင့် မြေဖုတ်ဘီလူးကဲ့သို့ အဆင်းမလှ ဖြစ်ရတယ်။ မိခင်သည် ရုပ်ဆိုးတဲ့ ဒုက္ခအိုး သားလေးကို မစွန့်ပစ်နိုင်သည့် အပြင် လူစဉ်မမှီလို့ ပို၍ ချစ်နေရတယ်။ ဒါကတော့ မိခင်ရဲ့ ဖြူစင်တဲ့ မေတ္တာ သတ္တိတွေပါ။
မိခင် ဒွန်းစဏ္ဌားမသည် ထိုကလေးပွေ့ချီ၍ သွားသောနေ့တွင် ရနေကျနေရာမှာတောင် တစ်စုံတစ်ခုမှ မရ၊ ကလေးကို အိမ်မှာ ထား၍ သွားသော် ရနေကျ နေရာရတယ်။ ထိုကလေး အရွယ်ရောက် သော် ခွက်တစ်ခုပေး၍ တောင်းစားစေပါတယ်။ ထိုကလေးသည် အိမ်စဉ် အတိုင်း လှည့်လည် တောင်းသည် ရှိသော် အာနန္ဒာသူဠေးကြီး ဖြစ်စဉ် ရှေးယခင်က ဖြစ်ခဲ့ဖူးသော အိမ်သို့ရောက်သွားပြီးလျှင် ဘဝဟောင်းကို သိနိုင်စွမ်းသော ဇာတိဿရဉာဏ် ရသည်ဖြစ်၍ မိမိ အိမ်သို့ဝင်၏။
ရှေးဦးစွား တံခါးမုခ် သုံးခုစောင့်တို့၌ စောင့်သူတွေဟာ မသိလိုက်ရဘဲ လေးခုမြောက် တံခါးရောက်လျှင် “မူလသီရိ“ သူဠေး၏ သားငယ်မြင်၍ အလွန်ထိတ်လန့်ပြီး ငိုကြွေးမြည်တမ်းကုန်၏။ မူလသီရိ သူဠေး၏ အလုပ်အကျွှေး အစောင့်အရှောက်တို့သည် ရုပ်ဆိုးလှတဲ့ တောင်းစားလေးကို “ဘုန်းကျက် သရေမဲ့သော ဟယ် သူယုတ် ယခု မြန်မြန်ထွက်သွားလော့“ ဟု ရိုက်ပုတ်ထောင်းထု၍ နှင်ထုတ်ပြီး အမှိုက်စွန့်ရာ၌ ပစ်ထားကြတယ်။
မြတ်စွာဘုရား နောက်မှလိုက်လျက် အရှင် အာနန္ဒာမထေရ် သည် ဆွမ်းခံလှည့်လည်သည်ရှိသော် ထိုအရပ်သို့ ရောက်တော်မူလျှင် အရှင် အာနန္ဒာမထေရ်ကို ထိုအကြောင်းကို မိန့်တော်မူ သဖြင့် အရှင် အာနန္ဒာမထေရ်က မူလသီရိ သူဠေးကို ခေါ်၏။ လူအပေါင်းတို့လည်း စည်းဝေးလိုက်လာကြကုန်၏။
မြတ်စွာဘုရားသည် မူလသီရိ သူဠေးကို ခေါ်တော်မူ၍ “ဤသူငယ်ကို သိပါ၏လော“ ဟုမေးတော်မူ သဖြင့် “မသိပါဘုရား“ ဟုလျှောက်ထားသည် ရှိသော် “အသင်ဖခင် အာနန္ဒာ သူဠေးကြီး ပေတည်း“ ဟု မိန့်တော်မူသဖြင့် မူလသီရိက မယုံကြည့်သဖြင့် “အာနန္ဒာ သူဠေးကြီး သင်၏ သားအား ငါးလုံးသော ရွှေအိုးကြီးကို ပြောပြလော့“ ဟု ဘုရားရှင်က မိန့်တော်မူသဖြင့် ယုံကြည်လေတော့သည်။ ထိုမူလသီရိ သူဠေးသည် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်လေ၏။ ထိုနောက် မြတ်စွာဘုရားသည် ဆက်၍ တရားဟောတော်မူလေသည်။

အားကိုးမရှိ

ပုတ္တာ မတ္ထိ ဓန မတ္ထိ၊
ဣတိ ဗာလော ဝိဟညတိ။
အတ္ထာ ဟိ အတ္တနော နတ္ထိ၊
ကုတော ပုတ္တာ ကုတော ဓနံ။

မေ – ငါ့အား
ပုတ္တာ – ချစ်ခင်ပွားစီး သားသမီးတို့သည်
အတ္ထိသန္တိ – ရှိကုန်သေး၏
မေ – ငါ့အား
ဓနံ – ရွှေငွေစသား ပစ္စည်း ဥစ္စာများသည်
အတ္ထိ – ရှိချေ၏
ဣတိ – ဤသို့
မာလော – အနိစ္စလက္ခဏာကို ကောင်းစွာမထင် မမြင်စိုက်စိုက် ပုထုဇဉ် လူမိုက်သည်
ဝိဟညတိ – သမုဒယနှောင်အိမ် သောကရှိန်ကြောင့် စိုးရိမ်ပင်ပန်းရ၏
တထာပိ – ထိုငါ၏ ဥစ္စာ သားပါ သမီး ပျက်စီးချေရာ စိတ်မှာ ညှိုးနွမ်း မလှူဒါန်းနိုင်အောင် ပင်ပန်း၍ နေသေးသော်လည်း
အတ္တနော – သေရာညောင်စောင်း တပျောင်းခွေခွေ ရောဂါတွေ့သော မိမိအား
အတ္တာပိ – ယူငင်စရာ ကိုယ်ခန္ဓာမျှလည်း
နတ္ထိ – မရှိတော့ချေပြီ
ပုတ္တာ – ချစ်ခင်ပွားစွး သားသမီးတို့မူ
ကုတော အတ္တိ- အဘယ်မှာ ရှိပါတော့ အံ့နည်း

ဒေသနာတော်၏ အဆုံးမှာ သတ္တဝါတွေ သစ္စာတရားထူးကို သိမြင်ကြပြီး အကျိုးရှိသော ဒေသနာတော်ဖြစ်တော်မူတယ်။
အာနန္ဒာ သူဠေးကြီးဟာ အတိတ်ကံ အကြောင်းဖန်၍ သူဠေးကြီး ဘဝဖြစ်ခဲ့ရတယ်။ ရလာတဲ့ ပစ္စည်း ဥစ္စာတွေကို မြတ်နိုးရုံမျှမက စွဲလန်းလေတော့ မပေးရက် မလှူရက် ဖြစ်ခဲ့ပြီး သူဠေးကြီးဘဝမှ ပြောင်းသွား သောအခါ ဒုတိယ ဘဝမှာ သူတောင်းစား ဖြစ်ရတယ်။ သူတောင်းစား ဖြစ်တာတောင် တောင်းမရတဲ့ သူတောင်းစား ဖြစ်ရတယ်။
ဒီပစ္စည်းတွေဟာ တမလွန်ဘဝသို့ ယူသွားလို့မရသည့် အပြင် ဖြစ်ရာဘဝမှာ တောင်းစားရင်း ကိုယ်ပိုင်တဲ့ အိမ်ရောက်တော့ သူယုတ်မာလို့ အပြောခံရပြီး ရိုက်ပုတ်ခြင်းတောင် ခံရတယ်။ ထို့ကြောင့် ဘဝ သံသရာတွင် လက်ရှိ ပစ္စည်း ယူသွားလို့မရ၊ ကုသိုလ်ကံ အကုသိုလ်ကံ တွေသာ ပါမှာ သေချာတယ်။

* ကောင်းတဲ့ ဘဝ ကောင်းတဲ့ သုခတွေ တွေ့ချင်လျှင် ကောင်းကံတွေပြုပါ။

အာဂန္တုရဲ့ ကံကြမ္မာစု

မြတ်စွာဘုရားလက်ထပ်တော် အခါက သာဝတ္တိပြည်မှာ အာဂန္တုက သူဠေးကြီး တစ်ယောက် ရှိခဲ့တယ်။ သူဟာ အတိတ်က သူဠေးကြီး ဖြစ်ဖို့ရန် ကောင်းမှုကံတွေ ပါလာပြီးသား သူဖြစ်တယ်။ ကောင်းမှုကံ ပါလာတော့လည်း သူဠေးဖြစ်လာရတယ်။ အာဂန္တုက သူဠေးကြီး အတိတ်ကံပါလာပြီးသား သူဖြစ်သော်လည်း မွန်မြတ်တဲ့ ပစ္စည်းဆိုလို့ ဘာမှ တစ်ခုမျှ မသုံးဆောင်နိုင်ဘူး။ စားတဲ့ ထမင်းကလည်း ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းချည်းပဲ၊ ဝတ်တဲ့ အဝတ်ကလည်း အဝတ်အဟောင်း အနွမ်းမကောင်းတဲ့ အဝတ်၊ စီးတဲ့ ယာဉ်ကလည်း ရထားအို ရထားဆွေး၊ ဆောင်းတဲ့ ထီးကလည်း သစ်ရွက်ထီးလေးတဲ့၊ ဒါကလည်း အတိတ်ကံ ပါလာပြီးသား ဖြစ်ပါတယ်။
ဒီသူဠေးကြီးဟာ သဒ္ဒါကလည်း မွဲလိုက်တာ၊ ကောင်းမှုဆိုလို့ ဘာတစ်ခုမျှ မပြူဘူးတဲ့ အမွေဆက်ခံဖို့ရာ သားသမီးလည်း တစ်ယောက်မှ မရှိဘူး။ အတိတ်ကံ ပါလာပြီးသားဖြစ်သူမို့ ချမ်းသာပေမယ့် အခြွေအရံကင်းပါတယ်။ ဒါကလည်း သူအကုသိုလ်ကံ ပါလာပြီးသား ဖြစ်ပါတယ်။ သူပါလာတဲ့ အကုသိုလ်ကံကြောင့် ဆန်ကွဲထမင်း၊ ကြမ်းတမ်းတဲ့ အဝတ်၊ ရထားအို၊ သစ်ရွက်ထီး တို့ကိုသာ သုံးဆောင်လိုတယ်၊ ကောင်းတာမှန်သမျှ မသုံးလိုဘူးဖြစ်တယ်။ ထိုအာဂန္တုက သူဠေးကြီးဟာ အသက်ထင်ရှား ရှိနေစဉ်ကာလမှာ ဒါနစသော ကောင်းမှုတို့ကို ဘာတစ်ခုမျှ မပြုမှု၍ သေခဲ့ရတယ်။
ကောသလမင်းကြီးက သေလွန်သောအခါ အမွေဆက် အမွေခံ မရှိတဲ့ အတွက် အာဂန္တုက သူဠေးကြီး၏ ကျန်ပစ္စည်းဥစ္စာ ရတနာတွေကို မင်းဘဏ္ဌာတော်အဖြစ် သိမ်းယူပြီး သယ်ဆောင်ရာ ခုနစ်ရက်တိုင်တိုင် သယ်ဆောင်ခဲ့ရပါတယ်။ ထိုနောက်တွင် ကောသလမင်းကြီးဟာ မြတ်စွာဘုရား အထံတော်သို့ ချည်းကပ်တယ်။
မြတ်စွာဘုရားက.. “မြတ်သော ဒကာတော် မင်းကြီး နေမွန်းတည့် အချိန်အခါမှာ.. ဘယ်အရပ်မှာ လာခဲ့ပါသလဲ“ ဟု မိန့်တော်မူပါတယ်။
ကောသလမင်းကြီးက
“မြတ်စွာဘုရား သာဝတ္တိပြည်မှာ အာဂန္တုက သူဠေးကြီး ကွယ်လွန်လို့ အမွေ ဆက်ခံ အမွေခံ မရှိတဲ့ ပစ္စည်းဥစ္စာ ရတနာတွေကို မင်းဘဏ္ဌာတော် အဖြစ်သိမ်းယူပြီး လာခဲ့ပါတယ် ဘုရား“
“မြတ်စွာဘုရား၊ အာဂန္တူက သူဠေးကြီးဟာ အလွန်များပြားတဲ့ ပစ္စည်းဥစ္စာများကို ရရှိပိုင်ဆိုင်ထားသော်လည်း မွန်မြတ်တဲ့ ပစ္စည်းဥစ္စာဆိုလို့ ဘာတစ်ခုမျှမသုံးဆောင်ဘူး။ ဆန်ကွဲထမင်းနှင့် ပုန်းရည်ဟင်းကိုသာ စားတယ်။ ပိုက်ဆံလျော့ အဝတ်သာ ဝတ်တယ်။ ရထားအို ရထားဆွေးကိုသာ စီးတယ်။ သစ်ရွက်ထီးကိုသာ ဆောင်းတယ်။ သဒ္ဒါတရားကလည်း မွဲလိုက်တာ ဘယ်သူ့ကိုမျှလည်း မပေးကမ်း မလှူဒါန်းဘူး ဘုရား“
“ဒီလောက် နှမြောစေးနှဲ သဒ္ဒါမွဲတဲ့သူ တစ်ယောက်ဖြစ်ပါလျက် အဘယ်ကောင်းမှုကြောင့် အလွန်များပြားတဲ့ ဥစ္စာရတနာတွေကို ရရှိထားပါသလဲ ဘုရား“
“အဘယ်မကောင်းမှုကြောင့် ရရှိထားတဲ့ ပစ္စည်းဥစ္စာ ရတနာတွေကို မွန်မွန်မြတ်မြတ် သုံးဆောင်ခံစား လိုစိတ် မရှိပါသလဲ ဘုရား“
“အဘယ်မကောင်းမှုကြောင့် အမွေဆက် အမွေခံ သားသမီး ရတနာများ မထွန်းကားပါသလဲ ဘုရား“ ဟု မင်းကြီးကလျောက်ထားပါတယ်။

အတိတ်မှ အရိပ်

ဒါယကာ မင်းကြီး
ယင်း ပစ္စည်းပေါများခြင်း၊ မွန်မွန်မြတ်မြတ် မသုံးဆောင်လိုခြင်း၊ သားသမီး မထွန်းကားခြင်းတို့၏ အကြောင်းတို့ကိုလည်း အာဂန္တုက သူဠေးကြီးပဲ ပြုလုပ်ခဲ့တာဖြစ်တယ်။
ဒါယကာ မင်းကြီး
အာဂန္တုက သူဠေးကြီးဟာ လွန်လေပြီးသော ကာလက ဗာရဏသီပြည်မှာ သူဠေးကြီး ဖြစ်ဖူးတယ်။ တစ်နေ့သော အခါ တဂ္ဂရသိခီ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်ဟာ ဂန္ဓမာဒနတောင်မှ အဘိဉာဉ်စီးကာ ကောင်းကင် ခရီးဖြင့် ကြွလာပြီး ဗာရဏသီမြို့ တံခါးမှ ဆင်းသက်၍ ဗာရာဏသီ မြို့ထဲသို့ ဆွမ်းခံ လှည့်လည်ရာ သူဠေးကြီး အိမ်တံခါးသို့ ရောက်ခဲ့တယ်။ ထိုနေ့မှာတော့ သူဠေးကြီးလည်း စောစော စီးစီး မွန်မြတ်တဲ့ ဘောဇဉ်များကို သုံးဆောင်ပြီး အိမ်တံခါးမုခ်မှာ ထိုင်ပြီး သွားကြားများကို သန့်ရှင်းရေး ပြုလုပ်နေတယ်။ သူဠေးကြီးက ပစ္စေကဗုဒ္ဓါ ကိုမြင်လျှင် ပေးလှူချင်စိတ် ဖြစ်ပေါ်လာပြီး မယားကိုခေါ်ကာ “ရှင်မ ဤရဟန်းအား ဆွမ်းလှူလိုက်ကြပါ“ ဟု မပြောစဖူး ပြောကြားပြီး မင်းအား ခစားရန် ထွက်ခွာပြီး သွားတယ်။
သူဠေးကတော်ကြီးလည်း “ငါဟာ သူဠေးကြီးနဲ့ အတူနေလာတာ ကြာပြီ လှူဒါန်းပါဆိုတဲ့ စကားမျိုး ကို မကြားရဖူးဘူး။“ သဒ္ဒါတရားရှိပြီးသား ဖြစ်သော သူဠေးကတော်ဟာ လွန်စွာ ဝမ်းမြောက်ဖြစ်ပြီး ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူ၍ အလွန်မွန်မြတ်လှစွာသော ဆွမ်းဘောဇဉ်တို့ကို သပိတ်ပြည့်အောင် လောင်းလှူပူဇော်ပြီး သပိတ်ကို ကပ်ပါသည်။
ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်သည် သပိတ်ကို ပိုက်၍ ခေါင်းငိုက်စိုက်ဖြင့် ပြန်ကြွလာတာကို ခရီးလမ်း အကြားတွင် သူဠေးကြီး အပြန်အလာနှင့် တွေ့ဆုံလေရာ “အရှင်ဘုရား အိမ်မှာ ဆွမ်း အလှူခိုင်းခဲ့တာ ဆွမ်းရခဲ့ ပါ၏လော“ ဟုပြောပြောဆိုဆို သပိတ်ကို ယူငင်၍ ဖွင့်လှစ်ကြည့်တယ်။
သူဠေးကြီးဟာ မွန်မြတ်တဲ့ ဆွမ်းအပြည့်ရှိသော သပိတ်ကို ကြည့်ရှုပြီး စိတ်ကြည့်လင်စေခြင်ငှာ မစွမ်းနိုင်တော့ဘူး။ ယခင်က ဆွမ်းလောင်းလိုက်ပါဟု ပြောစဉ်က ဖြစ်သော သဒ္ဒါသည် ဖြစ်ခဲ့ သော်လည်း မွန်မြတ်တဲ့ ဆွမ်းကို မြင်တွေ့ရသော အခါ စိတ်နှလုံး မသာမယာမှု ဖြစ်တယ်။ သဒ္ဒါဖြစ်ရမည့် အစား မစ္ဆေရပွားသွားလေတယ်။
“ငါသည် ဤထမင်းကို ကျွန်တို့ကိုလည်းကောင်း၊ အမှုလုပ်တို့ကို လည်းကောင်း ကျွေးမွေးသည် ရှိသော် ထိုထမင်းကို စား၍ ငါ၏ အမှုကြီးငယ် အခက်အခဲတွေကို ပြုလုပ်နိုင်ပါလိမ့်မယ် ယခုတော့ ငါဟာ ရှုံးလေစွ တကား“ ဟု လှူပြီးနောက် အပရ စေတနာ ပြည့်စုံစွာ ပြုခြင်းငှာ မတတ်နိုင်တော့ဘူး။
အလှူပေးတဲ့အခါမှာ စေတနာ သုံးပါးညီညွတ်မှ ကြီးကျယ်မွန်မြတ် အကျိုးကြီးမားပါတယ်။ အလှူကို မလှူမီ ရှေး၌ကောင်းသော စိတ်ရှိသည်ဖြစ်၍ လှူရာ၏။ လှူစဉ် စိတ်ကိုကြည်ညိုခြင်း ဖြစ်စေရာ၏။ လှူပြီး၍ လည်း ဝမ်းမြောင်ခြင်း ကို ဖြစ်စေရာ၏။ အလှူဆိုရင် အင်္ဂါသုံးပါး ညီမှ အကျိုးပေးကောင်းမွန်ပါတယ်။
ရဟန်းတို့အား အမြင်မှား
အယံ ပန ဂန႖ာ ဘုဉ္ဇိတွာ နိဒ္ဒါယိဿတိ၊ နဠော မေ သော ပဏ္ဌိ ပါတော။
ဤရဟန်းသည်ကား မိမိနေရာသို့ သွားရောက်၍ မွန်မြတ်သော ဆွမ်းဘောဇဉ်ကို စားသုံးပြီးလျှင် အိပ်ပဲ နေလိမ့်မည်။ ငါ၏ထိုပေးလှူလိုက်တဲ့ ဆွမ်းဟာ ပျက်စီးလေစွတကား ဟု နှလုံးမသာမယာ ဖြစ်တယ်။
“မင်းကြီး အာဂန္တုက သူဠေးကြီးဟာ ပစ္စေကဗုဒ္ဓါအား လှုခြင်းကြောင့် ပစ္စည်းဥစ္စာချမ်းသာ ကြွယ်ဝဖို့ အတိတ်ကံ ပါလာပြီးသားပါ။ ပစ္စေကဗုဒ္ဓါအား လှူဒါန်ူပြီးနောက် အပရစေတနာ ပျက်ခဲ့ခြင်းကြောင့် မွန်မွန်မြတ်မြတ် စည်းစိမ်ကို မသုံးဆောင်နိုင်ဒ ဟုဟော်တော်မူတယ်။
ထိုသူဠေးကြီး တွေးတောသလို အသောက မင်းကြီး၏ ညီတော် တိဿကုမာရ မင်းသားလည်း ပြောခဲ့ဖူးတယ်။ အသောကမင်းကြီးဟာ နိဂြောဓသာမဏေ၏ ဟောပြောမှုကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ပြီး အသောကာရာမကျောင်းကြီး ဆောက်လုပ်လှူဒါန်းလျက် ရဟန်းတော် ခြောက်သောင်းတို့ကို နေ့စဉ် ဆွမ်းဝတ်ပြု လှူဒါန်းခဲ့ပါတယ်။
သို့သော်လည်း ညီတော် အိမ်ရှေ့မင်းသာ “တိဿကုမာရ“ ဟာ သာသနာတော်ကို လေးစား ကြည့်ညိုခြင်း မရှိသေး။ တောထဲမှာ လွတ်လပ်စွာ စားသောက်ပြီး တာဝန်မဲ့ ပျော်ရွှင်မြူးထူး ပြေးလွှားနေတဲ့ သမင်တွေကဲ့သို့ ရဟန်းတော်များကိုလည်း မင်းနန်းတော်က လှူဒါန်းမွန်မြတ်တဲ့ ဆွမ်းဘောဇဉ်တို့ကို စားသုံးပြီး အိပ်ရာကောင်းတို့၌ အိပ်ခါပျော်မြူးနေကြတယ်ဟု အထင်ရောက်၍ ဒီအကြောင်းကို နောင်တော် အသောကမင်းကို အတိအလင်း ပြောကြားမိတယ်။
ဒီစကားကြားရတော့ မင်းကြီး စိတ်မကောင်းဖြစ်သည်နှင့် တစ်နေ့မှာတော့ ဥပါယ်တံမျဉ်ဖြင့် စိတ်ဆိုးဟန်ပြုလျက် “ညီမောင် တိဿ ယနေ့မှ စ၍ ခုနစ်ရက် မင်းပြုရမယ် ခုနစ်ရက် စေ့လျှင် သင့်ကို သတ်မည်“ ဟု အမိန့်ရှိလိုက်လျှင် ညီတော်သည် မင်းစည်းစိမ်ကို ခံစားရသော်လည်း မစားနိုင် မအိပ်နိုင် တမှိုင်မှိုင်တတွေတွေဖြင့် ပိန်ချုံး၍ ကြောက်လန့်နေတယ်။
ခုနစ်ရက်စေ့လျှင် မင်း၏ ရှေ့တော်ခေါ်၍ မေးသောအခါ “သေရမည့်ဘေး တွေးကြောက် သောကြောင့် ညိုးျနွမ်း ပိန်ချုံး၍ နေပါကြောင်း“ သံတော်ဦး တင်လေတယ်။ “ညီတော် သင်သည် ပင်လျှင် သေရမည့် နေ့ရက်ကို သိမြင်ပါက မပျော်ရွှင်နိုင်ဘဲ ရှိရသေးလျှင် အရှင်သူမြတ်မှာ အာနာပါနနှင့် စပ်သော သေခြင်း တရားကို အမြဲရှုပွားနေသည် ဖြစ်၍ စားကာ အိပ်ကာ အဘယ်မှာ လျှင် တာဝန်မဲ့ ပျော်ရွှင်နေနိုင်မှာလဲ“ ဟုညီတော်ကို လက်တွေ့ပြ၍ ဆုံးမတော်မူလိုက်ရာ သာသနာတော်၌ သက်ဝင် ယုံကြည်ပြီး နောက်ပိုင်းတွင် တိဿကုမာရ ဟာ ရဟန်းပြုသွားခဲ့ပါတယ်။
ဒီတော့ ရဟန်းတို့ဟာ ဒကာ ဒကာမ တို့၏ ဆွမ်းကို စားပြီး စားလိုက် အိပ်လိုက် ပျော်ရွှင်လိုက်နေတော်မူကြသည် မဟုတ်၊ ကိုယ်အတွက်နှင့် အများအတွက် အလုပ်လုပ်နေကြပါသည်။ ဒကာ ဒကာမ တို့ကိုလည်း မေတ္တာပွားနေရပါတယ်။ ကိုယ်လိုက်နာရမည့် စည်းကမ်းများကိုလည်း လိုက်နာရပါတယ်။ ကိုယ်တရားကိုယ်ရှုပွားနေရတယ်။ ဒကာ ဒကာမများတို့ သဒ္ဒါပွား၍ နိဗ္ဗာန် သွားမည့် လုပ်ငန်းစဉ်တွေလည်း ညွန်ကြား နေရပါတယ်။
“မြတ်စွာဘုရား သားသမီး အခြွေအရံကို အဘယ်ကြောင့် မရပါသလဲ ဘုရား“ ဟု လျှောက်သော် “သား မရခြင်း၏ အကြောင်းလည်း ထိုသူပင် ပြုခဲ့ဘူးတယ်“ ဟု မိန့်တော်မူ၍ ကောသလမင်းကြီး တောင်းပန်အပ်သဖြင့် အတိတ်ဆောင် ဟောတော်မူပါတယ်။
အစ်ကိုရဲ့သား သတ်ခဲ့
လွန်လေပြီးသော အခါက ဘုရားလောင်းသည် ဗာရဏသီမှာ ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဠေးမျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ မိဘတို့ ကွယ်လွန်သဖြင့် ညီကို ထောက်ပံ့တယ် အိမ်တံခါး၌ အလှူ မဏ္ဌပ် ဆောက်၍အလှူပေးတယ်။
ဘုရားအလောင်းဟာ သားတစ်ယောက်ရ၍ သွားနိုင်သောအခါ ကာမဂုဏ်တို့၏အဖြစ်ကို လည်းကောင်း တောထွက်ခြင်း၏ အကျိုးကိုလည်းကောင်းမြင်၍ သားမယားနှင့် ပစ္စည်းတို့ကို ညီအား ပေး၍ “မမေ့မလျော့ အလှူကို ဖြစ်စေလော့“ ဟုဆုံးမ၍ ရသေ့ ရဟန်းပြုတယ်၊ ဈာန်အဘိဉာဉ် သမာပတ်တို့ကို ရပြီး ဟိမဝနာ္တတောင်တွင် နေပါတယ်။ ဘုရားလောင်း၏ ညီတော်လည်း သားတစ်ယောက် ရသည်ဖြစ်၍ သားကြီးကိုမြင်လျှင် “အစ်ကိုသား ရှိနေပါက ပစ္စည်းဥစ္စာနှစ်ခု ခွဲပေးရလိမ့်မယ်။ ဒီတော့ အစ်ကို့သားကို သတ်အံ့“ ဟုကြံပြီး ရေနစ်သတ်ခဲ့တယ်။
အစ်ကို မယားက “ငါ့သားဘယ်မှာလဲ“ ဟုမေးတော့ မြစ်ထဲမှာ ရေကစားနေ၍ သူငယ်ကိုရှာသော် မမြင် ဟုဆိုတယ်။ အစ်ကိုမယားလည်း ငိုကြွှေးမြည်တမ်းကာ ဆိတ်ဆိတ်နေတော့တယ်။ ဘုရားအလောင်းသည် ထိုအကြောင်းကိုသိ၍ “ဤအမှုကို ထင်စွာပြုအံ့“ ဟု ကောင်းကင်ခရီးဖြင့် လာ၍ ဗာရဏသီပြည်၌ သက်ဆင်းကာ သင်္ကန်းကိုကောင်းစွာရုံပြီး ထိုသူဠေးအိမ်တံခါး၌ ရပ်၍ အလှူမဏ္ဌပ်ကို မတွေ့မြင်လျှင် “ဤသူယုတ်သည် အလှူမဏ္ဌပ်ကိုလည်း ဖျက်ဆီး၏“ ဟုကြံမိလေတယ်။
ညီသည်လည်း ဘုရားလောင်း ကြွလာသည့် အဖြစ်ကို သိ၍ ဘုရားလောင်းထံလာပြီး ရှိခိုးကာ ပြဿဒ် ပေါ်သို့တင်လျှင် ကောင်းစွာ ဆွမ်းဘောဇဉ်ကို လုပ်ကျွေးတယ်။ ဘုရားလောင်းသည် ဆွမ်းစားပြီး သောအခါ ချမ်းသာစွာ စကားပြောဆိုနေလျှက် “သူငယ်မတွေ့ပါလား ဘယ်များ သွားနေပါသလဲ“ ဟုမေးသော် “အရှင်ဘုရား သေသွားပြီ ဘုရား“ ဟုဆိုရာ “အဘယ်ကြောင့် သေသနည်း“ ဟုမေးပြန်ရာ “ရေကစားရာတွင် ရေနစ်၍ သေတယ်။“ ဟုဆိုတယ်။
“ယုတ်မာတဲ့ ယောင်္ကျား၊ သင်ပြုအပ်သော အမှုကို ငါမသိဟုထင်သလား။ သင်သည် ဥစ္စာဟူသော အကြောင်းကြောင့် သူငယ်ကို သတ်သည် မဟုတ်လော၊ သင်ဟာ ရန်သူမျိုးငါးပါးတို့ဖြင့် ဖျက်ဆီးအပ်သော ဥစ္စာကို စောင့်ရှောက်နိုင်မည်လော့ မယှကငှက်၏ အဖြစ်နှင့် သင်ဟာ မထူးပါဘူး“ ဟုဆိုကာ တရားဟော တော်မူပါတယ်။
မယှကငှက်
တောတောင်ချောက်ကြား၌ ကျက်စားလေ့ရှိသော “မယှက“ မည်သော ငှက်ဟာ မှည့်နေသော ညောင်ကြပ်ပင်မှာ ခိုနားလျက် “မယှံ မယှနိ္တ“ “ငါ့ဥစ္စာ ငါ့ဥစ္စာ“ ဟူ၍ မြည်တွန်နေတယ်။ မယှက ငှက်မြည်တမ်း နေစဉ်မှာပင် အခြားငှက်တွေဟာ ရောက်လာကြပြီး ညောင်ကြပ်သီးတို့ကို စားသုံး၍ ပျံသန်း သွားကြတယ်။ မယှငှက်ကတော့ “ငါ့ဥစ္စာ ငါ့ဥစ္စာ“ ဟု မြည်တမ်းနေဆဲသာ။
ဤအတူသာ ဤလူ့ပြည်လောကမှာ အချို့သူတွေဟာလည်း များစွာသော ပစ္စည်းဥစ္စာတွေကို စုရုံးထားပြီး မိမိအကျိုးအတွက်လည်း မဖြစ် ဆွေမျိုးတို့ကိုခွဲဝေ မပေးဘူး။
ထိုသူဟာ အဝတ်ဟောင်းကိုလည်း မသုံးဆောင် ပန်းနံ့သာကိုလည်း မသုံးဆောင် ဘာတစ်ခုကိုမျှလည်း မသုံးဆောင် ဆွေမျိုးတွေကိုလည်း မထောက်ပံ့ နေတယ်။ ဤသို့ ပစ္စည်းဥစ္စာများကို “ငါ့ဥစ္စာ ငါ့ဥစ္စာ“ ဟူ၍သာ မြည်တမ်းလျှက်နေသော သူ၏ ဥစ္စာပစ္စည်းများကို ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သော အမွေခံဆိုးတို့က ယူဆောင်သွား ကြတယ်။ ပျက်စီးကုန်တယ်။ ထိုပိုင်ရှင်ကတော့ “ငါ့ဥစ္စာ ငါ့ဥစ္စာ“ ဟူ၍သာ မြည်တမ်းပြောဆို လျက်သာ ဖြစ်တယ်။ ပစ္စည်းတွေ ကုန်သော်လည်း မယှကငှက် ကဲ့သို့ ငါ့ပစ္စည်း ငါ့ပစ္စည်း ဟု အစွဲကြီး နေကာမူ အချည်းအနှီးမျှသာ နောက်ဘဝမှာလည်း ပစ္စည်းစွဲတော့ ပစ္စည်းပြိတ္တာ သေချာပါတယ်။ ပစ္စည်းကား ပါသွားမည်မဟုတ်ပါချေ။
ပညာရှိသူဖြစ်ပါက ပစ္စည်းတို့ကိုရသော် ဆွေမျိုးတို့ကို ထောက်ပံ့ခြင်း၊ အလှူဒါနပြုခြင်း စသော ကောင်းမှုပြုခြင်းကြောင့် ကျော်စောခြင်းနှင့် တမလွန်ဘဝမှာလည်း လူနတ်ချမ်းသာ ရောက်ရပါတယ်။
ဤသို့လျှင် ဘုရားလောင်းက ညီသူဠေးအား တရားဟော၍ အလှူကို အရင် အတိုင်း လှူစေပြီး ဟိမဝနာ္တသို့ ကြွသွားတော်မူတယ်။
မြတ်စွာဘုရားသည် “ဒါယကာ ကောသလမင်းကြီး အာဂန္တုက သူဠေးကြီးဟာ အစ်ကို၏ သားကို ပစ္စည်းဥစ္စာဟူသော အကြောင်းကြောင့် သတ်ခဲ့ဖူးတဲ့ မကောင်းမှုကံကြောင့် နှစ်ပေါင်းများစွာ ငရဲမှာကျရပြီး ထိုကံ၏ အကျိုးအကြွင်းဖြင့် အမွေဆက် အမွေခံ သားသမီး မထွန်းကားရဘဲ ပစ္စည်းဥစ္စာရတနာတို့ကို ခုနစ်ကြိမ် တိုင်တိုင် မင်းဘဏ္ဌာ အဖြစ်သိမ်းယူခြင်း ခံခဲ့ရပါတယ်“ ဟုဟောတော်မူပါတယ်။
“ဒါယကာမင်းကြီး အာဂန္တုက သူဠေးကြီးဟာ တဂ္ဂရသိခီ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်အား ဆွမ်းလှူခဲ့ ဖူးတဲ့ ကောင်းမှုကံ အဟောင်းကလည်း ကုန်ခဲ့ပြီ။ အသစ်ဖြစ်တဲ့ ကောင်းမှုကံ ကိုလည်း ထပ်၍ မဆည်းပူး မပြုလုပ်ခဲ့ခြင်းကြောင့် ယခု မဟာရောရုဝငရဲမှာ ကျရပါတယ်“ ဟုဟောတော်မူပါတယ်။
“အကြင်စပါး အမျိုးမျိုး သက်ရှိသက်မဲ့ အမျိုးမျိုး ရွှေ ငွေ အမျိုးမျိုး ရှာဖွေထားသော ပစ္စည်းဥစ္စာ အမျိုးမျိုး ကြေးကျွန် အလုပ်သမား အစေအပါး တို့ဟာ ရှေးကံ အားလျော်စွာ ရရှိကြပါတယ်“ “ထိုပစ္စည်း တွေဟာ “ငါပိုင် ဥစ္စာတွေ“ ဟူ၍ တမလွန်သို့ ယူဆောင်၍ မသွားနိုင် အားလုံး အကုန်ထားခဲ့ကြရပြီး တမလွန်သို့ သွားကြရတယ်။ ကိုယ်ပြုတဲ့ ကာယကံ ဝစီကံ မနောကံ ဆိုတဲ့ ကောင်းမှု မကောင်းမှုကံ အစုတွေသာ “သွားလေရာ အရိပ်ပါသို့“ တမလွန်ဘဝသို့ အစဉ်တစိုက် လိုက်ပါတယ်။“
“ထိုကြောင့် ရောက်လေရာဘဝ ချမ်းသာများပြား အကျိုးစီးပွားကို ဆောင်တတ်သော ကောင်းမှုကံ တို့ကိုသာ ကြိုးစားပြုရာ၏ သတ္တဝါတို့၏ အားကိုးမှီခိုရာ ကျွန်းကြီးပမာဖြစ်၏“ ဟု ဟောကြားပါတယ်။
မင်းကြီးသည် မြတ်စွာဘုရား တရားတော်ကို နာကြားရသော် “မြတ်စွာဘုရား “မကောင်းမှုကံသည် ဝန်လေးပေစွ တကား“ ဤမျှ ချမ်းသာ ကြွယ်ဝပါလျှက် ကိုယ်တိုင်လည်း မသုံးဆောင်နိုင် မြတ်စွာဘုရား အနီးအနားမှာ အထူးအဦး နေရပါလျှက် ကုသိုလ်ကောင်းမှု အထူးကို မပြုလုပ်“ ဟုလျှောက်ထား၏
မြတ်စွာဘုရားက “ဒကာတော် မင်းကြီး မှန်၏ ပညာကင်းသူ တို့ဟာ ပစ္စည်းချမ်းသာ ရှိပါလျက် နိဗ္ဗာန်ကို မရှာမှီးကြကုန်၊ ပစ္စည်းဥစ္စာကို မှီ၍ ဖြစ်သော တဏှာက ထိုသူတို့ကို သံသရာ တစ်လျောက်လုံး အပါယ်ငင်ဆွဲ ညှဉ်းဆဲသတ်ဖြတ်သည်သာ“ ဟု မိန့်တော်မူပြီး ဤဂါထာကို ဟောတော်မူပါတယ်။
ပစ္စည်းဆိုတာ ပျက်စီးတတ်တယ်

ဟနနိ္တ ဘောဂါ ဒုမ္မေဓံ၊
နောစ ပါရဂဝေ သိနော။
ဘောဂ တဏှာယ ဒုမ္မေဓော၊
ဟနိ္တ အညေဝ အတ္တနန္တိ။

ဘောဂါ – လောကီရိပ်ငြိမ် စည်းစိမ်ဥစ္စာတို့သည်
ဒုမ္မေဓံ – သိမြင်ယွင်းနဲ့ ပညာမဲ့သူကို
ဟနန္တိ – အပါယ်ချဆွဲ ညှဉ်းဆဲ သတ်ဖြတ်ကုန်၏
ပါရဂဝေသိနော် – နိဗ္ဗာန်စခန်းဟိုမှာဘက်ကမ်းသို့ ကူးသန်းရောက်နည်း ရှာမှီးလေ့ရှိကုန်သော သူတို့ကို
နောစဟနန္တိ – မညှဉ်းဆဲ မသတ်ဖြတ်နိုင်ကုန်
ဒုမ္မေဓော – ရှေ့နောက် နှစ်ပြင် ဆင်ခြင်မဲ့လျှင်း ပညာကင်းသောသူသည်
ဘောဂတဏှာယ – စည်းစိမ်ဥစ္စာ ပြင်းပြစွာ ငမ်းငမ်းစွဲလမ်း တပ်မက်သော တဏှာဖြင့်
အညေ – မိမိမှ တစ်ပါးသော သူတို့ကို
ဟနန္တိဣဝ – သနားမဖက် ရက်စက်ကြေကွဲ ညှဉ်းဆဲ သတ်ဖြတ် သကဲ့သို့
အတ္တနံ – မိမိကိုယ်ကို
ဟန္တိ – အပါယ်ချဆွဲ ညှဉ်းဆဲ သတ်ဖြတ်၏

ဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့သည်သောတာပန် စသည်တို့ကို ရောက်ကုန်ပါတယ်။ သံသရာခရီးလမ်းကိုလျှောက်လှမ်းနေကြသော သတ္တဝါတွေဟာ အကြောင်းကံတရား နှင့် အကျိုးဝိပေါက်တရား တို့ဖြင့် ဘယ်ခြေ ညာခြေ လှမ်းနေသည့်ပမာ သွားနေကြရတယ်။ အကြောင်းကင်းတဲ့ အကျိုးတရားဆိုတာ လောကမှာ မရှိကောင်းဘူး။ အကြောင်းတရားတွေ ပြုကြလို့သာ အကျိုးတရားတွေ ခံစားကြရတာဖြစ်တယ်။ အကြောင်းတရား အကျိုးတရားတို့ဟာလည်း ကောင်းသော အကြောင်းတရားကို ပြုကြသောကြောင့် ကောင်းတဲ့ အကျိုးတရားကို ခံစားရတယ်၊ မကောင်းတဲ့ အကြောင်း တရားကို ပြုကြသောကြောင့် မကောင်းတဲ့ အကျိုးတရားကို ခံစားကြတယ်။ ဒီတော့ သတ္တဝါဟာ အကြောင်း အကျိုး ခြေလှမ်းများဖြင့် ခရီးတာ အစ မသိကြသလို ခရီးအဆုံးမသိကြသေးပါ။ ခရီးအဆုံးမသိသမျှ ကာလပတ်လုံး ခရီးဆုံးဖို့ လမ်းမမြင်သေးပါ။ မသိတာလေးတွေဆုံးလို့ အသိကို သုံးရင်တော့ ခရီး အဆုံး ပန်းတိုင်ကို မြင်ကြရမှာ ဖြစ်ပါတယ်။
သဘာဝ ဓမ္မ၏ အကြောင်းအကျိုးခရီးဆက်နေရာကို ဆိတ်မသိ မရိပ်မိကြသူတို့ဟာ သူ့ကြောင့်၊ ငါ့ကြောင့်၊ နတ်ကြောင့်၊ တန်ခိုးရှင်ကြောင့်၊ ထာဝရသခင်ကြောင့် ငါဒီလို ဖြစ်ရတာ သူဒီလို ခံစားရတာ စသည်ဖြင့် ပြောဆိုနေကြသေး၏။ အမှန်မှာတော့ ကိုယ်ပြုခဲ့တဲ့ ကံတရားကြောင့် ဒီအကျိူးတရားတွေ ဖြစ်ရတာဟု သဘာဝကျကျ ညဏဖြင့် မြင်ထားဖို့ရန် လိုပါသည်။ အကျိုးတရား တွေမှန်သမျှင်ဟာ အကြောင်း တရားက ဖန်တီးပေး လိုက်တာ ဖြစ်ပါတယ်။ အကြောင်းတရားမရှိဘဲနဲ့ အကျိုးတရား ဖြစ်ပေါ်လာအောင် မည်သူက လုပ်ပေးနိုင်မှာနည်း အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေကို လည်း မဖြစ်အောင် ဘယ်သူတားဆီးနိုင်မှာနည်း သို့သော်လည်း အချို့ အကျိုးတရားတွေ မဖြစ်အောင် ချုပ်ငြိမ်းသွားအောင် လုပ်နိုင်သူရှိပါတယ် သင်မတွေ့ချင်ဘူးလား တွေ့ချင်လျှင် တွေ့အောင်ရှာပါလေ ရှာမနေနဲ့ ရှာလေဝေးလေ ရှာလေ ကြာလေ ဖြစ်နေဦးမည်သာ အဲဒီ ပုဂ္ဂိုလ်က အခြားသူမဟုတ် “သင်“ သာဖြစ်ပါတယ်။
ကောင်းကံ မကောင်းကံ၊ ကောင်းကျိုး မကောင်းကျိုး တွေကို ပြုလုပ်ခံစားတာ သင်သာ ဖြစ်ပါတယ်။ ကောင်းတာတွေ ခံစားရတာ သင်ကောင်းတာ လုပ်ခဲ့လို့ပါ မကောင်းတာတွေ ခံစားရတာ သင်မကောင်းတာ လုပ်ခဲ့လို့ပါ သင်ယခု ကောင်းတာ လုပ်နေပါက နောင် ကောင်းကျိုးခံစား ရမှာပါ၊ ဗေဒင်မမေးနဲ့ ရွှေရင်အေး အောင်ပြောတာက လွဲလို့ ဘာမျှမရှိဘူး။ သင် မကောင်းတာချည်း လုပ်နေပြီးတော့ ကောင်းချင်နေတာ ချမ်းသာချင်နေတာ အမှန်တရားကို မသိလွန်းလို့ပါ။ အဲဒီလိုသာ ဖြစ်မယ်ဆိုလျှင် အချုပ်ထောင်နှင့် အပါယ် လေးပါး ရှိအုံးမလား။ သင်မကောင်းတာပြုပြီးတော့ ကောင်းဆုပန်နေတာ ရမယ်ထင်လို့လား ဘုရားသာရှိရင် နားငြီးတယ် ပြောမှာ သေချာတယ်။
အာဂန္တုက သူဠေးကြီးကို ကြည့်ပါ သူ့ဘဝမှာ သိန်းပေါင်း မြောက်များစွာ ချမ်းသာတယ် ကောသလမင်းကြီးတောင် ခုနစ်ရက်တိုက်ယူရအောင် ချမ်းသာတယ်။ ဒီလောက်ချမ်းသာတာဟာ အကြောင်းမဲ့မှ မဟုတ်ဘဲ အတိတ်က ကောင်းကံက ပါလာပြီးသားပါ ပစ္စုပ္ပန် ကံကတော့ လှူရမှန်း မသိ ဘုရားထံသွားရမှန်းမသိအောင် ကုသိုလ် ကောင်းမှု မရှိဘူး အတိတ်ကံ ပါလာပြီးသား မဟုတ်လား။
ဗာရာဏသီ သူဠေးကြီး ဘဝတုန်းက သူဠေး ကပ်စေးနှဲကြီး ဖြစ်ခဲ့ပေမယ့် တဂ္ဂရသိခီ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်ကို ဇနီးအား ဆွမ်းလှူခိုင်းတဲ့ ကုသိုလ် စေတနာကံကြောင်း ချမ်းသာခြင်း ဖြစ်ပါတယ်။ အဲဒီ အတိတ်ကံ ပါလာပြီးသား မို့ ချမ်းသာတာပါ။ တချို့က ပြောကြတယ် “ကောင်းတဲ့ အလုပ်ကိုပဲ လုပ်တယ် ရတနာသုံးပါးလည်း ဆည်းကပ်တယ်။ ဒါပေမဲ့ မချမ်းသာဘူး တဲ့ ဟို ကိုဖြူကတော့ ရတနာသုံးပါးလည်း မဆည်းကပ်ဘူး ဘာသိ ဘာသာနဲ့ မကောင်း စိတ်မွေးပြီး မကောင်းတာ ပဲလုပ်တယ် သူ့ကျတော့ ချမ်းသာ လိုက်တာ အတိုင်းအဆမရှိအောင်ပဲ ဘာကွာခြားတာလဲတဲ့ ဘုရား“ တဲ့ မေးကြတယ်။
ကိုယ်က ကောင်းစိတ်မွေး ကောင်းတာလုပ်ပေမယ့် ကောင်းကျိုးမပေးတာဟာ အတိတ်က ပါလာတဲ့ ကောင်းကံကလည်း အကျိုးမပေးသေး ပစ္စုပ္ပန်ကလည်း အကျိုးမပေးသေးလို့ပါ။ စီးပွားချမ်းသာချင်တဲ့ ရည်ရွယ်ချက်နဲ့တော့ ရတနာသုံးပါး မဆည်းကပ်နဲ့ ရတနာသုံးပါး ကို ဆည်းကပ်ရင်တော့ ချမ်းသာ နိုင်ပါတယ်။ ချမ်းသာ အစစ်ရချင်လိုက ဆည်းကပ်တာ ဖြစ်ပါစေ။ မကောင်းစိတ်မွေးပြီး မကောင်းတာလုပ် နေတဲ့သူဟာ ချမ်းသာတယ်ဆိုတာ အတိတ်ကံ ကောင်းက အကျိုးပေးပြီး ပစ္စုပ္ပန်ကံကတော့ အကျိုးမပေးသေးလို့ပါ။ အတိတ်ကံ ကုန်ပြီး ပစ္စုပ္ပန်ကံ အကျိုးပေးချိန် ရောက်လျှင်တော့ မကောင်းကျိုး တွေစုပုံလာပါလိမ့်မယ်။ အဲဒီအခါကျလျှင်တော့ ခံပေတော့။
အာဂန္တုက သူဠေးကြီးဟာ ယခု ကောင်းကံမပြုပေမယ့် ချမ်းသာနေတာ အတိတ်ကံ ပါလာပြီးသားမို့ ချမ်းသာခြင်း ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်ကို လှူပြီးတဲ့နောက် အပရစေတနာ ပျက်ခဲ့ခြင်းကြောင့် ရရှိထားတဲ့ စည်းစိမ် ချမ်းသာတွေကို သုံးဆောင်ခံစား လိုခြင်းမရှိခဲ့ဘူး အတိတ်က သူပြုခဲ့တဲ့ ကံကြောင့်ပဲ မဟုတ်လား အတိတ်ကံ ပါလာပြီးသားပါ။ သားသမီး မထွန်းကားရခြင်းကား အတိတ်က အစ်ကို၏ သားကို ဥစ္စာဟူသော အကြောင်းကြောင့် သတ်ခဲ့သော အကုသိုလ်ကံ၏ အကျိုးပေးကြောင့် ဖြစ်ပါတယ်။ အတိတ်ကံက ပါလာပြီးပါ။
အာဂန္တုက သူဠေးကြီး ပစ္စည်းဥစ္စာစွဲမက်၍ မလှူရက် မတန်းရက်ဖြစ်တာ ယခုဘဝသာ မဟုတ်ဘူး ဗာရာဏသီ သူဠေးကြီး ဖြစ်စဉ်ကာလနှင့် ဘုရားလောင်းနှင့် ညီအစ်ကိုဖြစ်ခဲ့စဉ်တုန်းကလည်း ပစ္စည်းမက်ခဲ့တာ ဖြစ်ပါတယ်။ ကံတွေက ဘဝအဆက်ဆက်သို့ လိုက်တတ်ပါတယ်။ သံသရာခရီးလမ်းမှာ အကြောင်း အကျိုးခြေလှမ်းဖြင့် အတိတ် အနာဂါတ် ပစ္စုပ္ပန်ကာလသုံးပါး အပြောင်းအလဲနဲ့ လျှောက်လာ ခဲ့ကြသည်မှာ ယခု ပစ္စုပ္ပန် လူ့ဘဝမှာ ခေတ္တရပ်နား နေခဲ့ကြရတယ်။ အတိတ်ကြောင်းကံတရားတွေရဲ့ ဖန်တီးပေးတဲ့ စွမ်းအားသတ္တိတွေကြောင့် လူ့ဘဝ ရလာခြင်းဖြစ်ပါတယ်။ လူ့ဘဝမှာလည်း မိဘ မောင်နှမများ ဇနီးမယား သမီးသား ဆွေမျိုးများနှင့် တွေ့ကြရတယ် ချစ်ခင်မြတ်နိုးကြတယ်။ ဒါတွေကလည်း အတိတ်က ပါလာပြီးသားမို့လို့ တွေ့ရတာဖြစ်တယ်။
ဆင်းရဲချမ်းသာ အမျိုးမျိုးတွေကိုလည်း တွေ့ကြုံခံစားကြဖို့ဟာလည်း အတိတ်ကံပါပြီးသားမို့သာ ဖြစ်ကြရတယ် အတိတ်ကံသာ မဟုတ် ပစ္စုပ္ပန်ကံတွေကလည်း ပါရပါသေးတယ်။ ယခုချမ်းသာ ကြွယ်ဝ နေရတာတွေဟာလည်း အတိတ်ကံကောင်းတွေက ကျေးဇူးပြုလိုက်လို့ဖြစ်ပါတယ်။ အတိတ်ကံ စွမ်းအား ပါလာပြီးသား ဖြစ်သော စီပွားတို့ တမလွန်ဘဝသို့ ပါမသွားတာကြောင့် အာနန္ဒာ သူဠေးကြီးဟာ ဘဝပြောင်းသွားတော့ သူတောင်းစား ဖြစ်ရတယ် အာဂန္တုက သူဠေးကြီးဟာ ဘဝပြောင်းပြီး အပါယ်ငရဲမီး တောက်လောင်ခံရပတယ်။ ဒါကတော့ ပါလာပြီးသားဟာ ပါမသွားလို့ ဖြစ်ပါတယ်။

*သဗ္ဗေ သတ္တာ မရိဿန္တိ
လောကရှိနေတဲ့ သတ္တဝါမှန်သမျှဟာ သေကြရလိမ့်မည်။

*နတ္တိဇာတဿ အမရမဏံ
မွေးဖွားလာသူတွေဟာ မသေဘူးဆိုတာ မရှိပါ သေကြရမှာပါ။

သတ္တဝါတွေဟာ လူဘဝမှာ ခရီးတစ်ခေါက်နားပြီးနောက် နောင်ဘဝသို့ ခရီးလျှောက်ကြရမှာ ဖြစ်တယ် ထိုသို့ လူ့ဘဝခိုနားပြီး နောက်ဘဝ သွားရသော အခါတွင် အတိတ်ကံပါလာပြီးသားမို့ ရလာတဲ့ စီးပွားချမ်းသာ တွေရော ဇနီးမယား သမီးသားတွေ ဖြစ်ကြရတယ်။

ဒီတော့ သင့်၏ နောင်ဘဝသို့ ပါလာပြီးသားတွေ ပါမှာလား….
ထားပစ်ခဲ့ရမှာလား…
ဒီအမေးကို သင်ဟာ ဘက်စုံ စနက်စုံ ဓမ္မစုံ ရှုထောင့်များဖြင့် စဉ်းစားပြီးဖြေပါ။ အဖြေမမှားစေနဲ့ အဖြေမှားရင် ရမှတ် သုညဖြစ်မယ်။ အဖြေမှန်မှ ဘဲဥကွဲရုံပဲရှိမယ်။ ပီပြင်အောင်လုပ်မှ အမှတ်ပြည့်ရမှာ ဖြစ်တယ်။ အကယ်၍ ပစ္စည်းချမ်းသာတွေဟာ ပါတယ်လို့ စဉ်းစားနေမိပါက အာဂန္တုက သူဠေးကြီး ကိုသာ ကြည့်ပါ။ ပါလာပြီးသား အတိတ်ကောင်းမှုတွေကလည်း ကုန်သွား အသစ်ဖြစ်တဲ့ ကောင်းမှုတွေကလည်း မပွားများတော့ ငရဲကျသွားရတယ် မဟုတ်လား။ ယခုလက်ရှိပစ္စည်း ဥစ္စာတွေမှန်သမျှ ယူသွားလို့မရ ထားပစ်ခဲ့ကြရမှာ ဖြစ်တယ်။ မိဘများနှင့် ဇနီးခင်ပွန်း သားသမီးတွေဟာလည်း ယူသွားလို့မရ ထားပစ်ခဲ့ရမှာပါ။ သင်ချစ်လှပါတယ်ဆိုတဲ့ သင့်ကိုယ်ခန္ဓာကြီးဟာလည်း ယူသွားလို့မရ ထားပစ် ခဲ့ရမှာပါပဲ
သင့်နောက်ပါမှာကတော့ သင်ပြုတဲ့ ကောင်းမှုကံ မကောင်းမှုကံ တွေကသာ သင်သွားလေရာ အရိပ်ပမာ လိုက်နေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အတိတ်ကံကောင်းမှုကြောင့် ရလာတဲ့ ပစ္စည်း စသည်တွေဟာ ပြည့်စုံဖို့ အတွက် ပါလာပြီးသားပါ အဲဒီ ပစ္စည်းတွေ မိသားစုတွေ သင့်ခန္ဓာကိုယ်ကြီးတွေ နောက်ဘဝသို့ ပါမှာလား ဟူသော အမေးဖြင့် ပါလာပြီးသား ပါမှာလား ဟူသော စာအုပ်ကလေးကို အဆုံးသတ်လိုက်ရပါတယ်
သို့ဖြစ်ရကား ဘဝသံသရာပါပြီး ဘဝဆုံးသည့်တိုင်အောင် ကျေးဇူးပြုနိုင်သော ဒါန သီလ သမာဓိ ပညာ ဆိုတဲ့ ကိုယ်လုပ်ရင် ကိုယ်ပိုင်တဲ့ တရားတွေကို ကြိုးစားပါ ဟု တိုက်တွန်းအပ်ပါသည်။ ရုပ်နာမ် သဘောဖြစ်ပျက်ကို အကျင့်ဉာဏ်ရင့်သန်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိင်ကြပါစေသော်….

သင့်နောက် ဘာပါသလဲ

အတ္တဂေဟေ နိဝတ္တ န္တိ၊
သုဿနေ မိတ္တဗန္ဓဝါ။
သုကတံ ဒုက္ကတံ ကမ္မံ၊
ဆာယာဝ အနူပါယိနီ။

အတ္တာ – လယ်ယာမိုးမြေ ရွှေငွေ စပါး ကျွှဲနွား ဥစ္စာ အိမ်ဂေဟာနှင့် ရတနာ အဖြာဖြာ တို့သည်
ဂေဟေ – မိမိ တည်ပျော် နေအိမ်ပေါ်၌
နိဝတ္တ န္တိ – မလိုက်မပါ ကျန်ရစ်ကြရှာ ကုန်၏
မိတ္တဗန္ဓဝါ – ချစ်ခင်ကြငြား ဇနီး ယောက်ျား သမီးသားနှင့် ဆွေမျိုးမိတ်သင်္ဂဟတို့သည်
သုဿနေ – သူကောင်မြှုပ်နှံ သုဿာန် သချိုင်းမြေလုပ်တိုင်း၌
နိဝတ္တ န္တိ – မသာပို့ကာ ပြန်ကြရှာကုန်၏
သုကတံဒုက္ကတံကမ္မံ- ကိုယ်တိုင်ပြုထား ကောင်းမှု မကောင်းမှုကံ နှစ်ပါးသည်သာလျှင်
အနူယာယီနီဣဝ – သွားသူနောက်သို့ ကောက်ကောက်မကွာ လိုက်ပါသကဲ့သို့
အနူယာယတိ – ကောင်းစွာထက်ကြပ်ကပ်၍ မသွေလိုက်ပါလေသတည်း

ဗုဒ္ဓေါရသ
ဗောဓိရိပ်ငြိမ်တောရ (မှော်ဘီ)
၁၉.၇.၀၇

9 comments

  • ဆူး

    November 7, 2010 at 4:22 pm

    ဤစာမူသည် စာရေးသူ (စာရေးဆရာ) ထံမှ ခွင့်ပြုချက် ရယူပြီးသား ဖြစ်ပါသည်။

  • bigcat

    November 7, 2010 at 4:31 pm

    ဖတ်၍သံဝေဂပွားရပါသည်။ အကြံပြုရလျင် အတိုချုံး ဖြတ်ညှပ်ကပ်တင်လျင် ပိုကောင်းမည်ဟု ထင်ပါသည်။

    • ဆူး

      November 8, 2010 at 2:31 am

      စိတ်ကူး ပေါက်ပေါက်နဲ့ တအုပ်လုံး ကူးပြီး ရိုက်ထားတာ.. ယခင် ဖောင့်နဲ့ တင်မရလို့.. တင်လို့ရတဲ့ ဖောင့်ကို.. ပြောင်းပြီး ရိုက်ထားတာ..
      ဖြတ်ညှပ်ကပ် လုပ်ရင် စာဖတ်သူ အစ ကို ပြန်ရှာဖတ်နေရမှာ စိုးတာနဲ့.. ဒီတိုင်း တင်ပေးလို်က်တာပါ.. စာမျက်နှာ ၁၅မျက်နှာရှိတယ်.. စာရိုက်တာ

  • weiwei

    November 7, 2010 at 4:46 pm

    စာလုံးပေါင်းတွေ မှားနေတယ် .. အထူးသဖြင့် သူဌေး … ဆူးရိုက်တာ သူလေး ဖြစ်နေတယ် ..

    • bigcat

      November 7, 2010 at 4:50 pm

      သူဌေးလေးကို စိတ်ကူးယဉ်မိသွားလို့ ဖြစ်ပါလိမ့်မယ်။ နားလည်ပေးလိုက်ပါ။

  • Zaw Tun

    November 8, 2010 at 5:48 am

    သံဝေဂ ယူနိုင်ကြပါစေ။

    • ဆူး

      November 8, 2010 at 6:24 am

      စာတွေ အရပ်ရှည်နေလို့.. အစကနေ အဆုံး အထိ ဖတ်ပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • char too lan

    November 8, 2010 at 9:05 am

    ကောင်းလိုက်တာဆြာဆူးရရ်~~
    ခုတလောကွန်ကမကောင်းတော့ စာလဲကောင်းကောင်းမဖတ်ဖြစ်ဘူး
    ဖတ်မိတော့လဲ တကယ်အနှစ်တွေချည်းပဲ ပီးခဲ့တဲ့ရက်တွေကဖတ်ခဲ့ရတဲ့ ဇင်ပုံပြင်များ၊ Knowledge ဆိုတာဘာလဲ၊…. ခုလဲဆူးရဲ ့သံဝေဂရစေတဲ့ အဖိုးတန်စာတွေအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ

  • blackdemon809

    November 8, 2010 at 2:06 pm

    ဘာမှန်း မသိလို့ ဝင်ကြည့်တာ ဗဟုသုုတ ရလို ရငြားပေါ့ ……အားလုံး လန်းတယ် ဗျာ

Leave a Reply