အသိဉာဏ်တိုးအောင်ဘာလုပ်မလဲ

asiamastersNovember 8, 20101min580

ဗဟုသုတဆိုတဲ့ စကားလုံးမှာ ဗဟု ဆိုတာက များတာကိုဆိုလိုတာဖြစ်ပါတယ်။ သုတ ဆိုတာက သိတာကိုဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် ဗဟုသုတ ဆိုတာ များများသိတာကို ပြောတာဖြစ်ပါတယ်။ လူသားတွေဟာ များများသိလေကောင်းလေပါပဲ။ များများသိသူတွေဟာ အကောင်းဆုံးကို ရွေးချယ် နိုင်ကြပါတယ်။ ဒါကြောင့် ဗဟုသုတများအောင်လုပ်ကြရန်လိုပါတယ်။ လူသားတွေသိတယ်ဆိုတဲ့နေရာမှာ အာရုံငါးပါးနဲ့သိတဲ့ အာရုံသိရယ်၊ ဉာဏ်နဲ့ သိတဲ့ အသိဉာဏ်ရယ်ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။အသိဉာဏ်ကို ထပ်ပြီးခွဲခြမ်းလိုက်မယ်ဆိုရင် အတွေ့အကြုံ (Experience)၊ သင်ယူမှု  (Learning)၊ စဉ်းစားမှု (Thinking)၊ ကျိုးကြောင်းဆင်ခြင်တတ်မှု ( Reasoning) နဲ့ မှတ်ဉာဏ် (Memory) တို့ဖြစ်ပါတယ်။ အသိဉာဏ်ကို တိုး အောင်လုပ်မယ်ဆိုတဲ့သဘောဟာ လူတစ်ဦးရဲ့အတွေ့အကြုံ၊ သင်ယူမှု၊ စဉ်းစားမှု၊ ကျိုးကြောင်းဆင်ခြင်တတ်မှု နဲ့မှတ်ဉာဏ်တွေကို တိုးအောင် လုပ်ရမှာဖြစ်ပါတယ်။ တစ်ချို့ကလည်း အသိဉာဏ်ဆိုတာ မွေးရာပါလို့ ပြောတာလည်းရှိပါတယ်။ တစ်ချို့ကတော့ တစ်ဆင့်ပြီးတစ်ဆင့်  တိုးပွား အောင် လုပ်လို့ရတယ်လို့ယူဆသူများလည်းရှိပါတယ်။ ကျွန်တော်ကတော့ ဒုတိယယူဆမှုကို လုံးဝယုံကြည်သက်ဝင်သူဖြစ်ပါတယ်။

ဒီတော့ အတွေ့အကြုံကပဲစကြရအောင်။ အတွေ့အကြုံတိုးပွားလာဖို့ဆိုရင် အရေးကြီးဆုံးအချက်က စာဖတ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိဖတ်တဲ့ စာတွေဟာ မျှမျှတတနဲ့စဉ်းစားတွေးခေါ်ပြီးရေးထားတဲ့စာပေတွေဖြစ်ရန်လိုပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရင်တော့ Computer နဲ့ Internet ကို မရှိမဖြစ် အသုံးပြုတတ်ရမှာဖြစ်ပါတယ်။ ကိုယ်မသိတာကို Wikipedia မှာရှာတာမျိုးတို့၊ Mandalay gazette လိုကြိုက်တာရေးလို့ရတဲ့ နေရာ မျိုးမှာ ဖတ်တာပိုအဆင်ပြေပါတယ်။ စာဖတ်နည်းသုံးမျိုးလောက်ရှိပါတယ်။ ပထမတစ်မျိုးက Scanning ဖြစ်ပါတယ်။ Scanning ဆိုတာက တယ်လီဖုန်းနံပတ်ရှာတာမျိုး၊ Yellow Pages မှာရှာတာမျိုးကို ခေါ်ပါတယ်။ အစကနေအဆုံးအထိ ဖတ်နေတာမျိုး မဟုတ်ပဲ၊ မိမိ လိုတဲ့ Information (သတင်းအချက် အလက်လို့ဘာသာမပြန်ရပါ။ Information အကြောင်းနောက်မှ ဆက်ရေးပါမည်။)ကိုသာ အဓိကထား ရှာဖွေ တာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Skimmingလို့ခေါ်ပါတယ်။ Skimming ဆိုတာက သတင်း၊ ဆောင်းပါးများကို ဖတ်သလိုမျိုးဖြစ်ပါတယ်။ အားလုံးကို ခြုံဖတ်ပြီး အဓိပ္ပါယ်ကို ခြုံယူတာဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ Detailed Reading လို့ခေါ်ပါတယ်။ စာလုံးတစ်လုံးခြင်း၊ စာကြောင်းတစ်ကြောင်းခြင်း၊ စာပိုဒ်တစ်ပိုဒ်ခြင်း နဲ့ စာအုပ်တစ်အုပ်လုံးကို အသေးစိတ်နားလည်အောင်ဖတ်ခြင်းဖြစ်ပါတယ်။ စာဖတ်ခြင်းဆိုတာ အလေ့အကျင့်ဖြစ်ပြီး ကျင့်ယူမှရပါတယ်။ စာဖတ်တာစွဲသွားပြီဆိုရင် စာမဖတ်ပဲမနေနိုင်တော့ပါဘူး။ ဒီလိုလူမျိုးတွေကို  Avid Reader လို့ခေါ်ပါ တယ်။ စာဖတ်ခြင်းပြီးရင် စာရေးခြင်းကလည်း စာရေးသူကိုယ်တိုင်ကို ပိုမိုသဘောပေါက်စေပါတယ်။ နောက်ဆုံးတော့ ကိုယ်သဘောပေါက် နား လည်တာကို တစ်ခြားသူများကို သင်ကြားခြင်းဖြစ်ပါတယ်။ သင်ကြားဖူးသုူများဟာ ပိုပြီးနားလည် သဘောပေါက်လေ့ရှိပါတယ်။

အတွေ့အကြုံရရန် နောက်ထပ်တစ်ခုကတော့ ခရီးသွားခြင်းဖြစ်ပါတယ်။ ခရီးသွားခြင်းကို ငွေကြေးအတော်အတန်ရှိချိန်၊ ကျန်းမားရေးကောင်း နေ ချိန်မှာမှ လုပ်ဆောင်နိုင်ကြတာဖြစ်ပါတယ်။ ခရီးသွားခြင်းမှာလည်း ပြည်တွင်း၊ ပြည်ပခရီးများရှိသလို ရည်ရွယ်ချက်တွေ ကလည်း အမျိုးမျိုး ရှိတတ် ပါတယ်။ ခရီးများများသွားသူနဲ့ ခရီး လုံးဝမသွားဘူးသူတို့ရဲ့ အတွေ့အကြုံဟာ အတော်ကွာခြားပါတယ်။ ဒါကြောင့် ခရီးသွားခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရမှာဖြစ်တယ်။ မိမိတို့ကလည်း ခရီးသွားသလို မိမိတို့ထံလာလည်သူများကိုလည်းနွေးထွေးပျူငှာစွာ လက်ခံဖို့လိုပါတယ်။ ဒါကို Hospitality လို့ခေါ်ပါတယ်။

သင်ယူမှုဟာ လူသားတွေအတွက် အလွန်အရေးကြီးပါတယ်။ လူသားတွေဟာ မိမိမသိသေးသည်၊ မတတ်သေးသည်များကို ဘဝတစ်သက်တာ သင်ယူသွားကြရမှာဖြစ်ပါတယ်။ ဒီလိုသင်ယူလိုစိတ်နဲ့ သင်ယူနေမှလည်း အသိဉာဏ်ရှိသူများဖြစ်လာမှာဖြစ်ပါတယ်။ သင်ယူမှုဟာ လူသားတစ်ဦး ခြင်းအတွက်သာမက အဖွဲ့ အစည်းများလုပ်ငန်းများအထိ အထူးအရေးပါလာတာကိုတွေ့ရပါတယ်။ လုပ်ငန်းတွေ၊ အဖွဲ့ အစည်းတွေဟာ အခုအချိန် မှာ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်နိုင်ရန်အတွက် (Learning Organization) ပုံစံတွေ ကိုဖွဲ့စည်းလာကြပါတယ်။ သင်ယူခြင်းမရှိရင်ကတော့ ကျန်နေခဲ့ မှာပါပဲ။ စဉ်းစားမှုနဲ့ ကျိုးကြောင်းဆင်ခြင်တတ်မှုတွေက အတွေ့အကြုံနဲ့ သင်ယူမှုတွေအပေါ်မှာ မူတည်ပါတယ်။ နောက်အရေးကြီးတာတစ်ခုက မိတ်ဆွေများများရှိရန်ဖြစ်ပါတယ်။ မိမိရဲ့မှာရှိတဲ့ မိတ်ဆွေတစ်ဦးဟာ မိမိကို ကာကွယ်ပေးနေတဲ့ ခံတပ်ကြီးနဲ့တူပါတယ်။ မိတ်ဆွေမရှိသူများဟာ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ လုံခြုံမှုမရှိပါဘူး။ မိတ်ဆွေများများရှိသူတွေဟာ Information ပိုရပါတယ်။မှတ်ဉာဏ် ဆိုတာက အာရုံစူးစိုက်မှုနဲ့ အကြိမ်ကြိမ် ထပ်ခါထပ်ခါလေ့ကျင့်ခြင်းကဖြစ်ပါတယ်။  လူသားတွေမှာ မှတ်ဉာဏ်ပုံစံအမျိုးမျိုးရှိတဲ့အတွက် ဘယ်သူမဆို အကြိမ်ကြိမ် ကျိုးစား သင့် ပါတယ်။ အကြိမ်ကြိမ်လေ့ကျင့်ခြင်းအားဖြင့် လူသားတွေမှာ Second nature လို့ခေါ်တဲ့ အလိုအလျှောက်တုံ့ပြန်မှုကိုရရှိလာပါတယ်။

အသိဉာဏ်တိုးအောင်လုပ်ဆောင်လိုသူတွေဟာ စာဖတ်ရမယ်၊ စာရေးရမယ်၊ ကိုယ်ရေးထားတဲ့စာတွေကို သင်ကြည့်ရမယ်၊ ခရီးသွားရမယ်၊ သင်ယူရမယ်၊ မိတ်ဆွေများများထားရမယ်၊ အကြိမ်ကြိမ်လေ့ကျင့်ကြရမှာဖြစ်ပါတယ်။ အသိဉာဏ်တိုးချင်ရင် ဒီအချက်တွေကို မလုပ်လို့မရပါဘူး။ ဒါပေမဲ့ ဒီအချက်တွေထက်အရေးကြီးတဲ့နောက်ဆုံးတစ်ချက်ရှိသေးတယ်။ အဲဒါကတော့ အသိဉာဏ်တိုးလိုသူတွေမှာ အဓိကရှိရမဲ့အချက်က သမာသမတ်ကျခြင်း (Righteousness) နဲ့ ရိုးသားခြင်း(Honesty) တို့ဖြစ်ပါတယ်။ ဘယ်လိုပဲအသိဉာဏ်ထက်မြက်ထက်မြက် သမာသမတ်မကျသူတွေနဲ့ ရိုးသားခြင်းမရှိသူတွေဟာ ကလိမ်ကျစ်တွေသာဖြစ်လာမှာဖြစ်ပါတယ်။ ဒီလူတွေဟာ လွယ်လွယ်ရတာကိုပဲလိုချင်မယ်၊ အပေါ်ယံပဲတွေးမယ်၊ သူတစ်ပါးကိုယ်ပိုင်ပစ္စည်းကို အလကားလိုချင်မယ်၊ ပျင်းယိမယ်၊ လိမ်ညာမယ်၊ မိမိရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုုံးစားလုပ်မယ်၊ ယုံကြည်စွာအပ်နှံထားတာတွေကို ကိုယ်ကျိုးအတွက်သုံးမယ်။ အမြင်ကျဉ်းမြောင်းလာမယ်။ ဒီလိုလူမျိုးတွေဟာ ငွေကြေးအရအလွန်တရာ
ကြွယ်ဝချမ်းသာလာနိုင်ပါတယ်။ အာဏာအရလဲအလွန်ကြီးမားလာနိုင်ပါတယ်။ ဒါပေမဲ့ အသိဉာဏ် မဖွံ့ဖြိုးမတိုးတက်နိုင်တော့တဲ့အတွက် တိရိစ္ဆာန်များနဲ့ သိပ်မထူးခြားတဲ့ လူ့ တိရိစ္ဆာန်များသာဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းတစ်ခုမှာ ဒီလိုလူမျိုးတွေများလာပြီဆိုရင် လူ့ အသိုင်းအဝိုင်း မဟုတ်တော့ပဲ တိရိစ္ဆာန်လောက (Animal Kingdom) သာဖြစ်လာမှာဖြစ်ပါတယ်။

ဒါကြောင့် လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ အဆင့်အတန်းတိုးတက်မြင့်မားလာဖို့အတွက် လူသားတွေကိုု သမာသမတ်ကျခြင်း၊ ရိုးသားခြင်း တွေ အကြောင်း ကို သင်ကြားကြရမယ်။ စာဖတ်လိုတဲ့စိတ်၊ စာရေးလိုတဲ့စိတ်၊ ကိုယ်ရေးထားတဲ့စာကို ပြန်သင်လိုစိတ်၊တွေကိုမွေးမြူပေးရမယ်။  ကွန်ပျူတာနဲ့ အင်တာနက်ကိုထိထိရောက်ရောက်သုံးနိုင်ရမယ်။ ခရီးများများသွားခွင့်ရအောင်၊ လွယ်လွယ်သွားနိုင်အောင်ဖန်တီးရမယ်။ သင်ယူဖို့လွယ်ကူအောင်ဆောင်ရွက်ပေးရမယ်။ မိတ်ဆွေများများထားတတ်အောင် လေ့ကျင့်ပေးရမယ်။  ပိုမိုကောင်းမွန်တဲ့ဘဝတွေကို လိုလားသူတွေဖြစ်အောင်လေ့ကျင့်ပေးသွားရန် နည်းလမ်းတစ်ခုသာရှိကြောင်းရေးသားအပ်ပါတယ်။