အိတ်ချ်အိုင်ဗီနှင့် နေထိုင်သူများထံ အမေစု သွားရောက်အားပေး

နွယ်ပင်November 18, 20101min1377

နယူးဒေလီ (မဇ္ဈိမ) ။ ။ HIV/AIDS နှင့် နေထိုင်နေသူ ၁ဝဝ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့က ထောက်ပံ့ကာ ပါတီဗဟိုဦးစီးကော်မတီဝင် မဖြူဖြူသင်းနှင့် လူငယ်များ ဦးဆောင်ကာ တည်ထောင်ထားသည့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ HIV/AIDS ကယ်ဆယ်ရေးစင်တာရှိ ဦးရေ ၁ဝဝ ကျော်ကို နိုဝင်ဘာလ ၁ရ ရက် နေ့လည် ၂ နာရီတွင် တွေ့ဆုံအားပေးခဲ့ခြင်း ဖြစ်သည်။

“လူတိုင်း၊ လူတိုင်းမှာ ကိုယ့်တန်းဖိုးနဲ့ ကိုယ်ရှိတယ်။ ဘာမှ အားငယ်စရာ မလိုဘူး။ မိမိကို်ယ် မိမိစိတ်ဓာတ် အင်အားတွေ မြှင်တင်ဖို့လိုတယ်။ အဲဒါလူနာတွေကို ပြောနေတာမဟုတ်ဘူး လူတိုင်းလူတိုင်းကို ပြောနေတာ၊ လူတိုင်းလူတိုင်းမှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို နိမ့်သလား၊ မြင့်သလားဆိုတာ မိမိအပေါ်မှာပဲ မူတည်တယ်။ ကိုယ့်ကိုယ်ကို စဉ်းစားဖို့လိုတာက ငါဟာ သိက္ခာရှိရှိနဲ့ လူသားတယောက် ဖြစ်တယ်ဆိုတာကို အသိရှိနိုင်ဖို့ လိုအပ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောသည်ကို မဇ္ဈိမက တယ်လီဖုန်းမှတဆင့် တိုက်ရိုက်နားထောင်ခွင့်ရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က တဦးချင်းစီကို အနီရောင် နှင်းဆီပန်းပွင့် တပွင့်စီ ကိုယ်တိုင်ပေးခဲ့သလို၊ HIV / AIDS နှင့် အတူနေသူများဘက်ကလည်း ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။

“အမေစု လာပြီးတော့ သမီးတို့ကို စိတ်ဓာတ်မကျဖို့၊ ကျမတို့တွေကို ဆေးဝါးထောက်ပံပေးဖို့ ပြောပါတယ်။ ကျမတို့လည်း အားတက်မိပါတယ်။ ကျမတို့ကို အားပေးမယ့်သူက မဖြူတယောက်ထဲ ရှိတာဆိုတော့ အခု အမေစုပါ ထပ်တိုးလားတဲ့အတွက် လူနာတွေအားလုံးက အရမ်းအားတက်မိပါတယ်။ ဆေးဝါးအတွက် အမေစုက ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။ လူနာတွေ အကုန်လုံးကို နှင်းဆီပန်းအနီရောင် တပွင့်စီ ပေးပါတယ်။ အမေစုပေးသွားတဲ့ ပန်းတွေကို သမီးတို့က အရမ်းကို တန်ဖိုးထားပါတယ်။ ပန်းတွေ ခြောက်သွားတဲ့အထိ အမြဲတမ်း သိမ်းထားမှာပါ” ဟု အသက် ၃၁ နှစ်အရွယ် HIV နှင့် နေထိုင်သူတဦးဖြစ်သူ မဝင်းဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ကယ်ဆယ်ရေး စင်တာ ၃ ခုတွင် ပျမ်းမျှ လူဦးရေ ၁ဝဝ ကျော် နေထိုင်လျက်ရှိကာ၊ လူနာသစ်များလည်း နေ့စဉ် တိုးပွားလာသည်ဟု မဖြူဖြူသင်းက ပြောသည်။

မဖြူဖြူသင်းက “တိုးလာတဲ့ လူနာအရေအတွက်လောက်ကို ဆေးဝါးပေးဖို့ မလုပ်နိုင်ကြဘူး။ အန်ဂျီအို တွေကလည်း ဆေးပေးလိုက်တယ်။ သူတို့ ရန်ပုံငွေ မရှိတော့ဘူးဆိုရင် ဆေးပေးတာတွေ ရပ်လိုက်တယ်။ ဆေးက ရလိုက် မရလိုက်ဆိုတော့ လူနာတွေအတွက် လက်ရှိ အခြေအနေက ဆေးဝါးအတွက် ခက်ခဲနေတုန်းပဲ” ဟု ပြောသည်။

မြန်မာပြည်တွင် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃ သိန်း ၆ သောင်းကျော်ရှိသည်။ AIDS တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ်အနေဖြင့် တနှစ်လျှင် အမေရိကန်ဒေါ်လာ တသိန်း ဝန်းကျင်းခန့် ရှိသည်ဟု ကုလသမဂ္ဂ UN AIDS က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

မှတ်ချက် ။ ။ Burma Thwe မှပြန်လည်ဖော်ပြပါသည် ။

7 comments

  • doekalay

    November 18, 2010 at 7:54 am

    အမေစုသွားရောက်အားပေးတဲ ့အတွက်ကျေးဇေူးတင်ပါတယ်……………

  • koyinmaung

    November 18, 2010 at 8:40 am

    ဝမ်းသာကြည်နူးရပါတယ်…..

  • cobra

    November 18, 2010 at 8:56 am

    ငါတို့အမေကတော့…ထွက်လာတာနဲ့တနေ ့မှမနားသေးပါလား…
    အားကျမိပါတယ်……။

  • winyungwe

    November 18, 2010 at 11:38 am

    အမေစု……………..
    ပြောတဲ့စကားတွေက………..သူတို့တွေအတွက်အားဆေးတခွက်သာမက
    တခြားသူတွေအတွက်လဲ……………အားဖြစ်စေပါတယ်………
    ကျေးဇူးတင်ပါတယ်အေမေစု

  • rkar

    November 18, 2010 at 1:12 pm

    အမေစုပြောတဲ့ စကားတွေက အရမ်းကိုထိရောက်ပါတယ်….

    နွားအဖ တို့များ ဒါမျိုးသွားဖို့မပျောနဲ့ သူတို့ပယောဂနဲ့ သေသွားတဲ့သူတွေတောင် ကောင်းကောင်းသဂြိဟ်မပေးဘူးတဲ့ ယုတ်မာလိုက်တဲ့ လောက်ကောင်တွေ…

  • mG

    November 18, 2010 at 1:18 pm

    အော်နော်……….။ကျန်တဲ့ ဗိုလ်မှူးချုပ်တွေ၊ဝန်ကြီးချုပ်တွေ ရဲ့လှုပ်ရှားမှု သီတင်းတွေတောင်မှ နေပြည်တော် တောင်ကြားထဲရောက်သွားပြီထင်တယ်နော်…………..။ဟီး ဟီး…….ဒါဟာ ဒီမိုကရေစီရဲ့ခေါင်းဆောင်ပါ…..။ကြည့်ထားကြဟေ့…….အာဏာပိုင်တွေ မထိရဲ မကိုင်ရဲတဲ့ လူတွေကို ငါတို့ခေါင်းဆောင်က သွားပြီးတော့ ကူညီနေတာပါ။ဟဲ ဟဲ………..

  • ကြယ်လေး

    November 18, 2010 at 2:55 pm

    HIV/AIDS ဝေဒနာရှင်တွေအတွက် တောင်ဒဂုံ ၉ ရပ်ကွက်မှာ ဖွင့်ထားတဲ့ အခမဲ့ဆေးခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုပြီး လူနာတွေကို အားပေးစကား ပြောခဲ့တာပါ။ တဘက်မှာ သူမ ပြန်လွတ်လာတုန်းက ဝမ်းသာပြီး လာပေးထားကြတဲ့ ပန်းခြင်းတွေကို ဒီလူနာတွေကို ပြန်ပြီး လှူချင်တဲ့ အတွက်လည်း အခုလို လာခဲ့တာ ဖြစ်တယ်လို့ ဆေးခန်းအပြင်မှာ ရောက်နေကြတဲ့ ထောင်ချီ ပရိသတ်ကြီးကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားတာပါ။

    မိမိတို့အနေနဲ့ တတ်နိုင်ရင် အကူအညီ လိုနေတဲ့ သူတွေကို ကူညီကြဖို့ ပရိသတ်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး ကူညီတယ် ဆိုရင်လည်း ပြန်ရလိုတဲ့စိတ်နဲ့ မကူညီကြဖို့ ပြောပါတယ်။

    “ပြန်ရလိုတဲ့စိတ်နဲ့ မဟုတ်ဘဲ တကယ်ပဲ စိတ်ရင်းနဲ့ ပေးချင်ပါတယ်။ ကိုယ့်လောက် အဆင်မပြေတဲ့လူတွေကို သနားလည်း သနားတယ်၊ ကရုဏာလည်း ထားတယ်ဆိုတဲ့ စိတ်နဲ့ ပေးလို့ရပါတယ်။ အဲဒီလို ပေးလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာ ဘာမှ ပြန်မရရင်တောင်မှ ကျေနပ်မှု အနေနဲ့ အများကြီး ပြန်ရမှာပါ။ ကိုယ့်စိတ်ကလေ အများကြီး ကျေနပ်ရမယ်။ အဲဒါကြောင့် တယောက်နဲ့ တယောက် ကူညီရမယ်။ အမေတို့လည်း အကူအညီ လိုတယ်နော်။ အမေ့ကို အားကိုးနေတာကို ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အမေကလည်း ပြန်ပြီး အားကိုးပိုင်ခွင့် ရှိရမယ်လေ၊ မဟုတ်ဘူးလား။ ပြီးတော့ ကိုယ့်လောက် အဆင်မပြေတဲ့ သူတွေကို တတ်နိုင်သလောက် ကိုယ်က ကူညီချင်တဲ့ စိတ်လေးတွေ မွေးစေချင်တယ်။”

    မိမိတို့ လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့အတွက် စွမ်းဆောင်နေကြတဲ့ နေရာမှာ စိတ်ဓာတ်အင်အား၊ ဓနအင်အား၊ ငွေအင်အား၊ လူအင်အား စတဲ့ အဖက်ဖက်က လိုအပ်မှုတွေ ရှိတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

    “စိတ်ဓာတ်အင်အားချည်းနဲ့လည်း မလုံလောက်သေးဘူး၊ ဓနအင်အားတွေလည်း လိုသေးတယ်၊ ဉာဏ်အင်အားလည်း လိုတယ်၊ ငွေအင်အားလည်း လိုတယ်။ အဲဒီတော့ လိုရင်လိုသလို အမေတို့က နေပြီးတော့ တောင်းမှာပဲ။ အဲတော့ ပေးနိုင်သမျှ ပံ့ပိုးပေးကြပါ။ အမေတို့ဘက်ကလည်း တတ်နိုင်သမျှ ပံ့ပိုးပေးပါ့မယ်။ အခုဆိုရင် ဒီရပ်ကွက်မှာ အကူအညီ လိုအပ်တဲ့သူတွေ အများကြီးရှိမှာပေါ့။ အခြေအနေ သိပ်မကောင်းတာ ရှိတာပေါ့။ သိပ်ပြီးတော့ အဆင်မပြေတာတွေ ရှိတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက် အများကြီးထဲက ဒီလူနာတွေကို ရွေးပြီးတော့ ကူညီရလဲဆိုတော့ သူတို့က အကူအညီ အလိုဆုံး ဖြစ်နေလို့။ အဲတော့ အလိုအပ်ဆုံး လူတွေကို အရင် ကူညီရမယ်။”

    ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဖော်ပြထားသလိုပဲ လူရယ်လို့ ဖြစ်လာရင် လူတိုင်းမှာ ကိုယ့်အခွင့်အရေးဆိုတာ ရှိတယ်၊ ဒါကြောင့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာမြင့်အောင် လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားပါတယ်။

    “ဘာပဲဖြစ်နေ ဖြစ်နေ လူဆိုတာ လူရဲ့တန်ဖိုး ရှိပါတယ်။ လူဖြစ်တယ်ဆိုတာ ဗြဟ္မာ့ပြည်က အပ်တချောင်းနဲ့ လူ့ပြည်က အပ်တချောင်း ထိဖို့က လွယ်သေးတယ်တဲ့၊ လူဖြစ်ဖို့က မလွယ်ဘူး ဆိုတာလို။ လူဖြစ်လာမှ လူရဲ့ အခြေခံသိက္ခာ ဆိုတာရှိတယ်၊ တန်ဖိုးဆိုတာ ရှိတယ်။ အဲဒီဟာကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ရဲရဲကြီး အသိအမှတ် ပြုထားတယ်။ အဲဒီတော့ လုံးဝ စိတ်ဓာတ်မကျနဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ဆိုတာကို မှတ်ထားကြပါ။ ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်လို့ရတယ်။ စိတ်ဓာတ်အင်အားလည်း မြှင့်တင်လို့ရတယ်။

    “ဒါက အမေက လူနာတွေကိုပဲ ပြောနေတာ မဟုတ်ဘူး၊ လူတိုင်း လူတိုင်းကို ပြောနေတာ။ လူတိုင်း လူတိုင်းမှာ တန်ဖိုးရှိတယ်။ ဒီတန်ဖိုးက မြင့်သလား၊ နိမ့်သလားဆိုတာ ကာယကံရှင် အပေါ်မှာပဲ မူတည်တယ်။ တခြား အခြေအနေတွေပေါ်မှာ မတည်ဘူး။ တခြားလူတွေက ဘယ်လိုပဲ ထင်နေထင်နေ ကိုယ်က ကိုယ့်ကိုယ်ကို လေးစားနိုင်ရင်၊ ငါဟာ သိက္ခာရှိရှိနဲ့နေတဲ့ လူသားတယောက် ဖြစ်တယ်လို့ဆိုတဲ့ အသိ ရှိနိုင်လို့ရှိရင် ဘယ်သူကမှ ကိုယ့်တန်ဖိုးကျအောင် လုပ်လို့ မရပါဘူး။ ဒါကြောင့် စိတ်ဓာတ်အင်အားတွေကို မွေးပါ၊ နောက်ပြီးတော့ အမေတို့ရဲ့ လုပ်ငန်းတွေကို ကူညီကြပါ၊ အဲဒီ အင်အားတွေနဲ့နော်။

    “အားပေးတယ်ဆိုတာနော်၊ ပါးစပ်ကြီးနဲ့ပဲ မရဘူး။ အဲဒီ ပါးစပ်နဲ့ အားပေးနေတဲ့ သူတွေက အကျိုးဟဲ့ အကြောင်းဟဲ့ဆို ဘယ်ရောက်သွားမှန်း မသိဘူး။ အားကိုးပါတယ်။ အမေတို့ကလည်း တတ်နိုင်သမျှ လုပ်ပေးပါ့မယ်။ ယုံကြည်ပါ။ ကိုယ်လုပ်နိုင်တာတွေကိုတော့ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်လို့တော့ မပြောနိုင်ဘူး။ တတ်နိုင်သမျှ လုပ်ပေးမယ်။ စွမ်းအင်ရှိသမျှ လုပ်ပေးမယ်။ ယုံယုံကြည်ကြည်နဲ့ အမေတို့ရဲ့ အလုပ်တွေကို ဝန်းရံပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

    HIV/AIDS အခမဲ့ ဆေးခန်းရှေ့ ရောက်လာကြတဲ့ ထောက်ခံ အားပေးသူတွေကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    ဒီဆေးခန်းက လူနာတွေ အခုလို နေစရာအိမ်ရှိအောင်၊ လူနာတွေ ဆေးဝါးကုသမှု ပုံမှန်ရရှိအောင် ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ မဖြူဖြူသင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို လာတွေ့တဲ့အတွက် လူနာတွေက ဝမ်းသာအားရ ဖြစ်နေကြတဲ့အကြောင်း အခုလို ပြောပြပါတယ်။

    “ဝမ်းသာတာပေါ့၊ ဝမ်းသာတယ်ဆိုတာက ဘာကြောင့်လဲဆိုတော့ လမ်းတောင် မလျှောက်နိုင်တဲ့ လူနာတယောက်ရှိတယ်။ ကျမက စိတ်ပူလို့ မသွားပါနဲ့ ပြောတာတောင် မရဘူး။ သူတို့အနေနဲ့ အရမ်းကို မျှော်လင့်တယ်၊ အားကိုးတယ်ပေါ့၊ ပြီးတော့ ယုံလည်း ယုံကြည်တယ်။ အခု အမေ့ကို တွေ့လိုက်ရတဲ့ အခါကြတော့ သူတို့ အရမ်းကို ဝမ်းသာနေကြတယ်။ နောက်တခုက သူတို့ရောဂါ တဝက်လောက်ကို သက်သာတယ်လို့ သူတို့က စိတ်ထဲမှာ ထင်ပြီးတော့ အားလုံးက၊ အန်တီက သူတို့ကို ကျန်းမာပါစေလို့ ပြောတာတောင်မှ မဟုတ်ဘူး၊ အန်တီ ကျန်းမာနေဖို့ လိုပါတယ်လို့ သူတို့က ဝိုင်းပြီးတော့ ပြောကြသေးတယ်။”
    HIV/AIDS ဝေဒနာရှင်တွေကို အခမဲ့ ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

    http://www.voanews.com/burmese/news/dassk-meet-hiv-aids-patients-108665539.html

Leave a Reply