မနိုင်ဝန်ထမ်းခြင်း

စေနNovember 8, 20101min836


ဒီတစ်ပတ် ဖတ်မိတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဒီနေရာလေးကနေ ပြန်လည်ပြောပြချင်ပါတယ်..

တစ်ခါတုန်းက  လူတစ်ယောက်မှာ မြည်းနှစ်ကောင်ရှိပါတယ်.. အဲဒီမြည်းနှစ်ကောင်ကို နံမည်ပေးရမယ်ဆိုရင် ပထမမြည်းကို မောင်နီလို့ နံမည်ပေးပြီး ဒုတိယမြည်းကိုတော့ မောင်ဖြူလို့ နံမည်ပေးလိုက်ပါမယ်။ မောင်နီဟာ အလုပ်ကို အလွန်ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်၊ သူ့သခင်ဖြစ်သူရဲ့ ချီးကျူးတာကို ခံချင်တဲ့စိတ်တွေ အမြဲ ရှိပါတယ်.. ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေသမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက်ကို တက်တက်ကြွကြွ အားကြိုးမာန်တက် လုပ်သလို၊ ကုန်စည်စလှယ်တွေ သယ်ပိုးကြပြန်တော့လည်း ဘယ်လောက်လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုးထားရသည်ဖြစ်စေ မောင်ဖြူထက်ကို ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်ထားတွေနဲ့ အရှေ့ကို လျှောက်လေ့ရှိပါတယ်။

ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို သာမန်နှုန်းအတိုင်းဘဲ ပုံမှန်လှမ်းသလို သူသယ်ပိုးနိုင်တဲ့ အတိုင်းအတာအတွင်းမှာဘဲ ကုန်တွေကို သယ်ဆောင်လေ့ရှိပါတယ်.. စိတ်ထဲမှာ သူ့သခင်ဆီက မျက်နှာသာရဖို့ ဘယ်လိုလုပ်မယ်လို့ မစဉ်းစားမိသလို၊ အတွေးများများလည်း တွေးလေ့မရှိဘဲ ပုံမှန်အတိုင်းသာ သူလုပ်စရာရှိတာကို လုပ်နေတတ်သူက မောင်ဖြူပါ။ မောင်နီကတော့ ကုန်ပစ္စည်းတွေကိုလည်း အများကြီးသယ်သလို ခြေလှမ်းကိုလည်း အပြေးတစ်ပိုင်း သွက်လက်စွာ လှမ်းလေ့ရှိပါတယ်.. ဒီလိုနဲ့ သူတို့မြည်းနှစ်ကောင်ရဲ့ မတူညီတဲ့ အလုပ်လုပ်ပုံကို အချိန်အနည်းငယ်ကြာတော့ သခင်ဖြစ်သူက သတိထားမိလာပါတယ်.. အဲဒီတော့ အလုပ်ကို ပုံမှန်သာ လုပ်လေ့ရှိတဲ့ မြည်း မောင်ဖြူကို ပိုင်ရှင်ဖြစ်သူက အပြစ်မြင်လာပါတယ်.. မောင်နီလိုဘဲ အလုပ်ကို တက်တက်ကြွကြွလုပ်ဖို့၊ ကုန်တွေသယ်ပိုးပြီး ခြေလှမ်းမြန်မြန်လျှောက်ဖို့ အော်ဟစ် ဆူပူတတ်လာတယ်.. ပုံမှန်ခြေလှမ်း လှမ်းနေတဲ့ မောင်ဖြူကို နှေးတယ်၊ မောင်နီက ပိုပြီး အလုပ်လုပ်တယ် ဆိုပြီး ကြိမ်လုံးတွေနဲ့ ရိုက်နှက် အပြစ်ပေးပြီး ခြေလှမ်းမြန်လာဖို့၊ အလုပ်ပိုကြိုးစားဖို့ သူ့သခင်က ဖိအားပေးပါတယ်။ ဒီလိုနဲ့ မောင်ဖြူဟာ ကြိမ်လုံးနဲ့ အမြဲတမ်း အရိုက်ခံ၊ အော်ဟစ်ခံနေရပါတော့တယ်..

တစ်ရက်တော့ အလုပ်နားကြတဲ့ည မောင်နီနဲ့ နှစ်ကောင်သား အေးအေးဆေးဆေး တွေ့ရချိန်မှာ မောင်ဖြူဟာ မျက်ရည်တွေကျပြီး “ သူငယ်ချင်းမောင်နီရေ ဒီအလုပ်မှာ ငါတို့နှစ်ယောက်တည်း ရှိတာ၊ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေမလဲ၊ ဘာဖြစ်လို့ တစ်ယောက်ထက် တစ်ယောက် သာချင်တဲ့စိတ်တွေ မွေးနေမလဲကွာ။ သယ်စရာရှိတဲ့ကုန်တွေကို ငါတို့နှစ်ယောက်သား ညီညီမျှမျှ သယ်ယူကြပြီး ငါတို့လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ ငါတို့လှမ်းနိုင်တဲ့ ခြေလှမ်းတွေနဲ့လျှောက်ကြပြီး  တာဝန်ကျေအောင် လုပ်ကြရအောင်လေ၊ ကိုယ်တတ်နိုင်တာထက် ပိုပြီးလုပ်ပေးလို့ရော ငါတို့သခင်က ငါတို့ကို ဘာမှ ပိုပြီး သိတတ်မှာမဟုတ်ဘူး.. ငါတို့အတွက် ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူးလေ။ ငါတို့သာ မတန်တဆ ပင်ပန်းကြဖို့သာ ရှိတယ်.”  လို့  ပြောဆိုတိုင်ပင်ပါတယ်.. မောင်နီကတော့ မောင်ဖြူပြောတာကို နားထောင်နေပေမဲ့ ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

နောက်တစ်နေ့ရောက်လို့ ကုန်ပစ္စည်းတွေ သယ်ကြတဲ့အခါ မောင်နီဟာ အခါတိုင်းသယ်တဲ့နှုန်းထက် ပိုပြီး ပစ္စည်းတွေကို သယ်တဲ့အပြင် ပိုပြီး သယ်နိုင်ကြောင်း ပြတဲ့အနေနဲ့ ခါတိုင်းထက်တောင် အပြေးကလေး လျှောက်သွားပါသေးတယ်.. ဒီတော့ ပိုင်ရှင်ဖြစ်သူက  ပုံမှန်သာ သွားနေတဲ့မောင်ဖြူကို ပိုပြီး စိတ်ဆိုး ဒေါသတွေထွက်ပြန်ပါတယ်.. ရိုက်နှက်ပြန်ပါတယ်.. နောက်တစ်နေ့ရောက်ပြန်တော့ မောင်နီရော မောင်ဖြူရဲ့ ကျောပေါ်ကိုရော  ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး ထပ်တင်ပေးပြန်ပါတယ်.. မောင်နီကတော့ ထုံးစံအတိုင်း အရှေ့ကနေ မြန်သထက်မြန်အောင် လျှောက်နေပေမဲ့ မောင်ဖြူကတော့ များလွန်းလှတဲ့ ကုန်စည်စလှယ်တွေကြောင့် အရင်ကလောက်တောင်  မလျှောက်နိုင်တော့ဘဲ ဖြစ်နေပါတယ်.. ဒါကိုကြည့်ပြီး မြည်းပိုင်ရှင်ဟာ မောင်ဖြူ့ကို ဒေါသထွက်လွန်းတဲ့အတွက် ရက်ရက်စက်စက် ရိုက်နှက်ပြီး မြန်မြန်လျှောက်ဖို့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းပါတယ်.. ဒါပေမဲ့ မောင်ဖြူက ဘယ်လိုမှ မြန်မြန်မလျှောက်နိုင်သလို သယ်ရတဲ့ပစ္စည်းတွေ များလွန်းလေးလွန်းလို့ ခြေလှမ်းတောင် အနိုင်နိုင်ဖြစ်နေရပါတယ်.. ပိုပိုပြီး ဒေါသထွက်လာတဲ့ မြည်းပိုင်ရှင်ဟာ မောင်ဖြူမြန်မြန်လျှောက်ဖို့ နည်းမျိုးစုံနဲ့ ရိုက်နှက် ကန်ကျောက်ပါတော့တယ်..  နောက်ဆုံးတော့ မြည်းပိုင်ရှင်ရဲ့ နှိပ်စက်မှုကိုဘယ်လိုမှ မခံနိုင်တော့တဲ့ မောင်ဖြူဟာ မြေပြင်ပေါ်မှာ လဲကျ သေဆုံးသွားပါတော့တယ်..

ယခုအခါမှာ ပြိုင်ဘက်မရှိတော့ပြီဖြစ်တဲ့ မောင်နီဟာ သူ့သခင်တော့ သူကို ပိုပြီး အားထားတော့မှာဘဲ ဆိုတဲ့စိတ်နဲ့ ပျော်ရွှင်ဝမ်းမြောက်စွာ ကုန်စည်တွေကို သယ်ပိုးပါတယ်.. မြန်သထက်မြန်အောင်လည်း ကြိုးစားလျှောက်သလို ကုန်တွေကိုလည်း များနိုင်သမျှ များများသယ်ပေးပါတယ်.. ဒါပေမဲ့ သူ့သခင်က သေသွားတဲ့ မောင်ဖြူအစားပါ ပစ္စည်းတွေကို နှစ်ကောင်စာ သယ်ယူခိုင်းပါတယ်.. နေ့စဉ် မတန်တဆ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့အပြင် ကုန်တွေများလို့ ပင်ပန်းလွန်းတာကြောင့် အပြေးသွားနေတဲ့ ခြေလှမ်းလေးတွေက မလှမ်းနိုင်တော့ဘဲ ပုံမှန်အတိုင်း လှမ်းလိုက်ရင်တောင် မြည်းပိုင်ရှင်က မောင်နီ့ကို အလုပ်မှာ ခိုကပ်တယ်… အရင်လို အလုပ်ကို မကြိုးစားဘူးဆိုပြီး မြည်တွန်တောက်တီးကာ ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီလိုနဲ့ ကုန်တွေကို  နေ့စဉ် မတန်တဆ သယ်ပိုးလာရတဲ့ မောင်နီဟာ မြည်းပိုင်ရှင် စိတ်ကျေနပ်လောက်တဲ့ အတိုင်းအတာကိုရောက်အောင် မသယ်ပိုးနိုင်ဘူးဆိုပြီး ပိုင်ရှင်နှိပ်စက်သမျှကိုလည်း ခံရရှာပါတယ်..

အချိန်တွေကြာလာတော့ မြည်းပိုင်ရှင် ရိုက်နှက် နှိပ်စက် ကန်ကျောက်တာတွေကြောင့် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပရပွနဲ့ ဖြစ်လာတဲ့အပြင် ကုန်တွေအများအပြား သယ်ရလို့ ပင်ပန်းလွန်းတဲ့ ဒဏ်တွေဖိစီးပြီး အားနည်းပိန်ချုံးကာ ချိနဲ့လာတော့တယ်.. သူတတ်နိုင်တဲ့ အင်အားနဲ့ ကုန်တွေကို သယ်ပိုးပေမဲ့ လိုချင်လောဘကြီးလှတဲ့ မြည်းပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့တာကြောင့် မြည်းပိုင်ရှင်က ဒေါသတွေထွက်ပြီး မောင်နီရဲ့အမြီးကိုမီးနဲ့ရှို့၊ အရေပြားကို လှီးဆွ၊ အသားကို ဓါးနဲ့ထိုး စသဖြင့် နည်းမျိုးစုံနဲ့ မြည်းကို မြန်မြန်သွားအောင် ကြိုးစားပြန်ပါတယ်.. ပိုင်ရှင်က ဘယ်လိုဘဲ နှိပ်စက်ခိုင်းစေပေမဲ့ ဒဏ်ရာတွေနဲ့ ချိနဲ့နေပြီဖြစ်တဲ့ မောင်နီမှာ အရင်နှုန်းထားအတိုင်း ဘယ်လိုမှ အလုပ်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဒေါသရော လောဘပါကြီးလွန်းတဲ့ မြည်းပိုင်ရှင်ဟာ မောင်နီ့ကို သတ်ပစ်လိုက်ပြီး တစ်ခြား မြည်းအသစ်တစ်ကောင် ဝယ်ယူဖို့ လိုက်ရှာပါတော့တယ်။

ဒီပုံပြင်လေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြမှာပါနော်။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစားလုပ်ပြသူတွေ၊ အချင်းချင်း ခြေခံထိုးတတ်သူမျိုးတွေ၊ သူဌေးကိုဖားပြီး အောက်က ဝန်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက်သိမ်းဆည်းပြီး လက်တွဲခေါ်ဖို့စိတ်ကူးမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့အတွက် အလုပ်ပိုကြိုးစား လုပ်ပြတတ်သူတွေအများကြီး ရှိတတ်ကြပါတယ်.. မြည်းပိုင်ရှင်နဲ့တူသော သူဌေးတွေကတော့ ဝန်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ်မပြုတတ်သူတွေ၊ တန်ဖိုးထားရကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်.. ဘယ်လိုဘဲဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့နေရာမှာ ကိုယ်သာရောက်လာခဲ့မယ်ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့လိုတယ်လို့ အတွေးတွေနဲ့ စဉ်းစားမိပါတယ်..

တစ်ခါတစ်လေမှာတော့ အခြားသူနဲ့ ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ငြင်းပယ်လို့ခက်တာကြောင့်သော်လည်းကောင်း၊ အားနာလို့သော်လည်းကောင်း မတန်တဆအလုပ်ကို လက်ခံပြီး လုပ်ရတဲ့အခါမျိုးတွေ၊  ကိုယ် မနိုင်မနင်း ဖြစ်တဲ့အထိ အလုပ်ကို လုပ်ပေးရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာနိုင်ပါသေးတယ်.. အဲဒီအခါမျိုးမှာ ကိုယ်မနိုင်တဲ့ဝန်ကို အားနာစိတ်နဲ့ သော်လည်းကောင်း၊ မနိုင်မှန်းသိရက်နဲ့ သူဌေးငြိုငြင်မှာ စိုး၍သော်လည်းကောင်း အကြောင်းကြောင်းကြောင့် လုပ်ပေးနေရပေမဲ့ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးကြီးမားပြီး စိတ်သောက များရသလို၊ ပူပန်မှုတွေ၊ ဖိအားတွေလည်း ကြုံတွေ့လာရတတ်ပါတယ်.. အဲဒီချိန်မှာ မိမိကိုယ်ကို သေချာပြန်စဉ်းစားဖို့ လိုတာက ဒီအလုပ်ကို လုပ်ပေးရခြင်းအတွက် စိတ်ပျော်ရွှင်မှု ရပါရဲ့လား၊ ကိုယ့်အတွက်ရော ပညာသော်လည်းကောင်း၊ ဥစ္စာသော်လည်းကောင်း ကျန်ပါရဲ့လား။  သင့်သူဌေးကရော သင်လုပ်ပေးတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုပါရဲ့လား။ မြည်းနှစ်ကောင်ရဲ့ ပိုင်ရှင်လို အလိုလောဘကြီးစွာနဲ့ လုပ်ပေးသမျှကို အကောင်းမမြင် မကျေနပ်နိုင်သူများ ဖြစ်နေခဲ့ပြီလား။ ဒီလိုမှမဟုတ်ဘဲ ဒီမတန်တဆအလုပ်ကို ငြင်းဖို့အားနာပြီး လုပ်ပေးရခြင်းအတွက် ကိုယ့်မှာ ဝန်ထုပ်ဝန်ပိုးကြီး သက်သက် တစ်ခုလို မနိုင်မနင်းဖြစ်စေခဲ့တယ်၊ ဒါမှမဟုတ် သူတစ်ပါးကို တိုက်ခိုက်ဖို့ ၊ သူတစ်ပါးနစ်နာစေဖို့ သက်သက်ကြောင့် မတန်တဆ မနိုင်ဝန်ဖြစ်စေနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ခြင်းသာ ဆိုခဲ့ရင် ဒီအလုပ်ကို လုပ်ဖို့ ပြန်စဉ်းစားဖို့တော့ လိုနေပြီလို့ ထင်ပါတယ်နော်။

Don’t overload oneself ( Unknown Author) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန်ပါသည်။

6 comments

  • လမင်းဝေ(လွင့်)

    November 8, 2010 at 12:19 pm

    အင်း။တကယ်ကောင်းတဲ့ပုံပြင် ပညာပေးလေးပါ။အရမ်းကြိုက်လို့ ကူးသွားပါတယ်။နောက်လဲတင်ပါနော်။

  • nang

    November 8, 2010 at 4:48 pm

    အရမ်းကောင်းပါတယ် ၊ကိုယ်ကိုယ်တိုင် လဲ အဲလိုမျိုး အဖြစ်မျိုး ကြုံတွေ. နေရပါတယ် ၊

  • Zaw Tun

    November 9, 2010 at 7:52 am

    ဖတ်ပြီးတော့ မှတ်စရာပါကျန်ပါတယ်။

  • noenoe

    November 9, 2010 at 8:05 am

    မှတ်သားဖို့ကောင်းတဲ့ ပုံပြင်လေးပါ ၊ ဒီနေ့အပြင်လောကမှာ အဲဒီလိုလူတွေ အရမ်းများလာတာတော့ ဝမ်းနည်းမိတယ်…..အလုပ်ထဲမှာ ခဏခဏ တွေ့ခဲ့ဖူးပါတယ်…..နောက်လဲတင်ပါအုံးနော် မီးလေး…….

  • saunghnin@gmail.com

    November 9, 2010 at 9:05 am

    ပညာပေးလေးကကောင်းပါတယ်။အခုလိုတင်ပေးတဲ့အတွက်ကျေးဇူးပါ။နောက်ထပ်ပညာပေးလေးတွေရှိရင်တင်ပါအုံးနော်။

  • naywoonni

    November 9, 2010 at 1:17 pm

    အဲဒါပဲလေ……..
    သူများထက်သာချင်တဲ့သူတွေ……….
    ကိုယ်ခံစားရမဲ့ကိုယ်ပိုင်အလုပ်လည်းမဟုတ်ပဲနဲ့နော်
    ကိုယ်ပိုင်ခံစားခွင့်မရှိပဲလူလည်ကျသူတွေအတွက်သင်ခန်းစာပေါ့

Leave a Reply