လူ့ဘဝ ရခဲပါဘိ

weiweiNovember 8, 20101min11710

လူ့ဘဝ ရခဲပါဘိ …

လူ့လောကထဲမှာ လူတွေ မွေးလာလိုက်ကြ သေသွားလိုက်ကြနဲ့ ဘာမှမထူးဆန်းသလိုပဲ ဖြစ်နေပါတယ်။ လူ့ဘဝရခဲတယ်ဆိုတာ ဗုဒ္ဓတရားတော်တွေကနေ နာကြားနေရပေမယ့် ခပ်ပါးပါးနဲ့ အမှုမဲ့ပဲ နေဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်မှာ အနေကြာလာတော့မှပဲ လူ့ဘဝရခဲတာကို စတင်သံဝေဂဝင်မိပါတော့တယ်။ တီဗီကနေ ကြော်ငြာတစ်ခုတွေ့လိုက်မိတယ်။ သားဖွားမီးယပ်ဆေးရုံတစ်ခုကိုကြော်ငြာတာပါ … ချစ်သူရည်းစားတွေ အိမ်ထောင်သည်တွေ အပျော်လွန်ပြီး မတော်တဆများ ကိုယ်ဝန်ရှိသွားပါက စိတ်မပူပါနဲ့တဲ့… သူတို့ဆေးရုံမှာ မနာမကျင် ဘေးဥပါဒ်မဖြစ်စေပဲ ၃ မိနစ်အတွင်း ကိုယ်ဝန်ပျက်ကျအောင် ဆောင်ရွက်ပေးနေတယ်ဆိုပြီး ကြော်ငြာပါတယ်။ စကြည့်မိတဲ့နေ့ကတော့ ဘာသာပြန်တာများမှားတာလားလို့တောင် ထင်မိပါတယ်။ အံ့လဲအံ့ဩမိတယ်။ ဒီလိုနဲ့ပဲ တစ်ခါမှာတော့ သူငယ်ချင်းကောင်မလေးတစ်ယောက် သားအိမ်မကောင်းဖြစ်တာနဲ့ အမျိုးသမီးဆေးရုံတစ်ရုံကို အဖော်လိုက်သွားပေးရတယ်။ အဲဒီမှာ အတွဲတွေ အများကြီးတွေ့ခဲ့ရပြီး ကောင်မလေးတွေ ကိုယ်ဝန်လာပြကြတာ။ တရုတ်ဆေးရုံတွေက အခန်းသီးသန့်ပိတ်ပြီး လူနာကြည့်တာမဟုတ်လို့ သူတို့ပြောတာတွေကို ကြားနေရပါတယ်။ ဆရာဝန်က ကိုယ်ဝန်ရှိတာသေချာတာနဲ့ မေးခွန်း ၂ ခုမေးပါတယ်။ ယူမှာလား ဖျက်မှာလားတဲ့။ တရုတ်အသိတစ်ယောက်ကလဲ သူ့သားနဲ့မယူရသေးတဲ့ကောင်မလေးက ကိုယ်ဝန်တစ်ခါဖျက်ဖူးတယ်လို့ ဘာမှမထူးဆန်းသလိုပဲ ပြောပြသေးတယ်။

ဆက်ပြီးစဉ်းစားလိုက်ရင်တော့ သူတို့နိုင်ငံရဲ့ တစ်အိမ်ထောင်ကလေးတစ်ယောက်ဥပဒေကြောင့် အခုလို ကိုယ်ဝန်ဖျက်တဲ့ အလုပ်ကိုလဲ တရားဝင်လုပ်နေကြတယ်ဆိုတာ သိနိုင်ပါတယ်။ ကိုယ်ဝန်ရင့်လာရင်တော့ မဖျက်ပေးတော့ပါဘူး။ ဆရာဝန်တွေက အာထရာဆောင်းရိုက်ရင် ကလေးကို ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ပြောပြခွင့်မရှိဘူးတဲ့။ တချို့မိခင်တွေက မိန်းကလေးဆိုရင် ဖျက်ချပစ်မှာကို စိုးရိမ်ကြတဲ့အတွက် တားမြစ်ထားတာဖြစ်ပါတယ်လို့လဲ သိလိုက်ရပါတယ်။ တဆက်ထဲဆက်ပြီး သိလိုက်ရတာက ကလေးယူတော့မယ်လို့ ဆုံးဖြတ်ပြီးရင် အသေးစိတ်ပြင်ဆင်ကြပါတော့တယ်။ အဖေလုပ်မဲ့သူက ကျန်းမာရေးစစ် ဆေးလိပ်ဖြတ် အရက်ဖြတ်လုပ်တယ်။ အမေလုပ်မဲ့သူက သားအိမ်ကို သေချာစစ်ဆေးပြီး သားအိမ်ဆေးတဲ့ကိစ္စကိုပါ လုပ်တယ်တဲ့။ တစ်ဦးတည်းသောသူတို့ရဲ့ကလေးအတွက် တတ်နိုင်သလောက် အစွမ်းကုန်ပြင်ဆင်ထားကြပါတယ်။ မွေးဖွားပြီးချိန်မှာလဲ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ကြလို့ ကလေးလေးတွေအားလုံးလိုလိုက ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းကြပါတယ်။ မိဘဘိုးဘွားတွေက ဝိုင်းချစ်ပြီး သူတို့အိမ်ရဲ့အရှင်သခင်လေးတွေဖြစ်ကြမယ့်လူသားတစ်ယောက် ဖြစ်လာဖို့က တကယ်တမ်းတွေးကြည့်တော့ မလွယ်ပါဘိတကား …

10 comments

  • winkyawaung

    November 8, 2010 at 4:27 pm

    အော် သူတို့ဆီက လူမဆန်ကြတဲ့၊ အဖေများ အမေများ ကမြင်းကျောထတာနဲ့ အပြစ်မဲ့ ကလေးများရဲ့ အသက်ကို စတေးခံကြရလေခြင်း။

  • weiwei

    November 8, 2010 at 5:15 pm

    တစ်အိမ်ထောင်ကလေးတစ်ယောက်ဥပဒေက ၁၉၈ဝ ခုနှစ်က စတင်ခဲ့တာပါ .. ဟန့်လူမျိုးလို့ခေါ်တယ့် တရုတ်လူမျိုးစစ်စစ်အတွက်သာလျင်ဖြစ်ပါတယ် .. တိုင်းရင်းသားတွေကတော့ ကြိုက်သလောက်မွေးလို့ရပါတယ် … ပြည်နယ်အလိုက် ဥပဒေအတိုး အလျော့ရှိမယ်လို့တော့ထင်ပါတယ် … တစ်ချို့တွေကိုမေးကြည့်တော့ ပထမကလေးက မိန်းကလေးဖြစ်ရင် နောက်တစ်ယောက်ထပ်မွေးခွင့်ရှိတယ်လို့ပြောပါတယ် .. ၂ ယောက်ဆက်တိုက်မိန်းကလေးဖြစ်ရင်တော့ ထပ်မွေးခွင့်မရှိတော့ဘူး … ကလေးတစ်ယောက်ပိုမွေးရင် ဒဏ်ကြေးငွေ တော်တော်များများပေးဆောင်ရပြီး အလုပ်လဲ ပြုတ်ပါတယ် … ပိုက်ဆံရှိတဲ့ စီးပွားရေးသမားအနေနဲ့တော့ ကြိုက်သလောက်မွေးနိုင်ပါတယ် ..

    အခုတော့ တစ်ဦးတည်းသောသားနဲ့ တစ်ဦးတည်သောသမီး အိမ်ထောင်ပြုရင် သူတို့အနေနဲ့ ၂ ယောက်မွေးခွင့်ရှိပါတယ်တဲ့ … ဒါပေမယ့် သူတို့အားလုံးက တစ်ယောက်ထဲမွေးရတာကို အသားကျနေကြလို့ မွေးခိုင်းရင်တောင် မမွေးတော့ပါဘူးလို့ပဲ တညီတညွတ်ဆုံးဖြတ်ထားကြလေရဲ့ …

    ဘယ်မှာကြည့်လိုက်ကြည့်လိုက် အသက် ၆ဝ ကျော်နေတဲ့လူကြီးတွေကို အများကြီးတွေ့ရပြီး လူငယ်တွေရှားပါးနေတာကတော့ မျက်မြင်ကိုယ်တွေ့ပါပဲ ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2010 at 5:36 pm

    (သူတို့နိုင်ငံရဲ့ တစ်အိမ်ထောင်ကလေးတစ်ယောက်ဥပဒေကြောင့် အခုလို ကိုယ်ဝန်ဖျက်တဲ့ အလုပ်ကိုလဲ တရားဝင်လုပ်နေကြတယ်)
    အဲ့ဒါကြီးက ဥပဒေအရ လူသတ်မှု မမြောက်ဘူးလားဗျ
    မဖြစ်ဘူး မဖြစ်ဘူး ငြိနေတဲ့ တရုပ်မကို ဖြတ်မှဖြစ်မယ်

  • weiwei

    November 8, 2010 at 5:38 pm

    ကိုအောင်ပုက တရုတ်လူမျိုးမဟုတ်တော့ ကျွေးနိုင်ရင် ကြိုက်သလောက်မွေးနိုင်ပါတယ် ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2010 at 5:48 pm

    ဟုတ်လား
    ကျွန်တော့်ဘကြီး ဘုန်းကြီးမဝတ်ခင် လယ် ဧက ၄ဝ လောက် အမွေရထားတယ်
    မဖြစ်ဘူး မဖြစ်ဘူး လက်ရှိတရုပ်မနဲ ့ ဆွေးနွေးပြီးတော့
    နောက်ထပ် တရုပ်မ လေးငါးယောက်လောက် ထပ်ဖန်ဦးမှ
    ရှဲရှဲ very much

    • bigcat

      November 9, 2010 at 3:13 am

      သိပ်စိတ်ကူးမယဉ်နဲ့ ကိုမိုက်ကယ်အောင်ပုရေ၊ တရုပ်ပြည်မှာ ကိုယ်ဝန်ဆောင်လို့ မိန်းခလေးဆိုရင် ဖျက်ချလို့ ယောက်ျားလေးဦးရေက ပိုများနေတယ်။ ခင်ဗျားလယ်ဧက ၄ဝနဲ့ အလုပ်မဖြစ်ဘူး။ ကံကိုယုံရင်တော့ အဲဒီလယ်ကွက်တွေမှာ ရေနံထွက်လားလို့တူးကြည့်ပေါ့။

  • kai

    November 8, 2010 at 8:06 pm

    ဟောဒီမှာ .. ဘိုးဘွားလယ်ယာတွေကို … တရုတ်မနဲ့လဲစားဖို့ … အော်နေပါတယ်ဗျို ့..။
    တရုတ်ရောင်းစား.. မိုက်ကယ်ကုလား .. လယ်ရောင်းစားသူ ဆန့်ကျင်ကြ..။ 🙂

  • april

    November 8, 2010 at 11:10 pm

    အကြံကြီးပါပေ့ ကိုအောင်ပုရယ်….အလှူပေးလိုက်ရင်တော့ နောက်ဘဝအတွက် ကောင်းသွားတာပေါ့ 😛

  • etone

    November 9, 2010 at 3:10 am

    မြန်မာလူမျိုးတယောက်ရဲ့စိတ်နဲ့တော့ တော်တော်လေးနားလည် ရခက်တယ်နော် ။ ဒါမျိုးတွေဖြစ်မလာဖို့အတွက် ကြိုတင်ကာကွယ်တဲ့နည်းက အကောင်းဆုံးပါ ။ ကိုယ်ဝန်မရအောင်ကာကွယ်နိုင်အောင်ဗဟုသုတပညာပေး အစီစဉ်တွေ တွင်တွင်ကျယ်ကျယ်လုပ်သင့်တယ်ထင်တယ် ။

  • weiwei

    November 9, 2010 at 4:05 am

    ပညာပေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပါတယ် … ဒါပေမယ့်လဲ မတော်တဆနဲ့ အကြောင်းမသင့်ပဲ ဖြစ်လာတဲ့ အရေအတွက်ကလဲ မနဲဘူးလေ …

Leave a Reply