ဒေါသသင့်တယ်..သင့်တယ်နဲ့ကြားဖူးကြမှာပါ။ စာ၊ကဗျာတွေမှာ ပြောပါတယ်..။
အဲဒါမှာ ဘယ်ကဘယ်လို သင့်ကြတယ်ဆိုတဲ့အကြောင်းနဲ့ သင့်ပုံသင့်နည်းတွေဖေါ်ပြထားတဲ့ ဆောင်းပါးကို အင်တာနက်မှာတွေ့ လို့တင်ပေးလိုက်ပါတယ်။
ကဗျာသမား၊၊စာသမားတွေ လိုက်နာရမယ်တော့မဟုတ်ပါဘူး။ ဒါကြောင့် “သင့်ကြောင့် ဒေါသမသင့်ပါစေနှင့် ”ဆိုတာက စိတ်ဝင်စားအောင် ရေးလိုက်တာရယ်ပါလို့။ …ဒါပေမဲ့ မြန်မာ့ကဗျာ…ဆိုတာက ..ဒီလိုဒီလို..ဥပဒေသစည်းကမ်းလေးတွေရှိတယ်ဆိုတာ သတိထားမိနိုင်အောင်ပါ။ ဆောင်းပါးတွေ ၀တ္ထုတွေမှာလည်း ဆိုင်ရာဆိုင်ရာတွေ ထည့်တွေးပြီး “ဒေါသမသင့်” ဖြစ်ကြစေလိုပါတယ်။ စည်းကမ်းသဘောက အတူတူပါပဲ။

စည်းကမ်းတွေနောက်အတင်းလိုက်ပြီး ညှိယူနေရင်လည်း အနုပညာပျက်ပြီး မရိုးမသားတွေ ဖြစ်ကုန်တာမို့ …အနုပညာဆိုတာ “ရိုးသားမှုကိုအခြေခံတယ်”ဆိုတာလေး နှလုံးသွင်းပြီး အတင်းကြီးလုပ်ယူမနေရင် “လှ”လာတာပါပဲလို့..။”လှ”မှတော့ လူတွေစိတ်ဝင်စားပြီး ဖတ်ကြ၊ဆွေးနွေးကြ၊ ဝေဖန်ကြနဲ့ အနုပညာမြောက်ပြီပေါ့နော။

ဘာပဲဖြစ်ဖြစ် ဒီလိုစည်းကမ်းတွေရှိတာကလူမျိုးခြားတွေကို ကြွားလို့ရသပေါ့…။ စိတ်ဝင်စားရင်..ကဗျာကျမ်းစာအုပ်လေးငါးအုပ်ရှိပါသေးတယ်..။ဖတ်ပြီးရင် တင်ပေးမယ်လေ။

======

ကဗျာ၌ သင့်သော ဒေါသ

Saturday, December 13, 2008

ဒေါသမကင်းသောစာ (၁)၊ (၂) ကို တင်ပြပြီးကာမှ ကဗျာရေးတဲ့ သူတွေအတွက်လည်း အသုံးတည့်အောင် အခု ဒီပို့စ်ကို ရေးပြီး ဝေမျှလိုက်ပါတယ်။ တကယ်တမ်း ဆိုရင် ဒီလို အပြစ်အနာတွေက စာမှာဖြစ်ဖြစ်၊ ကဗျာမှာဖြစ်ဖြစ် အတူတူတွေချည်းပါ။ ပို့စ်တစ်ခုအနေနဲ့ သီးခြား ခွဲပြီး ဖော်ပြရတဲ့ အကြောင်းကတော့ ဥပမာ ဥပမေယျတွေ ပေးတာ မတူလို့ပါ။ စာမှာတော့ စာကြောင်း၊ ဝါကျတွေနဲ့ ဥပမာ ပေးပြီး အခု ဒီကဗျာမှာ ဆိုရင်လည်း ကဗျာလေးတွေကို ဥပမာပေးပြီး ရေးသွားမှာပါ။ ဒါဆို ကဗျာသမားတွေအတွက် ပိုပြီး သိသာထင်ရှား မြင်သာထင်သာ ဖြစ်သွားပါလိမ့်မယ်။ ဒေါသတွေရဲ့ နာမည်နဲ့ အဓိပ္ပာယ် သက်မှတ်ချက်တွေကတော့ အတူတူချည်းပါ။ ဒေါသ တစ်ခုချင်းစီအတွက် အဓိပ္ပာယ် သက်မှတ်ချက်၊ ဥပမာ ကဗျာစာပိုဒ်၊ အပြစ်သင့်ပုံ အကြောင်းအရင်း နဲ့ အပြစ်ဖြေပုံ ဆိုပြီး လေးပိုင်းစီ ခွဲပြသွားပါမယ်။ ထုံးစံအတိုင်း ပါဠိစကားလုံးတွေ ပါလာမှာမို့ အဲဒီစကားလုံးတွေကြောင့် ရှိန်ပြီး မဖတ်ချင် ဖြစ်သွားမှာလည်း စိုးပါတယ်။ ပါဠိစကားလုံးတွေကို ကျော်ပြီး ဖတ်သွားစေချင်တယ်။ မြန်မာစာရဲ့ ရေးနည်း၊ ဖွဲ့နည်း၊ သဒ္ဒါနည်းတွေဟာ ပါဠိကျမ်းစာတွေကနေ အများစု အတုယူး ရေးထားတာ ဖြစ်တာကြောင့် ပါဠိဝေါဟာရတွေနဲ့ ကင်းလို့ကို မရပါဘူး။ မြန်မာမှုပြုပြီး မြန်မာနာမည်တွေ ပေးထားတယ် ဆိုပေမယ့်လည်း မူရင်း ပါဠိနာမည်တွေလည်း မပျောက်ပျက်စေချင်တဲ့ သဘောနဲ့ ပါဠိဝေါဟာရတွေပါ ထည့်သွင်း တင်ပြပေးလိုက်ပါတယ်။ ဓမ္မာစရိယ ဦးထွန်းရွှေ ပြုစုထားတဲ့ ကဗျာစွယ်စုံကျမ်းကြီး ကို ကိုးကားတင်ပြမှာ ဖြစ်ပါတယ်။

ကဗျာမှာ သင့်နိုင်တဲ့ ဒေါသကို ဖွဲ့စည်းပုံအားဖြင့် သုံးပိုင်း ခွဲပြီး ပြောပါ့မယ်။
(၁) ပုဒ်တစ်ပုဒ် (တစ်ပဒ) ချင်းစီမှာ မှားတတ် ငြိစွန်းတတ်တဲ့ ဒေါသ – ပဒဒေါသ ရှစ်ပါး၊
(၂) ဝါကျတစ်ခုလုံးကို ငြိစွန်း ထိခိုက်စေတတ်တဲ့ ဒေါသ – ဝါကျဒေါသ ကိုးပါး နဲ့
(၃) ဝါကျတွေရဲ့ အနက်အဓိပ္ပာယ်ကို ငြိစွန်းလို့ သင့်တတ်တဲ့ ဒေါသ – ဝါကျတ္ထဒေါသ ခြောက်ပါး
စုစုပေါင်း – (၂၃) ပါး ကို ခွဲခြားဝေဖန် စီစစ်သုံးသပ် ပြဖို့ ရည်ရွယ်ထားပါတယ်။

ပဒဒေါသ (၈) ပါး ဆိုတာ

1. ဝိရုဒ္ဓတ္ထန္တရ ဒေါသ
2. အဓျတ္ထ ဒေါသ
3. ကိလိဋ္ဌ ဒေါသ
4. ဝိရောဓိ ဒေါသ
5. နေယျ ဒေါသ
6. ဝိသေသနပေက္ခ ဒေါသ
7. ဟိနတ္ထက ဒေါသ
8. နေတ္ထက ဒေါသ

ဝိရုဒ္ဓတ္ထန္တရ ဒေါသ
အဓိပ္ပာယ် – ကိုယ်သုံးထားတဲ့ စကားလုံးဟာ ကိုယ်လိုချင်တဲ့ အဓိပ္ပာယ်တင် မကဘဲ သူ့ရဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ပါ ထွက်နေခြင်း။
ဥပမာ – စိန်ကိုဝေပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။
အကြောင်းအရင်း – စိန် ဆိုတာ ရတနာစိန် ဖြစ်နိုင်သလို၊ အဆိပ်စိန်လည်း ဖြစ်နိုင်ပါတယ်။
ဖြေနည်း – အမြတ်စိန်ပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။

အဓျတ္ထ ဒေါသ
အဓိပ္ပာယ် – ထိုက်သင့်တဲ့ ရှိသင့်တဲ့ ဂုဏ်ထက် ပိုပြီး လွန်လွန်ကြူးကြူး ဖွဲ့ဆိုထားခြင်း။
ဥပမာ – ဆယ်ရပ်ဒီသာ၊ ထွန်းလင်းဖြာလျက်၊ ရောင်ဝါကွန့်မြူး၊ ပိုးစုံးကြူးသည်၊ …
အကြောင်းအရင်း – ပိုးစုံးကြူးတစ်ကောင် ပေးနိုင်တဲ့ အလင်းထက် မတန်မရာ ဖွဲ့ဆိုထားပါတယ်။
ဖြေနည်း – ပိုးစုံးကြူးငယ်၊ ရောင်တသွယ်ဖြင့်၊ ရပ်ဆယ်လုံးပိုင်၊ မလင်းနိုင်တည့်။

ကိလိဋ္ဌ ဒေါသ
အဓိပ္ပာယ် – အသိခက်တဲ့ နားလည်ရခက်တဲ့ ပုဒ်ကို အသုံးပြုထားခြင်း။
ဥပမာ – သုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ။
အကြောင်းအရင်း – သုံး အရ၊ လေး အရ၊ ငါး အရ အဓိပ္ပာယ်ကို သိဖို့ ခက်နေပါတယ်။
ဖြေနည်း – သုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ၊ ဤပုစ္ဆာ ပဟေဠိကို၊ ဖြေညှိဖို့ပဲ။
အသိခက်အောင် ပဟေဠိဆန်ဆန် ရေးပြီး ဖြေဖို့ တောင်းဆိုထားတာကြောင့် ဒေါသ လွတ်ပါတယ်။

ဝိရောဓိ ဒေါသ
အဓိပ္ပာယ် – ထုံးတမ်းစဉ်လာ၊ ကျင့်သုံးမြဲဖြစ်တဲ့ ဓမ္မတာ နဲ့ လောကသဘာဝ ဓမ္မတာတွေကို ဖီလာဆန့်ကျင့်ပြီး ရေးသားထားခြင်း။
ဥပမာ – တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုမပူ၊ ချမ်းစွာ့ဟူ၏။
အကြောင်းအရင်း – ဖတ်ကြည့်ရင် နားလည်မှာပါ။ လောကဓမ္မတာ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ မကိုက်ညီတာကို တမင် ရေးဖွဲ့ထားပါတယ်။
ဖြေနည်း – သုံးလူ့မြတ်ရိပ်၊ ဘုန်းဂုဏ်ဟိတ်ကြောင့်၊ တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုသော်ပင်၊ ချမ်းစွာ့ထင်၏။
ဘုရားဘုန်းတော်၊ ဂုဏ်တော်ကြောင့် အဲဒီလို ထင်မိပါတယ်လို့ ရေးဖွဲ့ထားတာပါ။

နေယျ ဒေါသ
အဓိပ္ပာယ် – အနက်အဓိပ္ပာယ် မထင်မရှား ဖြစ်နေလောက်အောင် ပုဒ်တစ်ပုဒ် လိုနေခြင်း
ဥပမာ – ဖြူဖွေးအရောင်၊ ညဥ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။
အကြောင်းအရင်း – ညသန်းခေါင် အချိန်မှာ ဖွေးဖွေးဖြူတယ်လို့ ရေးဖွဲ့ထားပြီး အကြောင်းအရင်းမပါဘူး။
ဖြေနည်း – ဝိဇ္ဖူနွယ်သေး၊ လျပ်စစ်ရေးကြောင့်၊ ဖြူဖွေးအရောင်၊ ညဥ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။

ဝိသေသနပေက္ခ ဒေါသ
အဓိပ္ပာယ် – အထူးပြုသော ဝိသေသနပုဒ် လိုအပ်နေခြင်း
ဥပမာ – သူသည်မျက်စိ၊ စေ့စေ့ကြည့်၏။
အကြောင်းအရင်း – မျက်စိနဲ့ စေ့စေ့ကြည့်တယ် ဆိုပေမယ့် မုန်းလို့ ကြည့်တာလား၊ ချစ်လို့ ချစ်တာလား ဆိုတဲ့ ဝိသေသန လိုနေပါတယ်။
ဖြေနည်း – ကြည်လင်မျက်စိ၊ စေ့စေ့ကြည့်၏။
(ချစ်ခင်စွာ) စိတ်သဘောထား ကြည်လင်စွာနဲ့ ကြည့်တယ် ဆိုတဲ့ သဘောပါ။

ဟိနတ္ထက ဒေါသ
အဓိပ္ပာယ် – ဂုဏ်ကြီးမြင့်တဲ့ အရာဝတ္ထုတစ်ခုခုကို သေးသိမ်တဲ့ ပုဒ်နဲ့ ထပ်တူပြုထားခြင်း။
ဥပမာ – ပိုးစုံးရောင်ကို၊ ကုန်အောင်ပယ်ခွင်း၊ ထိုနေမင်းသည်၊ …
အကြောင်းအရင်း – ညအမှောင်တစ်ခုလုံး၊ ကြယ်ရောင်၊ လရောင်တွေကိုပါ ဖယ်ခွင်းနိုင်တဲ့ နေမင်းကြီးကို ပိုးစုံးကြူးရဲ့ အရောင်ကို ဖယ်ခွင်းနိုင်တယ်လို့ မူလဂုဏ်ကို ညိုးငယ်အောင် ထပ်တူပြုထားတယ်။
ဖြေနည်း – လရောင်ဖွေးဖွေး၊ ပယ်နိုင်သေး၏၊ ပိုးမြေးရောင်ဟူ၊ လေးမမူသည့်၊ တစ်ဆူနေမင်း၊ …

နေတ္ထက ဒေါသ
အဓိပ္ပာယ် – အနက်အဓိပ္ပာယ် သီးခြင်း မရှိဘဲ ကာရန်ဖြစ်ရုံ၊ ပြည့်ရုံ ထည့်ထားခြင်း
ဥပမာ – ဘိုးစဉ်ဘောင်ဆက်၊ ဘေးလက်ထက်က၊ …
အကြောင်းအရင်း – “ဘောင်” ဆိုတဲ့ အက္ခရာဟာ သီးခြား အဓိပ္ပာယ် မရှိဘဲ ပုဒ်ကာရန် ပြည့်ရုံ ထည့်ထားတယ်။
ဖြေနည်း – ဘိုးမှစဉ်ဆက်၊ ဘေးလက်ထက်က၊ …
အထက်က ပြထားတဲ့ ပုဒ်မှာ “ဘောင်” ဆိုတဲ့ စကားလုံးကို ပဒ ပူရဏ လို့ခေါ်ပါတယ်။ ဝါစာသိလိဋ္ဌ လို့လည်း ခေါ်ပါတယ်။
===================
ကဗျာ၌ သင့်သော ဒေါသ (၂)
Wednesday, December 17, 2008

ဝါကျဒေါသဆိုတာ ပုဒ်တစ်ပုဒ်တည်းကိုပဲ ငြိစွန်းတတ်တဲ့ ဒေါသမျိုးမဟုတ်ဘဲ ဝါကျတစ်ခုလုံးမှာ သက်ရောက်သွားစေတဲ့ ဒေါသမျိုး အပြစ်မျိုးကို ဝါကျဒေါသလို့ ခေါ်ပါတယ်။ စုစုပေါင်း (၉) ပါးရှိတယ်။

1. ဧကတ္ထ ဒေါသ
2. ဘဂ္ဂရီတိ ဒေါသ
3. ဗျာကိဏ္ဏ ဒေါသ
4. ဂါမ္မ ဒေါသာ
5. ယတိဟီန ဒေါသ
6. ကမစ္စုတ ဒေါသ
7. အတိဝုတ္ထ ဒေါသ
8. အပေတတ္ထ ဒေါသ
9. သဗန္ဓဖရုသ ဒေါသ တို့ပဲ ဖြစ်တယ်။

ဧကတ္ထ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ကြောင်းမှာ သဒ္ဒါ အနေနဲ့ ဒါမှမဟုတ် အဓိပ္ပာယ်အနေနဲ့ တူနေပါလျက်နဲ့ အကြိမ်ကြိမ် ခဏခဏ ဆိုသလို သုံးနှုန်းနေခြင်း
ဥပမာ – မိုးရေပေးတတ်၊ မိုးတိမ်ထပ်သည်၊ …
အကြောင်းအရင်း – မိုးတိမ်က ဆိုမှတော့ မိုးရေ ပေးမယ်ဆိုတာ သိလျက်နဲ့ “မိုး” ဆိုတဲ့ စာလုံးကို ထပ်ခါထပ်ခါ သုံးထားတယ်။
ဖြေနည်း – ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ အံ့သြခြင်း စတာ တစ်ခုခုကြောင့် ဒီလို အကြိမ်ကြိမ် အာမေဍိတ် အနေနဲ့ သုံးမယ်ဆိုရင် ဒေါသက လွတ်ပါတယ်။

အာမေဍိတ် (၈) မျိုးရှိပါတယ်။
၁။ ဘယ – ကြောက်ခြင်း။ “သူခိုးသူခိုး၊ အော်လျက်နှိုး၏”
၂။ ကောဓ – အမျက်ထွက်ခြင်း။ “ထိုးလော့ထိုးလော့၊ အားမလျော့နှင့်”
၃။ ပသံသ – ချီးမွမ်းခြင်း။ “ကောင်းစွကောင်းစွ၊ လူ့ဘုံရခဲ”
၎။ တုရိတ – အဆောတလျင်ပြုခြင်း။ “မြန်မြန်ယခု၊ အမောင်ပြုလော့”
၅။ ကောတုဟလစ္ဆရ – အုတ်အုတ်ကျက်ကျက် ဖြစ်၍ အံ့သြခြင်း။ “အလိုဟောဟော၊ ဘယ်သဘောလိမ့်”
၆။ ဟာသ – ရယ်ရွှင်ဝမ်းမြောက်ခြင်း။ “အလိုဟားဟား၊ ရွှင်ဖွယ်များလှ”
၇။ သောက – စိုးရိမ်ခြင်း။ “သားလှသားလှ၊ ဘယ်နားကြွလိမ့်”
၈။ ပသာဒ – ကြည်ညိုခြင်း။ “ဘုရားဘုရား၊ ကြည်ညိုများ၏”

ဘဂ္ဂရီတိ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ခုမှာ စကား အသွားအလာအရ သုံးထားတဲ့ ဝိဘတ်ပုဒ် ကို ရှေ့ကလို သုံးရိုးသုံးစဉ် မဟုတ်ဘဲ ဖောက်ပြန် အသုံးပြုခြင်း
ဥပမာ – ဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ ဟိုမှာဟိုလမ်း၊ ဟိုစခန်း၌၊ …
အကြောင်းအရင်း – “ဤ” အက္ခရာကို ဆက်တိုက် သုံးလာပြီးမှ နောက်ပိုင်း “ဟို” အက္ခရာကို ပြောင်းသုံးတယ်။
ဖြေနည်း – ဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ဤမှာဤလမ်း၊ ဤစခန်း၌၊ …

ဗျာကိဏ္ဏ ဒေါသ
အဓိပ္ပာယ် – စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားဘဲ မစပ်သင့်တဲ့ ပုဒ်ချင်း အနီးကပ်ထားလို့ ဖြစ်လာတဲ့ ရောနှော ရှုပ်ထွေးမှု
ဥပမာ – ဗုဒ္ဓမြတ်စွာ၊ ရှိပန်ထွာ၍၊ ရှစ်ဖြာဓမ္မ၊ ဦးညွတ်ခလျက်၊ ဆယ်ဝသံဃာ၊ ဤသုံးဖြာကို၊ …
အကြောင်းအရင်း – ဓမ္မ ဆယ်ပါး၊ သံဃာ ရှစ်ပါး ရှိတာကို ပုဒ်တွေ ရောယှက်နေတယ်။
ဖြေနည်း – ဗုဒ္ဓမြတ်စွာ၊ ဆယ်ဓမ္မာနှင့်၊ ရှစ်ဖြာသံဃ၊ ဤသုံးဝကို၊ နေ့ညရိုကျိုး၊ ရှိရှင်ခိုးလျက်၊ …

ဂါမ္မ ဒေါသ
အဓိပ္ပာယ် – ရိုင်းပြတဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေကို စကား ပရိယာယ်စဉ်ပြီး မပြောဘဲ တည့်ထိုး ပြောဆိုရေးသားခြင်း
ဥပမာ – မယ့်ကိုလှိုက်လှိုက်၊ ချစ်ခါကြိုက်လို့၊ ပွေ့ပိုက်နှစ်ကိုယ်၊ ပေါင်းဖက်လို၏ (ဒီခေတ်ပိုင်းမှာတော့ ဒီစာဟာ သိပ်ရိုင်းလှတဲ့ စာတော့ မဟုတ်တော့ပါဘူး)
အကြောင်းအရင်း – ချစ်ကြိုက်၊ ပွေ့ပိုက်၊ ပေါင်းဖက် ဆိုတဲ့ စကားလုံးတွေကို တည့်ထိုး သုံးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတော့ ဒါတွေကို ဒဲ့ပြောရင် ရိုင်းတယ်ပေါ့ဗျာ။ အခုခေတ်မှာတော့ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်းနဲ့ ကိုင်တုတ်တဲ့ ကဗျာစာပိုဒ်မျိုးတွေကို ဆိုလိုပါတယ်။
ဖြေနည်း – မယ့်ကိုမြင်ရ၊ ယဉ်စစမို့၊ ဘဝမကွာ၊ ကြည်အေးစွာဖြင့်၊ မေတ္တာရေစင်၊ နှောလိုက်ချင်ဘိ။

နောက်တစ်နည်း

အဓိပ္ပာယ် – ဝါကျတစ်ခုမှာ ပုဒ်တွေကို ဖတ်တဲ့အခါ ဖြတ်သင့်ရာဖြတ်၊ ရပ်သင့်ရာ မရပ်ဘဲ မတွဲဖတ်သင့်တဲ့ ပုဒ်နှစ်ခုကို တွဲဆိုလိုက်မိရင် လည်း ဂါမ္မဒေါသ သင့်တတ်ပါတယ်။
ဥပမာ – လက်လေးသစ်အောက်၊ ကျဉ်းအပေါက်နှင့်၊ တွင်း-စောက်-ပတ်-လည်၊ လက်သစ်ညီအောင်၊ …
အကြောင်းအရင်း – အထက်က ကဗျာစာပိုဒ်မှာ စောက် နဲ့ ပတ် ကို စပ်ပြီး “တွင်း-စောက်ပတ်-လည်” လို့ ဖတ်မိရင် ဂါမ္မဒေါသ သင့်ပါတယ်။
ဖြေနည်း – အဲဒီလို ပုဒ်မျိုးကို သုံးဖို့ လုံးဝ ပိတ်ပင်ပါတယ်။

ယတိဟီန ဒေါသ
အဓိပ္ပာယ် – စကားလုံး တစ်လုံးနဲ့ တစ်လုံးကြား ရပ်သင့် ဖြတ်သင့်တဲ့ နေရာမှာ မရပ်မဖြတ်ဘဲ မဖြတ်သင့်တဲ့ နေရာမှာ ပုဒ်ဖြတ်ခြင်း။
ဥပမာ – ကုသိုလ်ကိုပြု၊ ၍ထိုမှုကြောင့်၊ တောင်းဆုလိုရာ၊ …
အကြောင်းအရင်း – ပုဒ်မဖြတ်သင့်တဲ့ “ပြု” နဲ့ “၍” ကြားမှာ ပုဒ်ဖြတ်ထားပါတယ်။
ဖြေနည်း – ကုသိုလ်ပြု၍၊ ထိုမျိုးစေ့ကြောင့်၊ အပြည့်ဆုဆို၊ …

ကမစ္စုတ ဒေါသ
အဓိပ္ပာယ် – သုံးနေကျ၊ ဖြစ်နေကျ အစဉ်အလာကို ဖီလာဆန့်ကျင့်ပြီး ဖွဲ့ဆိုထားခြင်း။
ဥပမာ – လယ်မြေမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ မြို့ကိုမလော့၊ …
အကြောင်းအရင်း – သဘာဝအရ လယ်မြေထက် ရွာမြေက ဈေးပိုရမယ်။ ရွာမြေထက် မြို့မြေက ပိုတယ်။ သူများရဲ့ ပစ္စည်းကို တောင်းလို့ မပေးရင် အများကနေ တဖြည်းဖြည်းနဲ့ လျှော့တောင်းရတဲ့ သဘာဝပဲ ရှိတယ်။ အခု ဝါကျအရ လယ်မြေကိုတောင် တောင်းလို့ မရတာ ရွာမြေကို တောင်းမယ်၊ မရရင် မြို့မြေကို တောင်းမယ် ဆိုတော့ သဘာဝကို ဖီဆန်နေပါတယ်။
ဖြေနည်း – မြို့ကိုမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ လယ်ကိုမလော့၊ …

အတိဝုတ္ထ ဒေါသ
အဓိပ္ပာယ် – ဖြစ်မြဲဖြစ်စဉ်ထက် ပိုပိုသာသာ အကြွားပိုပြီး ရေးဖွဲ့ထားခြင်း
ဥပမာ – သားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ ကျဉ်းအံ့ထင်၏။
အကြောင်းအရင်း – သားကို ဆွဲပြီးဖြန့်တာ ကောင်းကင်နဲ့တောင် မဆံ့လို့ ကျဉ်းတယ်လို့ ထင်မိကြောင်း လွန်လွန်ကျူးကျူး ရေးဖွဲ့ထားတယ်။
ဖြေနည်း – သားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ မဖြစ်လျှင်တည်း။
ကောင်းကင်မှာ မဆံ့ဘူးဆိုတာ မဖြစ်နိုင်ဘူး လို့ ရေးဖွဲ့တာကြောင့် ဒေါသလွတ်ပါတယ်။

အပေတတ္ထ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ခုလုံး ခြုံငုံပြီး အဓိပ္ပာယ် ယူကြည့်လိုက်ရင် ဟိုလိုလို ဒီလိုလိုနဲ့ မရေမရာ အဓိပ္ပာယ်သက်ရောက်နေခြင်း။
ဥပမာ – နွားမသားငယ်၊ ခေါင်းပေါင်းဝယ်၍၊ ပင်လယ်ရေငန်၊ ချစ်နလန်ထ၊ …
အကြောင်းအရင်း – စကားတစ်ပိုဒ်ချင်းစီ အဓိပ္ပာယ် ရှိနေပေမယ့် ဝါကျတစ်ခုလုံး ပေါင်းစပ် ယူလိုက်တော့ ဘာ ဆိုလိုမှန်းကို မသိဘူး ဖြစ်သွားတယ်။
ဖြေနည်း – အဲဒီလို ရေးတာဟာ ကလေးစကား၊ အရူးစကားလို့ သိသာအောင် ဖော်ပြမယ်ဆိုရင် ဒေါသလွတ်ပါတယ်။

သဗန္ဓဖရုသ ဒေါသ
အဓိပ္ပာယ် – ဝါကျမှာ အသံကို ခပ်ပြင်းပြင် ရွတ်ဆိုရတဲ့ အက္ခရာတွေ ဖောဖောသီသီ သုံးထားတာကြောင့် ဖတ်ရတာ မာဆပ်ဆပ် ဖြစ်နေခြင်း။
ဥပမာ – မခေါ်ခင်များ၊ မယ်ကခါး၍၊ ဆွဲထားထပ်ခါ၊ တခါခါနှင့်၊ …
အကြောင်းအရင်း – ကြမ်းကြမ်းတမ်းတမ်း၊ ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ (ခ) အက္ခရာ နဲ့ (ထ) အက္ခရာတွေကို အများကြီး သုံးထားပါတယ်။
ဖြေနည်း – ဒီလို ဝါကျမျိုးကို ဖာထေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ အဲလို ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ အက္ခရာတွေ လျှော့သုံးဖို့ပါပဲ။

မှတ်ချက်။  ။ http://pikay.myanmarbloggers.org/2008/12/blog-post_17.html မှကုးယူပါသည်။ ကဗျာ၌သင့်သော ဒေါသ ၁၊ ၂ ကိုတစုတပေါင်းတည်းဖေါ်ပြထားပါသည်။

kai

About kai

Kai has written 939 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.