လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်ပွဲနှင့် နို်င်ငံရေးချိန်ခွင်လျှာ

ဘယ်လိုစစ်ပွဲမှာ သင်ဝင်တိုက်နေတယ်ဆိုတာ နားလည်ခြင်းဟာ အောင်ပွဲရဲ့ ပထမဆုံးခြေလှမ်းပဲ”

(ဗိုလ်ချုပ်အန်တိုနီဇင်နီ)

နိဒါန်း

တော်လှန်ရေးတရပ်၏ ကံကြမ္မာသည် တော်လှန်သူများ၏ အတွေးအခေါ်ပြတ်သားမှု၊ ဆုံးဖြတ်ချက် ခိုင်မာမှု၊ စနစ်တကျဆောင်ရွက်မှုတို့ အပေါ်တွင် တည်မှီနေသဖြင့် အတွေးအခေါ် ရှုပ်ထွေးဝေဝါးမှုများဖြင့် တော်လှန်ရေး၏ အရှုံးကို ကိုယ်တိုင်မဆုံးဖြတ်မိစေရန် သတိပြုရမည်” တဲ့။ ဒီစကားစုလေးကို စကြားခါစ က နည်းနည်းတော့ မရှင်းသလိုဖြစ်နေခဲ့တယ်။ တော်လှန်သူများ ကိုယ်တိုင်က တော်လှန်ရေးအရှုံးကို ဆုံးဖြတ်မိသလို ဖြစ်တတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီးပါ။ နောက်ပိုင်းကျတော့ နိုင်ငံရေးချိန်ခွင်လျှာညှိဖို့မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးသမား အချို့ရဲ့ ပြောဆို ဝေဖန်သံတွေကြားလာခဲ့ရတယ်။ “လက်နက်ကိုင်တော်လှန်ရေး ခေတ်ကုန်နေပြီ”၊ “လက်နက်ကိုင် တော်လှန်ရေးလုပ်တာ ဦးနှောက်မရှိသူတွေပဲလုပ်တာ” ဆိုပြီး ပြောဆိုသံတွေ ထွက်လာသလို “ဒီမိုကရေစီ တိုက်ပွဲဆိုတာ လက်နက်နဲ့တိုက်လို့မရဘူး။ ညင်သာစွာ ပြောင်းမှရတာ။ နအဖအခင်းအကျင်း အတိုင်းလိုက် လျှောက်ပြီး ဖြည်းဖြည်းချင်းပြောင်းယူရမှာ” ဆိုတဲ့ ဒူးထောက်ကျောသပ်ခံရေး အတွေးအမြင်တွေလည်း ထွက်ပေါ်လာပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်၊ နိုင်ငံရေးချိန်ခွင် လျှာဆိုတဲ့ စကားလုံးလေးတွေကို သတိသွားရမိပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနှင့်ဒီမိုကရေစီ

မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ရန် လိုအပ်တယ်တဲ့”။ ဒီဥပဒေသဟာ ရှေး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကမ္ဘာအရပ်ရပ်မှာ ကျင့်သုံးခဲ့ကြတဲ့ဥပဒေသပါ။ ကမ္ဘာပေါ်မှာဖိနှိပ်သူ လူတန်းစားဆိုတာ ရှိနေသရွေ့ အဖိနှိပ်ခံလူတန်းစားတွေ ရှိကြစမြဲ ဖြစ်သလို၊ ဖိနှိပ်သူတွေကို အဖိနှိပ်ခံရသူ တွေက တော်လှန်ပုန်ကန်မှု ဆိုတာဟာလဲ အချိန်မရွေး ပေါ်ပေါက်နေနိုင်စမြဲပါပဲ။ အချို့က ဒီမိုကရေစီတော် လှန်ရေးမှာ စစ်ပွဲဆိုတာမလိုအပ်ဘဲ ညင်သာစွာပြောင်းလဲမှုပဲ လိုအပ်တယ်လို့ ဆိုတတ်ကြပါတယ်။ လက်နက်မဲ့တော်လှန်ရေး (Revolutions without arms) ဆိုတဲ့ သဘောတရားကို ဦးစားပေးဖော်ပြတတ်ကြပါတယ်။

သို့ပေမယ့်လဲ ကမ္ဘာတဝှမ်းက ဒီမိုကရေစီလှိုင်းလုံးကြီးများကို လေ့လာကြည့်တာနဲ့ ဒီမိုကရေစီကူး ပြောင်းမှုဖြစ်စဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲများကြားက ဆက်နွယ်မှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ် (Democratization) ကို ဖြစ်စေနိုင်တဲ့ ပြဌာန်း ချက် ခြောက်ချက်ရှိပါတယ်။ ဒီခြောက်ချက်ထဲမှာ transnational and international engagements including war ဆိုတဲ့အချက်ကို အရေးပါသော အချက်တချက်အဖြစ် ပညာရှင်များက မီးမောင်းထိုးပြထား ကြပါတယ်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမအဆင့် ဒီမိုကရေစီပြောင်း လဲမှုဖြစ်စဉ်ဟာ anti-imperial struggle တခုဖြစ်တဲ့ အမေရိကန်တော်လှန်ရေးကနေ စတင်ခဲ့တာဖြစ်ပါ တယ်။ အသွင်ကူးမှုဒုတိယအဆင့်ကျတော့ အမေရိကန်ပြည်တွင်းစစ်ကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်တယ် လို့ ပညာရှင်အချို့ကဆိုခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စု ဒီမိုကရေစီဟာ တော်လှန်ရေးစစ်ပွဲ အပေါ်မှာ အခြေပြုပေါ်ပေါက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒီလိုပါပဲ။ ဥရောပမှာဆိုရင်လဲ ပြင်သစ်တော်လှန်ရေး (၁၇၉၈) ဟာ မြေရှင်ပဒေသရာဇ်စနစ်နဲ့ royal absolutist rule ကို ချုပ်ငြိမ်းပြီး၊ ဒီမိုကရေစီလမ်းကြောင်း ကို ဦးတည်စေခဲ့ပါတယ်။ ဥရောပတောင်ပိုင်းက ပေါ်တူဂီနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာလဲ တော်လှန်ရေးစစ်ပွဲအသွင်သဏ္ဍာန်နဲ့ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်များကို လေ့ လာပြီး၊ နိုင်ငံရေးသုတေသီ Dankwart Rustow က ဒီမိုကရေစီဆိုတာ ပဋ္ဋိပက္ခတွေက မွေးဖွားလာတာ ဖြစ်ပြီး၊ ကမ္ဘာတဝှမ်းက ဒီမိုကရေစီပြောင်းလဲမ ှုဖြစ်စဉ်များစွာမှာ ညင်သာစွာ ပြောင်းလဲမှုရှားပါးကြောင်း ပြောဆိုခဲ့ပါတယ်။ များသောအားဖြင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်ပါဝင်မှုမရှိဘဲ ရရှိခဲ့တဲ့ တော်လှန်ရေးအောင်ပွဲတွေကို ညွှန်းဆိုပြတဲ့အခါမှာ တောင်အာဖရိကနိုင်ငံကို ဥပမာပေးတတ်ကြပါတယ်။

သို့ပေမယ့် တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ Geopolitics အနေအထားလုံးဝမတူပါဘူး။ နိုင်ငံတကာ ဖိအားပေးမှုရဲ့ ထိရောက်နိုင်မှု အခြေအနေမတူသလို၊ ဒေသဆိုင်ရာလုံခြုံရေး (regional security) ရှုထောင့်ကနေ ရှုမြင်သုံးသပ်မှု အနေအထားတွေလဲ မတူပါဘူး။ ပြီးတော့ တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ စတင်ခဲ့တာက incumbent de Klerk government အနေနဲ့ဖြစ်ပြီး၊ ၁၉၉၃ စက်တင်ဘာကျမှ ပါဝါခွဲဝေကြားဖြတ်အစိုးရအဆင့်ကို တက်လှမ်းသွားခဲ့တာပါ။ ဒီလိုကူးပြောင်းမှုဖြစ်စဉ် ဆိုတာက အာဏာရှင်တွေဘက်က စတင်မှဖြစ်တာပါ။ စတင်လာအောင် တွန်းအားပေးမှုတွေကလဲ ထိ ရောက်စွာ လုပ်နိုင်မှဖြစ်တာပါ။ မြန်မာနိုင်ငံမှာကျတော့ နိုင်ငံတကာဖိအားကလဲ တောင်အာဖရိက တုန်းက လောက် ထိရောက်မှုရှိနိုင်မှာမဟုတ်သလို၊ မြန်မာနအဖရဲ့ strategic doctrine ကလဲ အတိုက်အခံအပြီး သတ် ချေမှုန်းရေးဖြစ်တာကြောင့်၊ ဒီလိုဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မျိုး မြန်မာပြည်မှာ လုံးဝဖြစ်လာစရာ အကြောင်းမရှိပါဘူး။

နောက်တမျိုးဖြစ်တဲ့ နမ်ဘီးယား၊ ကမ်ဘောဒီးယား ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွေလို နိုင်ငံတ ကာက ကြားဝင်လာပြီး၊ အပြည်ပြည်ဆိုင်ရာနိုင်ငံများ ပူးပေါင်းပါဝင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပြောင်းလဲမှုဖြစ် စဉ်စတင်ဖို့ဆိုတာကလဲ ဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဒီတော့ အသွင်ကူးပြောင်းမှုဖြစ်စဉ် အမျိုးအစားတွေမှာ က နှစ်မျိုးပဲ ကျန်ပါတယ်။ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့) ပါဝါရှယ်ယာ ကြားဖြတ်အစိုးရများမှတဆင့် ဒီမိုပြောင်းလဲမှုဖြစ်စဉ်ကို စတင်ဖို့ပါ။ ဒီလိုကြားဖြတ်အစိုးရတွေ စတင်နိုင်ဖို့ လူထုတိုက်ပွဲပုံစံ၊ လက်နက်ကိုင်တော်လှန်ရေး အသွင်သဏ္ဍာန်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေး ကြီးလှပါတယ်။

ပါဝါရှယ်ယာပုံစံ လုပ်မည်ထားဦး။ တပ်မတော်က တပ်မှူးများနဲ့ တပ်များ၊ လူထုနဲ့ ပူးပေါင်းလာနိုင်ဖို့က ကြိုတင်စည်းရုံး nominate လုပ်ထားဖို့တွေ လိုအပ်သလို၊ ထွက်လာနိုင်အောင် လမ်းခင်းပေးဖို့လဲ အ လွန်ကို လိုအပ်လှပါတယ်။ ယခုလက်ရှိ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့စည်းပုံ၊ ကွပ်ကဲပုံတွေက လူထုတိုက်ပွဲ အသွင်တမျိုးတည်းအနေနဲ့မှာ ပူးပေါင်းနိုင်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့များမှာလဲ ဒီလို အခြေအနေပါပဲ။ ရင်ဆိုင်ထိန်းချုပ်အနေအထားနဲ့ လှုပ်ရှားခွင်ကျဉ်းတဲ့ အနေအထားတွေမို့ စစ်မျက်နှာ အားလုံးဖွင့်လှစ်ထားမှသာ အခွင့်အလမ်းသာပြီး၊ အာဏာရှင်ကို ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ့် အခြေအနေ ဖြစ်လာပါမယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဟာ အလွန်ပဲ အရေး ကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်နက်ကိုင်တော်လှန်ရေးမဟုတ်ဘဲ လက်နက်မဲ့ တော်လှန်ရေးပဲ လုပ်ခဲ့မယ်ဆိုရင် ရန်သူနဲ့တိုက်ပွဲဝင်မယ့် အနေအထားဟာ ကန့်သတ်စစ်ပွဲ ပုံသဏ္ဍာန်မျိုးဖြစ်သွားပါပြီ။

ကန့်သတ်စစ်ပွဲ

စစ်မဟာဗျူဟာရေးရာမှာ အလုံးစုံစစ်ပွဲနဲ့ ကန့်သတ်စစ်ပွဲ သဘောတရားတွေဟာ အလွန်ပဲ အရေးပါ လှပါတယ်။ အလုံးစုံစစ်ပွဲဆိုတာက အဆုံးသတ်အောင်ပွဲကိုရဖို့အတွက် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ စီးပွား ရေးအရင်းအမြစ်နဲ့ လူထုအင်အားတွေအပေါ်မှာ ကန့်သတ်ချက်လုံးဝမထားပဲ တိုက်ပွဲဝင်တဲ့ စစ်ပွဲသဏ္ဍာန် ဖြစ်ပါတယ်။ ကန့်သတ်စစ်ပ ွဲဆိုတာကတော့ အဆုံးသတ်အောင်ပွဲကို မရည်ရွယ်ထားပါဘူး။ တကွေ့မှာ Bargained termination ကို ဦးတည်တာဖြစ်တဲ့အတွက်ကြောင့် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ အင်အား စတာတွေအပေါ်မှာ တမင်တကာ ကန့်သတ်ချက်တွေထားရှိပြီးမှ တိုက်ပွဲဝင်တာပါ။ ဒီလိုတမင်တကာ ကန့်သတ်ချက်ထားတာဟာ များသောအားဖြင့် တိုက်ပွဲဝင်မှုနည်းလမ်းတွေမှာ ဖြစ်ပါတယ်။ ဥပမာ ဗုံး တော့ကြဲမယ်၊ နူးကလီးယားဗုံးမဟုတ်ရဘူး။ ဒါပေမယ့် ပေါက်ကွဲအားပြင်းထန်တဲ့ conventional bomb တော့ ဖြစ်ရမယ်ဆိုတာမျိုးတွေပါ။ ဒါပေမယ့် ဒီလိုကန့်သတ်စစ်ပွဲဆင်နွှဲတဲ့အခါမှာ အရေးကြီးဆုံးပြဿနာ တရပ်ကိုတော့ ရင်ဆိုင်ရတတ်ပါတယ်။ စစ်ပွဲကြာရှည်မှုရဲ့ strain တွေပါ။

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြားမှာ ကန့်သတ်စစ်ပွဲ မဟာဗျူဟာကို security calculus ပေါ်အခြေခံ တွက်ချက် ချမှတ်တတ်ကြပါတယ်။ ပြည်တွင်း တော်လှန်ရေးများမှာကျတော့ ကန့်သတ်စစ်ပွဲဆင်နွှဲဖို့က အလွန်ပဲခက်ခဲလှပါတယ်။ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁၆၅) နဲ့ နိုက်ဂျီးရီးယား ဘီယာဖရင်စစ်ပွဲ (၁၉၆၇၇၀) စစ်များမှာ အလုံးစုံစစ်ပွဲ မဟာဗျူဟာကိုပဲ ချမှတ်ခဲ့ရပါတယ်။ အလုံးစုံစစ်ပွဲဖြစ်တာမို့ စစ်ဆင် ရေးတခုရဲ့ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ Objectives, means, targets, arena လေးမျိုးစလုံးမှာ deliberate restraint တွေ မထားခဲ့ကြပါဘူး။ တခါစစ်ပွဲတခုမှာ တဘက်ရန်သူရဲ့ဗျူဟာကိုလဲ အဓိက ဦးစားပေးစဉ်းစားရမှာ ဖြစ်ပါတယ်။ တဘက်ရန်သူက အလုံးစုံချေမှုန်းရေးစစ်ဆင်နွှဲနေတဲ့ အချိန်မှာ “လက်နက်မဲ့တော်လှန်ရေးပဲလုပ်မှာ၊ လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘူး”၊ “အကြမ်းမဖက်သောနည်း တခုကိုပဲ ကျင့်သုံးပြီးတိုက်ပွဲဝင်မှာ” ဆိုတာတွေက စစ်ဆင်ရေးတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားတာ ကြောင့် ချိန်ခွင်လျှာမညီမျှပဲ ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်အားသန်ရာ တိုက်ပွဲသဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲ ဝင်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးချိန်ခွင်လျှာ

ဓာတုဗေဒညီမျှခြင်းတခုလို ဓာတ်သတ္တုများနဲ့တိုင်းတာရတာ မဟုတ်တဲ့အတွက် နိုင်ငံရေးချိန်ခွင်လျှာ ညီမျှခြင်းကို တွက်ချက်တိုင်းတာရတာ အလွန်ပဲ ခက်ခဲလှပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် မိုင်ကယ်အီလွိတ် ဗိတ်မင်ကတော့ တော်လှန်ရေးကာလရဲ့ နိုင်ငံရေးပါဝါညီမျှခြင်းကို stable stateအခြေအနေမှာ 10= 10 နဲ့သတ်မှတ်ခဲ့ပြီး၊ X(-Y)+ A+B-C= X(-Z)+D+E – F ကို ရေးဆွဲခဲ့ပါတယ်။ A, B, C, D, F ဆိုတာက law, order, justice, corruption, expression နဲ့ stability စတဲ့ အချက်တွေဖြစ်ပြီး၊ X ကတော့ မူရင်း stable state အခြေအနေကိန်းညွှန်းကို ဆိုထားပါတယ်။ (-Y) နဲ့ (-Z) ကတော့ ပါဝါညီမျှမှုပြောင်းလဲလာတာ တွေကို ညွှန်ပြတာဖြစ်ပါတယ်။

သူ့ညီမျှချင်းအရ 9=11 အခြေအနေဟာ ရန်သူရဲ့ ပါဝါကျဆင်းတဲ့ ပထမအဆင့်ဖြစ်ပြီး၊ 8= 12 အ ခြေအနေကတော့ ဒုတိယအဆင့်ဖြစ်ပါတယ်။ 7=13 အခြေအနေကတော့ တော်လှန်ရေးအင်အားစုများ (revolution apparat) ညီညွတ်စွာနဲ့ ဖွဲ့စည်းပေါ်ပေါက်ရမယ့် အခြေအနေဖြစ်ပြီး၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံ ဆင်နွှဲရင်း 3= 17 အခြေအနေမှာ ရန်သူရဲ့ state apparat လုံးဝပြိုလဲမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေ မျိုးမှာ ကြားဖြတ်အစိုးရတခု ချက်ချင်းပေါ်ပေါက်လာဖို့ လိုအပ်လှပါတယ်။

သမိုင်းကြောင်းအရ မြန်မာ့နိုင်ငံရေးပါဝါညီမျှချင်းဟာ ၁၉၈၈ မှာ 3= 17 အခြေအနေအထိ ဖြစ်သွား ခဲ့ဖူးပါပြီ။ ကြားဖြတ်အစိုးရ အချိန်နဲ့အညီပေါ်ပေါက်ရန် နှောင့်နှေးခဲ့မှုကြောင့် ရန်သူက ငြိမ်ပိအဖွဲ့အနေနဲ့ ပါဝါညီမျှခြင်းကို ပြန်ညှိယူသွားခဲ့တာပါ။ ဒီလိုညှိသွားခြင်းအားဖြင့် ချိန်ခွင်လျှာက ရန်သူ့ဘက်ကို အလေးအ နည်းငယ် ပြန်သာသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖဟာ stable state ကိုတော့ လုပ်နိုင်စွမ်းမရှိပါဘူး။

အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ လာဘ်စားမှု၊ စီးပွားရေးပေါ်လစီမနိုင်နင်းမှု စတဲ့ အထွေထွေအားနည်းချက် တွေကြောင့် အခုဆိုရင် နိုင်ငံရေးချိန်ခွင်လျှာက 7=13 အခြေအနေကို ကျော်လွန်လာပြီဖြစ်ပါတယ်။ 3=17 အခြေအနေဖြစ်သွားနိုင်ရေးကတော့ တော်လှန်ရေးအင်အားစုများရဲ့ ညီညွတ်မှု၊ လက်နက်ကိုင်တော်လှန် ရေးနှင့် လူထုတိုက်ပွဲကို စနစ်တကျပေါင်းစပ်နိုင်မှု၊ လူထုစည်းရုံးရေးစွမ်းရည် စတာတွေအပေါ်မှာ မူတည် နေပါတယ်။

ဒါကြောင့် မြန်မာပြည်လွတ်မြောက်ရေး၊ တရားမျှတညီညွတ်သော နိုင်ငံတော်သစ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်လာအောင် ဖော်ဆောင်နိုင်ရေးတို့မှာ အရေးကြီးဆုံး ဖြစ်တဲ့ လက်ရှိဒီမိုကရေစီ တော်လှန်ရေးရဲ့ အဆုံးအဖြတ်တိုက်ပွဲကို ပြတ်သားသော အတွေးအခေါ်၊ ခိုင်မာသော ဆုံးဖြတ်ချက်၊ စနစ်ကျသော ဆောင်ရွက်ချက်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ရင်း၊ အရှုံးနဲ့ပြိုလဲမှုကို ဦးတည်စေနိုင်တဲ့ အတွေးအခေါ် ရှုပ်ထွေးဝေဝါးမှုများကိုလည်း ဖယ်ရှားပစ်ကြပါစို့လို့ ရေးသားတင်ပြအပ် ပါတယ်။

ခင်မမမျိုး (၅၊ ၁၁၊ ၂၀၀၈)

About kai

Kai has written 1030 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.