DKBA နဲ့ မြန်မာစစ်တပ်

cobraNovember 9, 20101min664

DKBA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းထန်၊ ဒုက္ခသည် သောင်းနဲ့ချီ
ထိုင်းဘက်ထွက်ပြေး <http://8888newgenerations.blogspot.com/2010/11/dkba.html

>
<http://2.bp.blogspot.com/_Mv35AA2CUJ4/TNhBYqmpsRI/AAAAAAAAIDs/JsIzg9uTXdk/s1600/Myanmar+citizens+gather+while+waiting+for+food+at+the+Border+Patrol+Police+base+in+Thailand_Mae+Sot+town+Monday_Nov+8_2010-AP-480.jpg>
*DKBA နှင့် စစ်အစိုးရတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြသည့်
မြန်မာဒုက္ခသည်များ။ နိုဝင်ဘာ ၈၊ ၂၀၁၀။*
ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ကို
လက်မခံတဲ့ DKBA တပ်သားတွေက ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့
စစ်အစိုးရ ရုံးတွေကို မနေ့က ဝိုင်းခဲ့ကြပြီး ဒီမနက် စောစောမှာတော့ DKBA နဲ့
မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် သေဆုံး ဒဏ်ရာရသူတွေ
ရှိခဲ့ကြပါတယ်။ အခုထိဆိုရင် အနည်းဆုံး အရပ်သား ၂ဝ သေဆုံးပြီး ဒဏ်ရာရသူ
ဦးရေဟာလည်း ၅ဝ ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကို
ထွက်ပြေးလာသူတွေလည်း သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီအခြေအနေတွေကို
ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့် သတင်းယူနေတဲ့ မအေးအေးမာက
တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် မြဝတီမြို့မှာတော့ ဒီနေ့မနက် ၈ နာရီကျော်
အချိန်လောက်ကစပြီး စစ်အစိုးရတပ်တွေနဲ့ DKBA တပ်တွေ ပစ်ခတ်မှုတွေကြောင့်
အရပ်သားတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ရပြီး ပြေးလွှားရင်း သေဆုံးမှုတွေ၊
ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့ပါတယ်။ ပြေးလွှားနေရတဲ့ မြဝတီမြို့ခံတဦး
ပြောပြတာကတော့…
“မနက်ကတော့ စဖြစ်ပြီး ပစ်ခတ်နေကြတော့ လူတွေက ဆိုင်ကယ်တွေနဲ့ သွားကြလာကြတာပေါ့။
သွားလာနေကြတော့ လက်နက်ကြီးတွေက တောကလာလိုက်၊ တောင်ကလာလိုက်ဆိုတော့
မှန်ကြတာပေါ့။ ကြံ့ခိုင်ရေးရုံးရှေ့မှာတောင် ဆိုက်ကားနင်းနေတဲ့ လူ ၂ ယောက်
ပွဲချင်းပြီး သေသွားတယ်၊ အစပါ ပျောက်သွားတယ်။ ရုံးတွေ၊ အဆောက်အဦးတွေ
တော်တော်များများလည်း ထိခိုက်ပျက်စီးကုန်ပြီ။ ၁၂ နာရီလောက်တုန်းက ၁ဝ မိနစ်၊ ၁၅
မိနစ်လောက် သူတို့တွေ နားလိုက်ပြီး အခု ပြန်ချတယ်။

“အခု ၂ ဂိတ်မှာ တော်တော်လေးကို အခြေအနေ ဆိုးနေတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။
တချု့ိကလည်း လက်နက်သံတို့၊ တိုက်ပွဲသံတို့ အတွေ့အကြုံ မရှိဘူးလေ။ အခုက
လက်နက်ကြီးသံဆိုတော့ ပိုပြီးတော့ စိုးရိမ်
ကြောင့်ကြနေကြတာပေါ့။”မြဝတီမြို့မှာတော့ ဟေမန်ဦး၊ တောရကျောင်း၊ မွန်ကျောင်း
စတဲ့ ဘုန်းကြီးကျောင်းတွေ ရှိရာကို လူထုတွေက ပြေးလွှား ခိုလှုံလာတဲ့ အခါမှာ
စစ်တပ်ဘက်က ဘုန်းကြီးကျောင်းတွေရှိရာ နေရာကို တပ်စွဲလာတာကြောင့် လူထုတွေအနေနဲ့
စိုးရိမ်ပြီး ပြန်လည် ထွက်ပြေးနေရကြောင်း၊ မနက်ပိုင်းမှာလည်း လူငယ်တွေကို
စစ်တပ်က ပေါ်တာဆွဲတယ် ဆိုတဲ့ သတင်းတွေကြောင့် လူငယ် အများအပြားလည်း ပြေးလွှား
ပုန်းခိုခဲ့ရတယ်လို့ ဆိုပါတယ်။“ဘုန်းကြီးကျောင်းထဲမှာ စစ်ပြေးဒုက္ခသည်တွေ
ရှိတဲ့နေရာကို တပ်ကလာတော့ ပိုပြီး စိုးရိမ်ရတာပေါ့။ သူတို့ရှိတော့
မလုံခြုံတော့ဘူးပေါ့။ သူတို့ ပစ်ခတ်တဲ့အခါ လူထုကို ထိနိုင်တာပေါ့။ အဲဒါကြောင့်
သူတို့လာတော့ ပိုလန့်တာပေါ့။ သူတို့က အကာအကွယ် လာလုပ်ပေးတာလား၊ ဒါမှမဟုတ်
သူတို့ပဲ လာကာကွယ်နေတာလားတော့ မပြောတတ်ဘူး။

“တွေ့ရတာ တချို့ကတော့ ပြေးကုန်ပြီ။ ပထမ ဟေမန်ဦး ဘုန်းကြီးကျောင်းထဲမှာ ဒုက္ခသည်
၂၀၀၊ ၃၀ဝ လောက်ရှိတယ်။ အခု တပ်တွေလည်း နေရာယူလာရော ဒုက္ခသည် ၅ဝ လောက်ပဲ
ရှိတော့တယ်။ မနက် ၁ဝ နာရီ၊ ၁၁ နာရီလောက်တုန်းက လူငယ်တွေ ပြေးကြတာ အကြီးအကျယ်ပဲ။
တပ်ကနေ ပေါ်တာဖမ်းတော့ အကြီးအကျယ် ပြေးကြတာ၊ ၂ဝ ကျော် ကလေးတွေ။”နယ်ခြားစောင့်တပ်
အသွင်ပြောင်းရေးကို လက်မခံရာက စလို့ ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြတဲ့
အနေနဲ့ မနေ့က တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တဲ့ DKBA အဖွဲ့ဟာ ရွေးကောက်ပွဲအတွင်း
မဲမသမာမှုတွေနဲ့ မတရားမှုတွေ ရှိတာကြောင့် သူတို့ဟာ မြန်မာစစ်အစိုးရကို
တိုက်ပွဲတွေ ဆက်ဆင်နွှဲနေရဦးမှာ ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး
နှုတ်ခမ်းမွေးက အခုလို ပြောပါတယ်။

“ချနေတုန်းပဲ၊ တပ်တွေကတော့။ ဘယ်လိုလုပ်မလဲ၊ အခု တအောင့်နေရင် ထပ်ဖြစ်လို့
အလားအလာတော့ ရှိတယ်။ ပြည်သူလူထုလည်း မထောက်ခံဘူးလေ၊ မတရားတဲ့ အလုပ်တွေ၊
ဒီမဲဆန္ဒနယ်မှာ မရိုးမသားနဲ့။ ပြည်သူ့သဘောမှ မတူဘဲဟာ၊ အဲဒီရွေးကောက်ပွဲက။ မတရား၊
မစစ်မမှန်ဘူးလေ။ အဲဒီမှာ အာဏာအရှိန်နဲ့ မဲကို ထည့်ခိုင်းတယ်။ တချို့က
မထည့်ချင်ဘဲ ထည့်ရတယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးပါ မကဘူး၊ အဲဒီမှာ
ကိုယ်ချင်းစာတရား မရှိဘဲနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အကျဉ်းချထားတာ၊ အဲဒါလည်း မတရားဘူးလေ။ မတရားတဲ့ဟာတော့ ကျနော်တို့က
ပြည်သူ့တပ်မတော်ဆိုတော့ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကျနော်တို့က ခုခံ
ပြန်တိုက်ရမှာပေါ့။”

မကြာသေးခင်တုန်းကပဲ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေ အပါအဝင်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကရင်နီ
စတဲ့အဖွဲ့တွေ စစ်ရေးအရ မဟာမိတ် လုပ်ထားကြပြီး တဖွဲ့ကို စစ်အစိုးရက
တိုက်ခိုက်လာမယ်ဆိုရင် တဖွဲ့နဲ့တဖွဲ့ အကူအညီပေးပြီး တိုင်းရင်းသား
နယ်မြေတိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်မယ်ဆိုပြီး ကတိကဝတ် ပြုခဲ့ကြပါတယ်။

ဒီဆွေးနွေးမှု ကတိကဝတ် ပြုတဲ့အထဲမှာ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး
ဦးဆောင်တဲ့ DKBA အဖွဲ့လည်း ပါဝင်ပါတယ်။ သူတို့ဟာ ၂၀၁ဝ ရွေးကောက်ပွဲကို
ဆန့်ကျင်ကြောင်း ဖော်ထုတ်မယ်ဆိုပြီး ပြောခဲ့ကြပါတယ်။
ရွေးကောက်ပွဲ လုပ်တဲ့နေ့မှာတော့ တခြား တိုင်းရင်းသား နယ်မြေတွေမှာ သေနတ်သံတွေ
မကြားရပါဘူး။ မနေ့ကတော့ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး DKBA
ဘက်ကတော့ သူတို့ရဲ့ သဘောထားကို ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့
လက်နက်ကြီးဒဏ်တွေကြောင့် ဒီနေ့မှာတော့ လူ ၂ဝ ထက်မနည်း သေဆုံးမှု ရှိခဲ့ပြီး လူ
၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီ ဆေးရုံဘက်က သတင်းရရှိပါတယ်။ အခုအခါမှာတော့
ထိုင်း၊ မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၁၀,၀၀၀
နီးပါးရှိပြီ ဖြစ်ပါတယ်။ဒီကနေ့ ထိုင်း၊ မြန်မာနယ်စပ် မြဝတီမြို့မှာ DKBA
ကရင်စစ်တပ်နဲ့ မြန်မာတပ်တွေအကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တဲ့
နောက်ဆုံး အခြေအနေတွေကို ထိုင်းနယ်စပ်ကနေ တောက်လျှောက် စောင့်ကြည့်
သတင်းယူခဲ့တဲ့ မအေးအေးမာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထိုင်း၊ မြန်မာနယ်စပ် မြဝတီမြို့မှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့
တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။
အထူးသဖြင့် လက်နက်ကြီးအချို့ ထိုင်းဘက်ကို ကျရောက်ခဲ့တာကြောင့်
ထိုင်းနိုင်ငံသားအချို့ အပါအဝင် အထိအခိုက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနယ်ခြား တလျှောက်မှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေ အပြည့် နေရာယူထားပါတယ်။
ထိုင်းအစိုးရ အနေနဲ့ကတော့ အန္တရာယ်ရှိနေတဲ့ နေရာတွေကနေ သူ့နိုင်ငံသားတွေကို
လွတ်ကင်းရာ ပြောင်းရွှေ့ပေးနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ
ပတီနန်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။“ထိုင်းနိုင်ငံသားတွေ
လုံခြုံ ဘေးကင်းရေးအတွက် ထိုင်းစစ်တပ်နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ
ပူးတွဲပြီး ဆောင်ရွက်နေပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေက
ထိုင်းနိုင်ငံသားတွေကို ရွှေ့ပြောင်းပေးနိုင်ဖို့ စီစဉ်နေကြပါတယ်။”

တိုက်ပွဲတွေကြောင့် မြဝတီမြို့ဘက်ကနေ လူပေါင်း သောင်းနဲ့ချီပြီး
ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့
ဒီလူတွေကို ဝင်ရောက်ခွင့် ပေးထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ
ကူညီသွားတာ ဖြစ်ပေမဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ရင်တော့ ဒီလူတွေကို
ထိုင်းနိုင်ငံက လက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက
အခုလို ဆက်ပြီး ပြောခဲ့ပါသေးတယ်။“တချိန်တည်းမှာပဲ မြန်မာပြည်ဘက်က
လူတော်တော်များများ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတာမျိုး နယ်စပ်ဖြတ်ကျော်
လှုပ်ရှားမှု သတင်းတွေလည်း ရနေပါတယ်။ သူတို့ကို နေရာတနေရာမှာ ထားဖို့
အာဏာပိုင်တွေဘက်က စီစဉ်နေပါတယ်။ ဒီလူတွေ လုံခြုံဘေးကင်းဖို့လည်း လူသားချင်း
စာနာမှု ကူညီရေး အဖွဲ့တွေ စေလွှတ်ထားပါတယ်။ လူသားချင်း စာနာမှု အခြေခံပေါ်မှာ
ဒီလူတွေကို ယာယီအားဖြင့် ခိုလှုံနေထိုင်ခွင့် ပေးသွားပါမယ်။ ဒါပေမဲ့လည်း
ပုံမှန်အခြေအနေ ပြန်ရောက်သွားရင်တော့ ဒီလူတွေကို နေရပ် ပြန်ပို့မှာပါ။”

ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတီနန် ပြောသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတုန်းပဲ ရှိပြီး ဒုက္ခသည်
မြန်မာနိုင်ငံသားတွေကို ကူညီပေးရုံကလွဲလို့ အခြား တုံ့ပြန်မှုတော့ ဘာမှ
မရှိသေးပါဘူး။အခုဆိုရင် ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာဟာ
ထိုင်းနယ်စပ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကြားကို ရောက်နေပါတယ်။ သူ့ကို
အခုတွေ့နေရတဲ့ ဒုက္ခသည်တွေရဲ့ မြင်ကွင်းနဲ့ နောက်ဆုံးအခြေအနေတွေကို
မေးကြည့်ခဲ့ပါတယ်။မအေးအေးမာရေ… အဲ့ဒီမှာ အခု ဒုက္ခသည်တွေ ဘယ်လိုပုံစံရှိနေလဲ
ပြောပြပါဦးရှင့်။“အခု ကျမရောက်ရှိနေတဲ့ နေရာက ဒုက္ခသည်တွေကို ထားတဲ့
ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ဝင်းထဲမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဒုက္ခသည်တွေက နေ့ခင်း
၁၂ နာရီကျော်က စပြီး နယ်စပ်မှာ လက်နက်ကြီးတွေနဲ့ အရမ်း ပစ်လွန်းအားကြီးတဲ့အတွက်
ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းလာတာ အခုဆိုရင် ဒုက္ခသည်ဦးရေဟာ ၃၀,၀၀ဝ လောက်
ရှိသွားပါပြီ။ အခုလည်း လာနေဆဲပါပဲ။

“ဒုက္ခသည်တွေက အခု ရရာ ဖျာတို့၊ စောင်တို့ ဆွဲပြီးတော့သာ လာနေကြတယ်။
သူတို့မှာလည်း စိုးရိမ်သောကတွေနဲ့၊ နောက်တခါ စားစရာ ဘာညာ ဆိုတာလည်း မရသေးဘူး။
အခုလောလောဆယ် အခြေအနေမှာ ထိုင်းစစ်တပ်ဘက်က သူတို့ကို ထိုင်းစစ်တပ်ဝင်းမှာ
နေရာထိုင်ခင်း ပေးနေပါတယ်။ ဒါပေမဲ့ နေရာထိုင်ခင်းကတော့ လုံလောက်မယ်လို့
မယူဆရပါဘူး။ တော်တော်လေး ဒုက္ခသည်တွေ များတဲ့အတွက် ဒီညဆိုရင် အိပ်ဖို့အတွက်တောင်
အခက်အခဲရှိမယ်လို့ ယူဆရတယ်။”မအေးအေးမာ ရှင်းပြသွားတာ ဖြစ်ပါတယ်။

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 9, 2010 at 11:46 am

    လစာလေး မဖြစ်စလောက်ရတဲ့ စစ်သားတွေဟာ ရဲတွေ နဲ ့တစ်ခြား အစိုးရဝန်ထမ်းတွေကို ဟိုဟိုဒီဒီ အကြံဖန်ရကြတာမဟုတ်ဘူး
    နောက်တန်းဆိုတဲ့ စစ်တပ်ထည်းမှာ နေရင်လည်း သူတို ့မှာ ဘာတပြားမှ ရစရာ အကြောင်းမရှိဘူး
    အခုလိုမျိုး မြို ့တွင်းတိုက်ပွဲတွေဖြစ်တဲ့အခါ ပြည်သူတွေက ထွက်ပြေးကုန်ရင် ပိုင်ရှင်မရှိတဲ့ အိမ်တွေက ပစ္စည်းတွေကို တွေ ့ရင်တော့ ယူကြမှာဘဲ
    အဲ့ကြရင် ပြည်သူ ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တပ်နဲ ့ပြည်သူတော့ အကြီးအကျယ်သွေးကွဲဦးမှာပါဘဲ
    ခင်ဗျားတို ့ နိုင်ငံရေး ဆရာကြီးတွေအနေနဲ ့ ဝက်ဆိုက်တွေဖွင့် ဟိုသတင်းတင် ဒီသတင်းတင်ပြီး
    သူတောင်းစားလို တောင်းပြီးရထားတဲ့ ဖန်ငွေတွေကို အဲ့သည်သွေးကွဲနေတဲ့ စောက်ရှုပ်တွေကို
    တတ်အားသရွေ ့ ရှင်းလင်းကြပါလို ့ ကျုပ် မိုက်ကယ်ဂျော်နီအောင်ပု ဒီနေရာကနေ ဟောင်လိုက်ပါတယ် ဝုတ် ဝုတ် ဝုတ်

  • Khinr Htoo

    November 9, 2010 at 6:18 pm

    အင်း ဘာတွေဆက်ဖြစ်အုံးမလဲ မသိ။ ကိုအောင်ပုပြောတာမှန်တယ်ဗျာ။

  • winkyawaung

    November 10, 2010 at 4:25 am

    အာဏာရှင်တွေကတော့ မြေဇာပင်ဖြစ်တဲ့ ပြည်သူတွေ၊ စစ်သားနဲ့ ရဲတွေကို ချကျွေးတဲ့ ဘောပါ။ စိတ်မကောင်း လို်က်တာကွယ်..။

  • char too lan

    November 10, 2010 at 4:26 am

    ဦးပုဟောင်ပုံလေးက သံစဉ်ကောစာသားပါ ကောင်းတယ်နော် 😀

Leave a Reply