မင်္ဂလာရက်မြတ်ရွေးရအောင်

zinmyotunNovember 9, 20103min1680

မင်္ဂလာအခါအမှုပြုကြရာဝယ် မြန်မာလူမျိုးသာမက လူမျိုးတိုင်း၊
ဘာသာတိုင်းမှာပါ ရွေးချယ်စရာ အခြေအနေတစ်ခု ရှိနေပါက
နေ့ကောင်းရက်သာဆိုသည့်သဘောကို မိမိနှစ်သက်ရာ ဗေဒင်နည်း (လောကီနည်း)
စနစ်တစ်ခုခုအရ စောကြောမိကြမည်ထင်ပါသည်။ ထိုနည်းစနစ်များတွင်
လွယ်ကူစွာရွေးချယ်နိုင်သော စနစ်များအပြင် ခက်ခက်ခဲခဲတွက်ယူရသော
အခါများလည်း ရှိကြပါဦးမည်။ နက္ခတ်ဗေဒင်ကို ဦးစားပေးဖေါ်ပြလိုသူ
ကျွန်တော့်အတွက် တကယ်တမ်းတင်ပြဦးမည်ဆိုသောအခါ အခက်အခဲများစွာ
ရင်ဆိုင်ရပါတော့သည်။ စေ့စေ့စပ်စပ်မတတ်နိုင်သော်လည်း
ခြုံငုံမိယုံမျှဖြစ်စေတော့ တင်ပြပါဦးမည်။

နမူနာ ဇာတာ ၂ စောင်ဖြင့် တွက်ချက်ပြပါမည်။ (ဝဲဖက်တွင် ဖေါ်ပြထားသည်မှာ)
အမျိုးသား၏ ဇာတာမှ ရာသီစက်ဖြစ်ပါသည်။ (ယာဖက်တွင် ဖေါ်ပြထားသည်မှာ)
အမျိုးသမီး၏ ဇာတာမှ ရာသီစက်ဖြစ်ပါသည်။

ဤကဲ့သို့ ဇာတာများကို ဖွဲ့လိုပါက နေရာတွင်ဖတ်ကာ software သုံး၍ ဖွဲ့နိုင်ပါသည်။ မွေးချိန် မသိသူများအတွက်ပါ အဆင်ပြေအောင် ထည့်သွင်းရေးသားသွားပါမည်။

နှစ်ဦးသား လက်ထပ်ရန်သင့်မသင့် အလွယ်တကူ ရွေးချယ်နည်းကို
ပိုစ့်တစ်ခုအနေဖြင့် တင်ပြပေးပါဦးမည်။ မင်္ဂလာအချိန်အတွက် မေးမြန်းလာသူအား
မင်္ဂလာအချိန်သာ ဖြေရန်ရှိပါသည်။

(၁) ဇာတာအရ စည်းမျဉ်းသတ်မှတ်ပုံ

အထက်ပါ ကျား ဇာတာနှင့် မဇာတာတို့မှ La ကိုကြည့်ကာ La မှ လက်ဝဲရစ် ၁ တန့် ၂
တန့် စသည်ဖြင့် အကွက်များကို ရေတွက်လာပါ။ La ရပ်ရာ အကွက်ကို ၁
တန့်ဟုခေါ်ပါသည်။

မှတ်ချက်။ ။ အတန့်များကို စန်းမှရေတွက်သောစနစ်ကို
သုံးသူများလည်းရှိပါသည်။ ထိုသို့ရေတွက်ခြင်းသည် စန်းအားကြီးသော
ဇာတာအချို့တွင်သာမှန်သည်ဟု ယူဆပါသောကြောင့် ဤအခါရွေးခြင်းတွင် ပယ်ပါသည်။
မွေးချိန်အတိအကျမသိသူများ (တနည်းအားဖြင့် လဂ်ရာသီ မသိသူများ) အတွက်သာ
စန်းခေါ် ၂ လာမှ ရေတွက်ခြင်းကို သုံးသင့်ပါသည်။ တနင်္ဂနွေမှရေတွက်ခြင်းသည်
အောင်မြင်မှုကျော်ဇောမှုကိုသာ အလေးပေးသောကြောင့် အေးမြချမ်းမြေ့သော
မင်္ဂလာအမှုနှင့် တိုက်ရိုက်မသက်ဆိုင်လှပါ။ မွေးချိန်သိသူများအတွက်မူ
ဇာတာ၏အသက်ဖြစ်သော လဂ် (La) ကိုသာလျှင် သုံးသင့်ပါသည်။

ဇာတာတစ်စောင်အတွက် ၁ တန့်၊ ၅ တန့်၊ ၉ တန့် တို့သည် La ရှိရာရာသီနှင့်
တြိဂံပုံကျနေသော (တနည်းအားဖြင့် ၁၂ဝ ဒီဂရီစီ ဝေးကွာသော)
အရပ်တို့ဖြစ်သဖြင့် ( ကမ္ဘာအား Setallite သုံးလုံးဖြင့် ဖြန့်ကျက်သော
နမူနာပုံဖြင့်) ကြီးမားသော အကျိုးပေးကို ပေးကြပါသည်။ ဗေဒင်အခေါ်အရ တြိဂေါဏ
ရာသီများဟု ခေါ်ပါသည်။

ဇာတာတစ်စောင်အတွက် ၁ တန့်၊ ၄ တန့်၊ ရ တန့်၊ ၁ဝ တန့်တို့သည် La ရှိရာ
ရာသီနှင့် ထောင့်မှန်ကျနေသော (တနည်းအားဖြင့် ၉ဝ ဒီဂရီစီ ဝေးကွာသော)
အရပ်တို့ဖြစ်သဖြင့် ( နေထွက် နေဝင် မွန်းတည့် သန်းခေါင် အားလျော်စွာ)
ကြီးများသော ဝိသေသအပြောင်းအလဲကို ပေးကြပါသည်။ ဗေဒင်အခေါ်အရ ကိန်းရာသီများဟု
ခေါ်ပါသည်။

  • ပန်းရောင်ဖြင့် ပြထားသော တြိဂံပုံများမှာ ကျားဇာတာ၏ လဂ်(La) မှ ရေတွက်သော တြိဂံကျရာ ၁ တန့်၊ ၅ တန့်၊ ၉ တန့် အတန့်ကောင်းများဖြစ်သည်။
  • အပြာရောင်ဖြင့် ပြထားသော စတုဂံပုံများမှာ ကျားဇာတာ၏ လဂ်(La) မှ ရေတွက်သော ထောင့်မှန်ကျရာ ၁ တန့်၊ ၄ တန့်၊ ရ တန့်၊ ၁ဝ တန့် အတန့်ကောင်းများဖြစ်သည်။
  • အစိမ်းရောင်ဖြင့် ပြထားသော တြိဂံပုံများမှာ မဇာတာ၏ လဂ်(La) မှ ရေတွက်သော တြိဂံကျရာ ၁ တန့်၊ ၅ တန့်၊ ၉ တန့် အတန့်ကောင်းများဖြစ်သည်။
  • အနီရောင်ဖြင့် ပြထားသော စတုဂံပုံများမှာ မဇာတာ၏ လဂ်(La) မှ ရေတွက်သော ထောင့်မှန်ကျရာ ၁ တန့်၊ ၄ တန့်၊ ရ တန့်၊ ၁ဝ တန့် အတန့်ကောင်းများဖြစ်သည်။

ရေတွက်ရလွယ်စေရန်သာ ကိန်းတြိဂေါဏ ခွဲထားခြင်း ဖြစ်ပါသည်။ ကျားဇာတာမှ
အတန့်ကောင်းများကို အပြာရောင်၊ မဇာတာမှ အတန့်ကောင်းများကို အနီရောင်
စသည်ဖြင့် စုပေါင်းကာ ဇာတာနှစ်ခု ထပ်လိုက်သော် အောက်ပါအတိုင်း ရရှိပါမည်။

ဤ နေရာတွင် ကျားနှင့် မ ဇာတာတို့၏ လဂ် တည်ပုံအရ အများဆုံး ၆ အိမ်မျှပင်
ထပ်တူ ကျနိုင်ပါသည်။ ဥပမာ နှစ်ဦးသား လဂ် တူချိန်တွင် ဖြစ်သည်။
လဂ်နှစ်ခုတို့ ကိန်းရာသီ ကျပါက ၄ အိမ်တူမည်ဖြစ်သည်။ လဂ်နှစ်ခုတို့
တြိဂေါဏကျပါက ၃ အိမ် တူကြမည်ဖြစ်သည်။ အနည်းဆုံးတော့ ၂
အိမ်တူကြမည်ဖြစ်ပါသည်။

ယခုအချိန်တွင် ကျား၏ ဇာတာနှင့် မ၏ ဇာတာတို့အရ မကာရ ရာသီနှင့်
ဗြိစ္ဆာရာသီတို့သည် နှစ်ဦးသားအတွက် အကျိုးပေးကောင်းရာ ရာသီများအဖြစ်
အဖြေရရှိပါတော့သည်။ ရာသီများ သတ်မှတ်ပုံမှာ အောက်ပါအတိုင်းဖြစ်သောကြောင့်
ဖြစ်ပါသည်။ ထိုထပ်တူကျရာ ရာသီနှစ်ခုအား မှတ်သားထားလိုက်ပါ။

အိမ်ထောင်တစ်ခု၏ အနာဂတ်ကို စစ်ဆေးရာတွင် အဓိက အကြောင်းအချင်းအရာ နှစ်ခုကို စစ်ဆေးရပါသည်။ ၎င်းတို့မှာ
(၁) အောင်မြင်ကြီးပွား ထွန်းတောက်မှု နှင့်
(၂) အေးချမ်းသာယာမှု ဟူ၍ ဖြစ်ပါသည်။

တနင်္ဂနွေဂြိုဟ် နေမင်းသည် အောင်မြင်ကြီးပွား ထွန်းတောက်မှုကို
ပြဆိုသောကြောင့် ထိုတနင်္ဂနွေဂြိုဟ်သည် သတို့သားလောင်းနှင့်
သတို့သမီးလောင်းတို့၏ ဇာတာအရ ကောင်းမွန်သင့်မြတ်သော ရာသီတွင်
ရပ်တည်စေရမည်ဖြစ်ပါသည်။

  • ပထမအချက်။ ။ ဥပမာဇာတာများအရ တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာနှင့် မကာရ ရာသီတစ်ခုခုတွင် ရပ်တည်စေရမည်ဖြစ်သည်။

တနင်္လာဂြိုလ် လမင်းသည် အေးချမ်းသာယာမှုကို ပေးစွမ်းသောကြောင့်
ထိုတနင်္လာဂြိုဟ်သည် သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့၏ ဇာတာအရ
ကောင်းမွန်သင့်မြတ်သော ရာသီတွင် ရပ်တည်စေရမည်ဖြစ်ပါသည်။

  • ဒုတိယအချက်။ ။ ဥပမာဇာတာများအရ တနင်္လာဂြိုဟ်သည် ဗြိစ္ဆာနှင့် မကာရ ရာသီတစ်ခုခုတွင် ရပ်တည်စေရမည်ဖြစ်ပါသည်။

တနင်္ဂနွေနှင့် တနင်္လာတို့ ကောင်းကင်တွင် ပူးယှဉ်ကြလျှင်
လကွယ်ရက်ကိုဖြစ်စေသဖြင့် သူတို့နှစ်ဦးကြား ဝေးကွာလေလေ ကောင်းလေလေဖြစ်သည်။
အဝေးဆုံးသည် ၁၈ဝ ဒီဂရီဖြစ်ကာ လပြည့်ဝန်းကို ဖြစ်စေသောကြောင့်ဖြစ်ပါသည်။
(ဇာတာခွင်တွင် ၁၈ဝ ဒီဂရီသည် မျက်နှာချင်းဆိုင် ရပ်တည်ကြမည်ဖြစ်သည်။
ဇာတာခွင်ဆိုသည်မှာ ကမ္ဘာကို အလည်ထားကာ ဂြိုဟ်များရပ်တည်ပုံကို စီကာပတ်ကုံး
ဝန်းရံပြထားခြင်း ဖြစ်သည်ကို သတိပြုပါ။)

  • တတိယအချက်။ ။ တနင်္ဂနွေနှင့် တနင်္လာတို့သည် ဝေးကွာနိုင်သမျှ ဝေးကွာအောင် ထားရှိရမည်ဖြစ်ပါသည်။

ထိုအချက် သုံးချက်ကို စုဆောင်းလိုက်ပါမည်။

  • ပထမအချက်။ ။ ဥပမာဇာတာများအရ တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာနှင့် မကာရ ရာသီတစ်ခုခုတွင် ရပ်တည်စေရမည်ဖြစ်သည်။
  • ဒုတိယအချက်။ ။ ဥပမာဇာတာများအရ တနင်္လာဂြိုဟ်သည် ဗြိစ္ဆာနှင့် မကာရ ရာသီတစ်ခုခုတွင် ရပ်တည်စေရမည်ဖြစ်ပါသည်။
  • တတိယအချက်။ ။ တနင်္ဂနွေနှင့် တနင်္လာတို့သည် ဝေးကွာနိုင်သမျှ ဝေးကွာအောင် ထားရှိရမည်ဖြစ်ပါသည်။

ထိုအချက်သုံးချက်ကို ပေါင်းစုလိုက်ပါက အောက်ပါအတိုင်း စည်းမျဉ်းများ ရမည်ဖြစ်သည်။
စည်းမျဉ်း (၁) ၁ နွေ ဗြိစ္ဆာရာသီရပ်လျှင် ၂ လာ မကာရရာသီ ရပ်သင့်သည်။
စည်းမျဉ်း (၂) ၁ နွေ မကာရ ရာသီရပ်လျှင် ၂ လာ ဗြိစ္ဆာရာသီ ရပ်သင့်သည်။

(၂) နေ့ရက်တွက်ချက်ပုံ

ထိုအဖြေများကို အင်္ဂလိပ်ရက်စွဲဖြင့် ရွေးချယ်ပုံကို ဆက်လက်တင်ပြပါမည်။

ဤရက်များသည် အနောက်တိုင်းရာသီသတ်မှတ်ပုံနှင့် ကွဲပြားပါသည်။
အိန္ဒိယတောင်ပိုင်းနှင့် မြန်မာနိုင်ငံသုံး နိယာယနစနစ်အရ
စိတ်ဖြာထားခြင်းဖြစ်ကြောင်း သတိပြုပါ။ မြန်မာနိုင်ငံအပေါ်တွင် ၂၀၁၀
ခုနှစ်အတွင်း ဖြတ်သန်းသွားလာသည့် တနင်္ဂနွေ၏ ရာသီအရပ်ဖြစ်ပါသည်။
နှစ်စဉ်နှစ်တိုင်းအတွက် (အပြောင်းအလဲ ရက်ထပ်နှစ်မှအပ) မှန်ပါမည်။
ဆိုလိုသည်မှာ ၂၀၁၁ တစ်နှစ်လုံးတွင်လည်း ဤရက်များမှန်ကန်ပါဦးမည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ နေမင်းကြီးသည် ပုံမှန်လမ်းအဖြင့်သာ
ရာသီစက်ကို အမြဲ စီးနင်းသောကြောင့်ဖြစ်ပါသည်။

အထက်ပါဇာတာ ၂ စောင်အရ အဝါရောင်ခြယ်သော တနင်္ဂနွေရပ်ရာ ရာသီနှစ်ခု၏ ကာလများကို ရရှိပါသည်။

ပထမကာလ ၂၀၁ဝ ဇန်နဝါရီ ၁၅ မှ ၂၀၁ဝ ဖေဖေါ်ဝါရီ ၁၂ အတွင်း မကာရ ရာသီပေါ်
တနင်္ဂနွေစီးနင်းခိုက် (ကျွန်တော်တို့အလိုရှိသော) ဗြိစ္ဆာရာသီပေါ် တနင်္လာ
စီးနင်းချိန်ကို ရှာပါမည်။

အထက်ပါအတိုင်း တွက်ချက်သော် ဇန်နဝါရီအတွင်းတွင် တနင်္လာဂြိုဟ်
ဗြိစ္ဆာရာသီတွင် မတည်ပါသဖြင့် ဖေဖေါ်ဝါရီ လဆန်းကို စစ်ရန်လိုပါသည်။
ဖေဖေါ်ဝါရီလတွင် အောင်ပါအတိုင်းရရှိပါသည်။

ဤကဲ့သို့ တွေ့ရှိပါတော့သည်။ ဤ တွင် နက္ခတ်ဗေဒင်၏ ရေတွက်မှု
ထူးခြားမှုတစ်ခုကို သိရန်လိုပါသည်။ နက္ခတ်လုံးရေတွက်ရာတွင်ဖြစ်စေ ရာသီ
ရေတွက်ရာတွင် ဖြစ်စေ သုညမှ စရေပါသည်။

မိဿရာသီကို 0
ပြိဿရာသီကို 1
မေထုန်ရာသီကို 2
ကရကဋ်ရာသီကို 3

သိဟ်ရာသီကို 4
ကန်ရာသီကို 5
တူရာသီကို 6
ဗြိစ္ဆာရာသီကို 7
ဓနုရာသီကို 8
မကာရရာသီကို 9
ကုမ်ရာသီကို 10
မိန်ရာသီကို 11 ဟုရေတွက်ပါသည်။

ရရှိလာသည်မှာ ၂၀၁ဝ ဖေဖေါ်ဝါရီလအတွင်း မြန်မာနိုင်ငံကောင်းကင်ယံတွင်
စီးနင်းနေသော ဂြိုဟ်အသီးသီး၏ တည်ရာအရပ်များဖြစ်ပါသည်။ အထက်ပါပုံတွင် Moon
သည် ၂၀၁ဝ ဖေဖေါ်ဝါရီလ ရ ရက် တနင်္ဂနွေနေ့တွင် 7 5 59 17 ဟု ပြထားပါသည်။

ဆိုလိုသည်မှာ ထိုနေ့ သုညနာရီ (နေ့အစတွင်) တနင်္လာဂြိုဟ်သည် ဗြိစ္ဆာရာသီ ၅ အင်သာ ၅၉ လိတ္တာ ၁ရ ဝိလိတ္တာတွင် ရပ်သည်ဟု ဆိုလိုပါသည်။

ချွင်းချက်။ ။ ဤတွင် 6.2.2010 ၏ နောက်နေ့တစ်ဝက်သည်လည်း
အကျုံးဝင်ပါသည်။ ညစာစားပွဲများနှင့် တွဲလျှက်ကျင်းပသော မင်္ဂလာပွဲများတွင်
သုံးနိုင်ပါသည်။ သို့သော် နေဝင် ညစောင်းများသည် တနင်္ဂနွေအားမဲ့ပါသဖြင့်
ချန်လှပ်ခဲ့ပါသည်။ ကျင်းပလိုပါက နံနက်နေတက်ချိန် မင်္ဂလာပွဲကို
ပထမကျင်းပပြီးမှသာ ညစာစားပွဲကို ကျင်းပသင့်ပါသည်။

ထို့ကြောင့် (7.2.2010) တနင်္ဂနွေနေ့ နှင့် (8.2.2010) တနင်္လာနေ့ တို့သည်
ဤအမျိုးသမီးနှင့် အမျိုးသားတို့အတွက် မင်္ဂလာအမှုပြုသင့်ရာ ပထမကာလ ဖြစ်ပါသည်။

သတိပြုပါရန်
။ တနင်္ဂနွေဂြိုဟ် နေမင်းအရ အင်္ဂလိပ်ရက်များရေတွက်သောကြောင့်
တနင်္ဂနွေရပ်ရာရာသီများသည် အင်္ဂလိပ်ရက်များနှင့်ယှဉ်တွဲ၍ မှတ်သားနိုင်သောလည်း
တနင်္လာ လမင်းအတွက်မူ ထိုသို့မှတ်၍မရပါ။ ဆိုလိုသည်မှာ (7.2.2010) နှင့်
(8.2.2010) နေ့များတွင် ၂ လာသည် ဗြိစ္ဆာရာသီပေါ်တွင် စီးနင်းသော်လည်း (7.2.2011) နှင့် (8.2.2011)
နေ့များအတွက်မူ လုံးဝ မမှန်တော့ပါ။ နေမင်းအရ တစ်နှစ်သည် ၃၆၅ ရက်နီးပါးရှိ၍
လမင်းအရ တစ်နှစ်သည် ၃၅၄ ရက်သာ ရှိသောကြောင့် ခရစ်နှစ်သည်
နေမင်းအရကိုက်သော်လည်း လမင်းအရ မကိုက်သောကြောင့် ဖြစ်ပါသည်။ ၂၀၁၁
ဖေဖေါ်ဝါရီအတွက် သိလိုပါမူ ထပ်မံတွက်ချက်ရမည်ဖြစ်သည်။

17.11.2010 မှ 16.12.2010 ကြားတွင် တနင်္ဂလာဂြိုဟ် မကာရရာသီကျရာ ရက်များကို
ရှာရာ 9.12.2010 10.12.2010 နှင့် 11.12.2010 ဟူသော ရက်မြတ် သုံးရက်ကို
အောက်ပါအတိုင်း ရရှိပါတယ်ခင်ဗျား။

ထို့ကြောင့် (9.12.2010) ကြာသာပတေးနေ့ (10.12.2010) သောကြာနေ့ နှင့် (11.12.2010) စနေနေ့ တို့သည်
ဤအမျိုးသမီးနှင့် အမျိုးသားတို့အတွက် မင်္ဂလာအမှုပြုသင့်ရာ ဒုတိယကာလ ဖြစ်ပါသည်။

ကာလနှစ်ခုကို ပေါင်းသော် အဖြေ ၅ ရက်မှာ

(7.2.2010) တနင်္ဂနွေနေ့
(8.2.2010) တနင်္လာနေ့
(9.12.2010) ကြာသာပတေးနေ့
(10.12.2010) သောကြာနေ့
(11.12.2010) စနေနေ့ တို့ဖြစ်ပါသည်။

မွေးချိန်နာရီအတိအကျ မသိသူများအတွက် မိမိမွေးရာ
ရက်၏ ဇာတာကို အကြမ်းဖျဉ်းဖွဲ့ပါ။ တနင်္လာတည်ရာရာသီကို မှတ်သားပါ။
တနင်္လာမှရေတွက်သော အတန့်ကောင်းများ ( ၁ ၅ ၉ ၄ ရ ၁ဝ တန့်များ) ဖြင့်သာ
ရွေးချယ်စေလိုပါသည်။ တွက်လိုသည့် နှစ်ဦးလုံး၏ ဘုံတူရာ
အတန့်ကောင်းများတွင် ဖေါ်ပြပါနည်းအတိုင်း တနင်္ဂနွေနှင့် တနင်္လာ
ရပ်တည်စေခြင်းဖြင့် ရွေးချယ်နိုင်ပါသည်။

ဝါတွင်းကာလများတွင် ရက်ကောင်းများ ရောက်ရှိနေပါက
အိမ်ထောင်ဦးစီးဖြစ်မည့် အမျိုးသား၏ လဂ်အရ (လဂ်ကို မသိက ၂ လာအရ)
ရာသီမှရေတွက်သော အတန့်ကောင်းများ ( ၁ ၅ ၉ ၄ ရ ၁ဝ တန့်များ) ဖြင့်သာ
ရွေးချယ်စေလိုပါသည်။

ရရှိလာသော ရက်များသည် ဇာတာရှင်များ၏ ကံကြမ္မာ ကောင်းကျိုးကိုဖေါ်ပြသော
ဒသာကာလများနှင့် ကိုက်ညီပါက အတိုင်းထက်အလွန် အကျိုးပေးသန်ကြမည်ဖြစ်သည်။

ဤတွင် ရက်မြတ်ရွေးချယ်ခြင်းအဆုံးသတ်ပါသည်။

အထက်ပါဖေါ်ပြချက်များသည် အရေးပါသည်မှာ အမှန်ဖြစ်ပါသည်။ သို့သော်
ထိုနေ့ထိုအချိန်သည် တနင်္ဂနွေနှင့် တနင်္လာတို့သာ ကောင်းကင်တွင်
ရပ်တည်နေခြင်းမဟုတ်ပါ။ အခြားဂြိုဟ်များလည်း ရှိနေပါသေးသည်။
အမျိုးသား၏ဇာတာတွင် အရပ်အတည်ဆိုးရွားသော စနေ (သို့မဟုတ် ၁၂ တန့် အိမ်ရှင်)
သည် ထိုနေ့ ထိုအချိန်တွင် လဂ်မှရေတွက်သော အတန့်ဆိုး၏ အလယ်မှတ်တွင်
စီးနင်းနေသည်ဆိုပါမူ မင်္ဂလာပွဲသည်ကား အောင်မြင်စည်ကားသိုက်မြိုက်စွာ
ကျင်းပပြီးသွားနိုင်ပါသည်။ သို့သော် အကြွေးတင်ကာ စိတ်ညစ်နေရတတ်ပြန်ပါသည်။
ထိုသို့ဤသို့ဖြင့် လိုက်လံစဉ်းစားပါက ၁၀ဝ % ပြီးပြည့်စုံသော
အချိန်အခါတစ်ခုကို မရွေးချယ်နိုင်ဖြစ်ရပါမည်။ ကောင်းသည်ထက် ကောင်းမွန်သော
အချိန်အခါတစ်ခုကို ရွေးချယ်ရန်မူ ဖေါ်ပြထားသည်ထက်
ရှုပ်ထွေးခက်ခဲဦးမည်ဖြစ်ပါသည်။

မူလဇာတာမကောင်းသောသူအတွက် အကောင်းဆုံးဟူသည့်
အချိန်အခါတစ်ခုကို မရွေးချယ်နိုင်ပါ။ အဆိုးထဲမှ အကောင်းထွက်သော
အချိန်တစ်ခုကိုသာ ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

မူလဇာတာက ကောင်းပါသည် အချိန်ရွေးစရာမလိုဟုလည်း
ယူဆ၍မဖြစ်ပါ။ မင်္ဂလာအမှုပြုလိုက်သော အချိန်သည် ဇာတာကောင်းသော မိမိအတွက်
မထိခိုက်စေဦးတော့ မိမိအိမ်ထောင်ဖက်အတွက် မသင့်မြတ်ပါက အိမ်ထောင်ဖက်အပေါ်
အကျိုးဆုတ်ယုတ်စေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်ထပ်မင်္ဂလာပြုခြင်းသည်
ကြမ္မာနှစ်ခုညှိနှိုင်းခြင်းဖြစ်ပါသည်။ မိမိ၏အကျိုးပေးသည် ကောင်းမွန်သဖြင့်
စီးပွားဖြစ်စေဦးတော့ မိမိအိမ်ထောင်ဖက်သည် ကျန်းမာရေးညံ့ပါက မိမိပါ
မပျော်နိုင်ဖြစ်ရမည်ဖြစ်သည်။

ရွေးချယ်ခွင့်ရ၍ ရွေးချယ်ခြင်းသည် လတ်တလောပြုသောကံဖြစ်ပါသည်။ အတိတ်ကံအကျိုးပေးများကို ဖြတ်ချနိုင်စွမ်း ပြုပြင်နိုင်စွမ်းတို့သည်လည်း ယခုလက်ရှိ ပစ္စုပ္ပန်ကံပေါ်တွင် မှီခိုနေပါသည်။
လောကီပညာရပ်များသည် လောကီအကျိုးကို ပေးစွမ်းနိုင်သည်ဟု ယုံကြည်ပါလျှင်
မင်္ဂလာအမှုကို အချိန်ရွေးချယ်ကာ ပြုလုပ်သင့်ပါကြောင်း
တိုက်တွန်းလိုက်ရပါသည်ခင်ဗျား။

ကောဇာအယူအဆများနှင့် ပတ်သတ်၍ မေးမြန်းသမျှ ဖြေကြားပေးပါသော ဆရာနျူမာန်အား ကျေးဇူးအထူး တင်ရှိပါသည်။
နက္ခတ်ဗေဒင်ပညာသည် လူသားအားလုံးအတွက် အထောက်အပံ့ဖြစ်ပါစေကြောင်း ရည်သန်လျှက်
ကိုပခန်း

တွက်ချက်ရာတွင် အခက်အခဲရှိပါက kopakhan@gmail.com သို့ မေးပို့ မေးမြန်းနိုင်ပါသည်။