ဪ…2011 တောင် ရောက်တော့မယ်..ရွှေမြန်မာတို့ရဲ့ ရွှေနိုင်ငံကြီးကတော့ ဇာတ်ခေါင်းကွဲနေတုန်းပါပဲလား…အချိန်နဲ့ အမျှ ပြောင်းလဲတိုးတတ်နေကြပါသည်…ဆိုသည့်စကား ရွှေမြန်မာတို့ နှင့် လုံးဝမသက်ဆိုင်သလို ဖြစ်နေကြပါသည်.. တဖြည်းဖြည်း ယိုယွင်းလာတဲ့ စာရိတ္တတွေ .. ရှားပါးလာသော အလုပ်အကိုင်တွေ ..သုံးရင် လွယ်သလောက် ရှာရင် နွားတစ်ကောင်လို့ ကုန်းရုံး ရှာနေရသော  ပို်က်ဆံ ဟုခေါ်သော ငွေ …ငတ်ပြတ်နေသော ကျွန်ုပ်တို့ ၏ မြန်မာ ပြည်သူ  ပြည်သားတွေ ပိုလို့သာ တိုးလာခဲ့ပါသည်…

ချမ်းသာတဲ့ သူတွေ ပိုလို့ ချမ်းသာ လာကြပါသည်…ဆင်းရဲတဲ့ သူတွေ ပိုလို့ ဆင်းရဲ လာကြပါသည်…ပျင်းရိနေကြသဖြင့် ငတ်ပြတ်နေသည်ကို လက်ခံနိုင်ပါသည်…မပျင်းမရိ ကြိုးစား လုပ်ကိုင်ပါသော်လည်း လူတန်းစေ့ နေနိုင်ဖို့ ဝေးစွ…စားဖို့ သောက်ဖို့ ပင် မနည်း ဖြစ်နေတာ ကို မျက်လုံး ရှေ့တွင် မြင်တွေ့ နေရပါသည်…လှုပ်လေ နစ်လေ  ဖြစ်နေပါသည်…မိဘများ အနေဖြင့် လည်း မြို့ပေါ် ပိုင်းလောက်သာ ပညာရေး၏ အရေးပါပုံကို သိနားလည်သော်လည်း..ကျေးလက်တောရွာနေ မိဘများ အနေဖြင့် ပညာရေး၏ အရေးပါပုံကိုလဲ ပို၍ သိနားလည် ရမည်ကို ဆယ်တန်းအောင် ပြီးရော မအောင်ရင် လယ်ထွန်…ဒါမှ မဟုတ် နိုင်ငံခြားသွား…မြို့တတ်အလုပ်လုပ် ဒါမှ မဟုတ်..ငယ်ငယ်က သူငယ်တန်း ဖတ်စာ ထဲကလို အိပ်ရာထ ၊မိဘကူ၊ ကစား ၊ရေချိုး၊ ထမင်းစား၊ပြန်အိပ် မျက်စိတဆုံး လောက်ပဲ ကြည့်နေကျနေပါသည်..ဒီထက် ပို၍ သွန်သင်ဆုံးမ စွမ်း မရှိတော့သည်ကို လွန်ခဲ့တဲ့  သုံးလေးနှစ်လောက် ကတည်းက တွေ့မြင်ခဲ့ရပါသည်..ကိုယ်ကိုတိုင်လဲ တွေ့ကြုံခဲ့ရပါသည်..ကျွန်တော့်၏  ညီဆိုလျှင် ကိုးတန်း တတ်နေတုန်းမှာပဲ စစ်ထဲ ဝင်ခဲ့ပါသည်..တိုင်းပြည်၏ စစ်သားခေါ်ယူမှု အသက်ကန့်သတ်ချက်တွေကို ဘာမှ မသိနားမလည်သော ကျေးလက်တောရွာနေ  လူငယ်အများစုမှာ အသက်မပြည့်မီ မက်လုံးပေး ခေါ်ယူများနဲ့ ယောင်ဝါးဝါး စစ်သားများ ဖြစ်သွားကြပါသည်..တိုက်ဆိုတိုက်…သေဆိုသေ…နေဆိုနေ ..ဘာမှ ပြည့်စုံမှု မရှိ..ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသည်…ပဲဟင်းတောင် နပ်မှန်အောင် မပါသော ထိုထမင်းနဲ့ ဟင်းကို စားဖူးခဲ့ပါသည်..ရိုင်းရိုင်းပြောရလျှင် ရန်ကုန်မြို့စွန် ရှိ ခွေးလေခွေးလွင့်များ ကျွေးလျှင်ပင် ထိုခွေးများ မစားဘူးဟု ပြောရဲပါသည်….တိုင်းပြည်အတွက် ခြေတစ်ဖက် လက်တစ်ဖက် ပြတ်၍ သက်စွန့်ဆံဖျား အသက်ပေးခဲ့သော စစ်သားကြီးများက စစ်တပ်ထဲမှ ထွက်ရင် စာအုပ်လိုက်ရောင်း…တောင်းစားဖို့ သာ ရှိသဖြင့် တပ်ထဲတွင်သာ ထမင်းဟင်းချက် ရင်း ဘဝကို ပျော်သလို ဖြတ်သန်းနေကြသည်…ညီ ကို လိုက်ကြည့်ရင်း ကိုယ်တိုင် တွေ့ကြုံခဲ့ရသဖြင့် ငယ်ငယ်က ဆယ်တန်းအောင်လျှင် လက်မထောင်က စစ်ထဲ ဝင်မည် ဆိုသည့် အတွေး ကြက်ပျောက် ငှက်ပျောက် ပျောက်ခဲ့ရသည် ….

သက်တမ်းတိုတောင်းလာသော ဆုတ်ကပ် ကမာ္ဘကြီးတွင် လူသားများ အနေဖြင့် မေတ္တာတရား လက်ကိုင်ထားပြီး ဘဝနာ ပွားများ မနေနိုင်ကြတော့ပါ…ကိုယ့်အနီးနား ပတ်ဝန်းကျင်ကို ကြည့်ရင် သိသာပါသည်..ငယ်ငယ်က မတိုးတတ်သော်လည်း စည်းလုံးခြင်း ၊ ညီညွတ်ခြင်း၊ ပျော်ရွှင်စရာများ ၊ကူညီ ရိုင်းပင်းမှုများ အားလုံးသည် အခုခေတ်နဲ့ လုံးဝ ကွာခြားသွားသည်ကို ကိုယ်တိုင် ပြန်ဆန်းစစ် ကြည့်နိုင်ပါသည်… ရွှေမြန်မာများ သည် နိုင်ငံရေး ၊လှုမှုရေး ၊ စီးပွားရေး မည်သည့် အရေးကိစ္စမဆို ကိုယ်နှင့် မဆိုင်သလို နေတတ်လာကြသည်… ထို့သို့ ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ နှင့် လုပ်ဆောင်သူများကလဲ ရှိနေပါသည်..ငွေမျက်နှာ ပဲ ကြည့်တဲ့ သူတွေ တပုံတပင်..အာဏာမျက်နှာပဲ ကြည့်တဲ့ သူုတွေ တောင်ပုံ ရာပုံ၊ ကိုယ့်ရာထူး ကိုယ့်အခွင့်အာဏာ နှင့် လုပ်ပိုင်ခွင့် ကို အလွဲသုံးစားလုပ်နေသူတွေ ၊ရာထူး အဆင့်အလိုက် ခြစားမှုတွေ ၊ သိနေ မြင်နေ ကြသော်လည်း ပြောလည်း မထူး ၊ ထူးအောင် ပြောလျှင်လဲ သွားစရာ ထောင်နှင့် အချူပ် ပဲ ရှိသဖြင့် နေတတ်သလို နေနေ ကြရင်းဖြင့် ရင်ထဲ မျိုသိပ် မထူးဇာတ ်ခင်းနေကြရပါသည်…အရွယ်မတိုင်ခင် ပိုက်ဆံ များများနှင့် လွယ်လွယ်ရသော အလုပ်လုပ်ကိုင်စားသောက်နေကြရသော မိန်းကလေး တွေလည်း  မျက်စိရှေ့တွင် တွေ့မြင်နေရသည်မှာ ရင်နာဖို့ ကောင်းလှပါသည်…သိနေ မြင်နေသော်လည်း ဘာမှ မလုပ်ပေးနိုင်သော ဘာမှ လမ်းညွှန်မပေးနိုင်သော ကိုယ့်ဘဝကိုယ်ပင် မကျေမနပ် ဖြစ်နေရုံမှ တပါး မတတ်နိုင် သက်ပြင်းချ နေရသည်….တစ်တိုင်းပြည်လုံး အုပ်ချူပ် နေရသော အခြေအနေ မလွယ်ကူမှန်း သိသော်လည်း … အဆိုးဘက်သို့သာ ဦးတည်နေသော ထိုအုပ်ချူပ်မှုသည် ဘာများ ထူးခြားပါမည်လဲ မေးခွန်းကို ကိုယ်ကိုယ်တိုင် မေး..ကိုယ်ကိုယ်တိုင် ဖြေကြည့်နေမိသည်လည်း အခါခါ … (25)နှစ်ဟူသော အရွယ် အားဖြင့် တိုင်းပြည်အတွက် ဘာမှ မစွမ်းဆောင် နိုင်သော ကိုယ့်ကိုယ်တိုင်လဲ ရွံရှာမိပါသည် ..နာကျည်း မိပါသည်…ယခု ပြီးဆုံးသွားပြီ ဖြစ်သော 2010 ရွေးကောက်ပွဲကို လူတိုင်းနီးပါး သိပါသည်..ဘာဖြစ်လာမလဲ..ဘာတွေ ထူးခြားလာမည်လဲ …အပျော်စိတ်တွေ ပျောက်ပျက်ခဲ့ရပြန်ပြီ…

ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲတွေး…ပျော်သလို နေရင်း ဖြစ်သလို စားရင်း ဖြင့်..ဇာတ်ခေါင်းကွဲနေသော ရွှေ အကြောင်း ရင်ထဲ ရှိသမျှလေး ပေါ့သွားမလား ဆိုသည့် အတွေးဖြင့် ဤစာလေးအား ရေးသားလိုက်ရပါသည်..နယ်စပ်တွင် ဖြစ်ပေါ်နေသော စစ်ပွဲ နှင့် ပတ်သက်လို့လဲ ငြိမ်းချမ်းစွာဖြင့်  အဆုံးသတ်နိုင်ပါစေလို့ ဆုတောင်းရင်း…………..

About The Mandalay Gazette

has written 2 post in this Website..