ရတနာပုံအသင်း ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်း

Good IdeaNovember 9, 20101min1095

မြန်မာနေရှင်နယ်လိဂ်၏ လက်ရှိ ချန်ပီယံ ရတနာပုံအသင်းသည် မုံရွာမြို့တွင် ယနေ့ ယှဉ်ပြိုင်သည့် နောက်ဆုံးပွဲစဉ်၌ အိမ်ရှင် ဇေယျာရွှေမြေ အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

ရတနာပုံအသင်းသည် သရေကျရုံဖြင့် ချန်ပီယံဖြစ်ခွင့်ရှိသည့် ဇေယျာရွှေမြေအသင်းကို အိမ်ရှင် ပရိတ်သတ်များ ရှေ့မှောက်၌ပင် အနိုင်ကစားကာ ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဗိုလ်စွဲသွားခြင်း ဖြစ်သည်။

ပွဲအစ ၁ မိနစ်မှာပင် အိမ်ရှင် ဇေယျာရွှေမြေအသင်းအတွက် ကျော်ဇင်ဝင်းက ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ပွဲချန် ၂၄ မိနစ်တွင် ရတနာပုံအသင်းမှ ရိုဒရီဂူက ချေပဂိုး ပြန်လည်သွင်းယူခဲ့သဖြင့် တဖက်တဂိုးစီ သရေဖြစ်နေခဲ့သည်။

ထို့နောက် ပထမပိုင်း ပြီးခါနီး ၄၄ မိနစ်တွင် ဇေယျာရွှေမြေအသင်း ဂိုးဧရိယာထပ်၌ ရရှိသည့် ပြစ်ဒဏ်ဘောမှတဆင့်  ရိုဒရီဂူက အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ ချေပဂိုးရရန် ဇေယျာရွှေမြေတို့ ပြန်လည်ကြိုးစားသော်လည်း ပွဲပြီးသည်အထိ ဂိုးမသွင်းနိုင်သဖြင့် ရတနာပုံတို့ အနိုင်ရရှိခဲ့သည်။

မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံအသင်း ပိုင်ရှင်မှာ လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းဖြစ်ပြီး အသင်း အုပ်ချုပ်သူမှာ ဦးစိုးမိုးကျော်ဖြစ်သည်။ နည်းပြချုပ်မှာ ဦးဇော်လေးအောင်ဖြစ်ပြီး နည်းပြမှာ Mr. Yoan ဖြစ်သည်။ အသင်းခေါင်းဆောင်မှာ ခင်မောင်ထွန်းဖြစ်သည်။

ရတနာပုံအသင်းသည် ယခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော AFC President Cup 2010 တွင် ဗိုလ်စွဲထားသော ပထမဆုံး မြန်မာဘောလုံးကလပ်အသင်းလည်း ဖြစ်သည်။

Good Idea

5 comments

  • moethidasoe

    November 10, 2010 at 4:33 am

    ဖလားပေးတာ စောသွားလို့ .. တကယ်က ဇေယျာရွှေမြေက ကြိုတင်ဂိုး -၂-ဂိုး ထည့်ထားပြီးသား .. သူ နိုင်သင့်တာပေါ့ ..

    • Maung Dae`

      November 10, 2010 at 7:16 am

      ဟား ဟား ဟား… ကြိုတင်ဂိုးဆိုပါလား.. ဟုတ်ပနော်… ဘောလုံးပွဲထဲမှာ ကြံ့ဖွတ် အသင်းပါလာရင် ကြိုတင်ဂိုးတွေ ဘာတွေပါလာနိုင်တယ်… ပြောမရဘူး သူတို့ ကအရှက်မရှိလုပ်မယ့်သူတွေ…

  • noenoe

    November 10, 2010 at 9:49 am

    ကိုကိုမောင်ဒဲ့ စိတ်လေးလဲနဲနဲလောက်လျော့ဘာအုန်းနော်…..အဟဲ..:P

  • piti

    November 10, 2010 at 10:52 am

    ရတနာပုံဆိုတာ နိုင်ပွဲတွေအတွက် တည်ဆောက်ထားတာလို့ ပြောရမလိုဖြစ်နေပြီ
    မောင်ဒဲ့ပြောသလို ကြံ့ဖွတ်FC ပေါ်လာရင်တော့ ကြိုတင်ဂိုးတွေနဲ့ ရတနာပုံFC လည်း နောက်ကောက်ကျသွားမယ်ထင်တယ်နော်
    ဟဲ ဟဲ

  • kopauk mandalay

    November 10, 2010 at 4:25 pm

    မန်းလေးသားဖြစ်လို့ ရတနာပုံနိုင်တာကို ဝမ်းသာမိပေမယ့်
    နှစ်ဖက်အသင်းရန်ဖြစ်ကြတယ်လို့ ပြောသံကြားရလို့ ဝမ်းနည်းမိပါတယ်။
    မန်းလေးနဲ့စစ်ကိုင်းမြို့မောင်နှမတွေပါနော်။

Leave a Reply