မြန်မာ့ ဒီမိုကရေစီအင်အားစု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

မနေ့ညက ကျွန်တော်အလုပ်ကပြန်ရောက်ပြီး သိပ်မကြာခင်အချိန်မှာဘဲ မောင်ပုံရောက်လာပါတယ်။

“ဟေ့ ……. မောင်ပုံ…….. ဘာဖြစ်လာတာလဲကွ။ မင်း ကြည့်ရတာ မလန်းလိုက်တာကွာ”

ကျွန်တော်က လှမ်းမေးလိုက်တဲ့အခါမှာ

“ကိုဖြူလေးရေ …… ကျွန်တော်ဒီနေ့မနက်ပိုင်းက အချိန်အားတာနဲ့ အင်တာနက်ဆိုင်ရောက်သွားတော့ ဖွင့်ကြည့်မိတဲ့ websites တွေနဲ့ ကြားရတဲ့ သတင်းတွေနဲ့ ပေါင်းစပ်ပြီး တွေးကြည့်တော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းနေတယ်ဗျ။”

“ဆိုစမ်းပါဦးကွ …….. ဘာတွေဖြစ်လို့လဲ ဆိုတာကို”

“ကိုဖြူလေးလဲ သိမှာပါဗျာ ……… ကြိုတင်မဲကိစ္စနဲ့ အခုကြံ့ဖွံ့ နိုင်သွားပြီလေဗျာ။ ရာခိုင်နှုန်းက 80 တဲ့ဗျ။”

“ဟုတ်လား ……. ဒါဆို လူတွေတော့ ကြံ့ဖွံ့တွေ မတရား ဗိုလ်ကျစိုးမိုးတာ ခံရတော့မှာပေါ့။

“နေပါဦးကွ……ကြိုတင်မဲတွေနဲ့ ဘယ်လိုနိုင်သွားတာလဲဆိုတာ ပြောပြစမ်းပါဦး။”

“ကျွန်တော်ဖတ်ရတဲ့ websites တွေမှာ သူတို့တွေရဲ့ လုပ်ပုံက ဒီလိုဗျ။”

“ကြိုတင်မဲကို မီးဖွားသူ၊ နာတာရှည်ရောဂါသည်၊ အိပ်ရာထဲလဲနေသော သက်ကြီးရွယ်အို၊ ကိုယ်ရေပြားရောဂါသည်၊ နယ်ဝေးသို့သွားပြီး  တာဝန်ထမ်းရမည့်သူ၊ အချုပ်ကျနေသည့်သူ စသူများသာ ထည့်နိုင်ကြောင်း ရွေးကောက်ပွဲဥပဒေမှာ ပြဋ္ဌာန်းထားတယ်လေ။ ဒါပေမယ့် လက်တွေ့ကျတော့ ကြိုတင်မဲတွေကို ကလိန်ကျဖန်တီးထားပြီး အောက်ခြေအဆင့်မှာ နိုင်လာတဲ့ ဒီမိုကရေစီအင်အားစု အမတ်လောင်းတွေက နောက်ဆုံးကျတော့ မဲအပြတ်အသတ်နဲ့ ရှုံးတယ်တဲ့လေ …….။ ”ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲလေ ……. အသိသာကြီးပဲဟာကို။”

“အဲဒီကိစ္စကိုပဲ ဒေါသထွက်နေတာပါဗျာ။”

“ပြီးတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နိုဝင်ဘာလ ၈ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာကလည်း ကျင်းပခဲ့သော မြန်မာ့ရွေးကောက်ပွဲသည် မဲပေးမှုကို လုံလောက်သော ထင်သာမြင်သာ မရှိခြင်း၊ ပါဝင်သင့်သူများ ပါဝင်ခြင်း မရှိခဲ့ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ပြောကြားခဲ့တယ်လို့ သိရတယ်ဗျ။”

“သေချာတာကတော့ ရွေးကောက်ပွဲကို နိုင်ငံတကာက လုံးဝအသိအမှတ်ပြုမှာ မဟုတ်ဘူး ……… ဒါတော့ မဆိုးဘူးလောက်ဘူး ထင်တယ် …… ကိုဖြူလေးရေ။”

“အမှန်ပေါ့ကွာ။”

“နောက်ထပ်ကြားရတာတော့ သတင်းကောင်းပဲဗျို့…….. ဒေါ်စုကို လွှတ်ပေးတော့မယ်လို့ သတင်းထွက်နေတယ်လေ။”

“ဟုတ်လား …….. သေချာပြီလားကွ။”

“ကျွန်တော်ဖတ်ရတဲ့သတင်းတွေက ဒီလို ရေးထားတာဗျ။”

“စစ်အစိုးရက ခံဝန်ချက်များဖြင့် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဆိုလျှင် လက်ခံမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြောင်း Reuters သတင်းတရပ်က ဖော်ပြသည်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ထိုနေ့အတွက် လုံခြုံရေးများ တင်းကျပ်ရန် ပြင်ဆင်နေကြောင်း သတင်းများအရ သိရသည်။”

“လက်ရှိတွင် ရွေးကောက်ပွဲ အနိုင်အရှုံး စာရင်းသည် လူထု၏ မဲဆန္ဒပေါ်တွင် မူမတည်ဘဲ ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက် ပေါ်တွင်သာ မူတည်နေကြောင်း၊ စစ်အစိုးရ အနေနှင့် ရွေးကောက်ပွဲကို အတိုက်အခံများ အားလုံး စုစည်း သပိတ်မှောက်ခြင်း မပြုနိုင်ရန် နိုင်ငံရေး ကစားမှုများ ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း ၀ါရင့် သတင်းစာဆရာ တဦးက ခန့်မှန်းသည်။”

“တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီအင်အားစုများကို တယောက်နှင့်တယောက် ကျောချင်းကပ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပြောင်းလဲမှု တစုံတရာအတွက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ………. တဲ့ဗျ။”

“ဒေါ်စု လွတ်တော့မယ်ဆိုတာတော့ တကယ့်ကို ၀မ်းသာစရာပဲကွ။ ဒါမှပဲ ရွေးကောက်ပွဲမှာ  မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြီး ဒေါ်စုရဲ့ဦးဆောင်မှုနဲ့ ဒီစစ်အစိုးရကို နည်းလမ်းတစ်ခုခုရှာပြီး ပြန်တိုက်နိုင်မှာလေ။”

“မောင်ပုံရေ …… မင်းပေးတဲ့ဒီသတင်းလေးအတွက်တော့ ကျေးဇူးပဲကွာ။

မှတ်ချက်။   ။ Irrawaddy blog မှ သတင်းအချက်အလက်အချို့ကို ယူကာ ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်။

About white

A. W has written 41 post in this Website..

"A beauty of life not depend on how happy you are, but depend on how the others happy because of you."