“မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးက မန္တလေး အပိုင်း-20) “

တစ်ရက်က သူငယ်ချင်းအိမ်ကို မနက်ပိုင်းအလုပ်ကိစ္စနဲ့ ဝင်လိုက်တော့ သူတို့အိမ်က ကလေးတွေကျောင်းသွားခါနီးအချိန်နဲ့တိုက်ဆိုင်နေပါတယ်။
သူအမျိုးသမီးက ကလေးလေးယောက်ကို တစ်ယောက်ကို တစ်ထောင်စီထုတ်ပေးပါတယ်။
ကျနော်က မေးကြည့်တော့ အဲဒီတစ်ထောင်က မနက်စာရယ် ကျောင်းရောက်တော့ မုန့်စားကျောင်းဆင်းရင် စားဘို့ရယ်လို့ပြောပါတယ်။
သူတို့ကလေးတွေ အသီးသီးထွက်သွားကြတာတွေ့တော့ ကျနော်စိတ်ထဲမှာ အိမ်ကပေးလိုက်တဲ့ မုန့်ဘိုးနဲ့
ဘာများဝယ်စားကြမလဲလို့ တွေးမိတော့ ငယ်ငယ်က အိမ်မှာ မနက်ဆိုရင် မောင်နှမတစ်တွေ အဖွားကြွေးတဲ့မနက်စာကို
တိုးတိုးခွေ့ခွေ့ သိုက်သိုက်ဝန်းဝန်းစားခဲ့ကြတာကို ပြန်လို့သတိရမိပါတယ်။
ကျနော်တို့ငယ်ငယ်က မနက်စာအတွက်မုန့်ဘိုးမပေးပါဘူး။ကျောင်းမသွားခင်အိ်မ်ကဘဲအပြီးစားသွားရတတ်ပါတယ်။
မနက်ဆိုရင် အများအားဖြင့် ထမင်းကြော်စားရတာများပါတယ်။
အဖွားက မနက်အစောကြီးထ ဆွမ်းလောင်းဘို့ ထမင်းချက်ပါတယ်။
ဆွမ်းလောင်းဘို့ဖယ်ပြီးရင် ကျန်တာကို တစ်အိမ်လုံးစားဘို့ ထမင်းကြော်ပါတယ်။
ဒယ်အိုးထဲကို ဆီနည်းနည်းထည့် ဆီကျက်ရင် ဆနွင်းပါလေကာထည့် ပြီးရင်ကြက်သွန်နီ နည်းနည်းထည့် ပါတယ်။
ကြက်သွန်နီနည်းနည်းလေးနွမ်းပြီဆိုတာနဲ့ ငံပြာရည်နည်းနည်း ဆားနည်းနည်းနဲ့ သေသေချာချာနယ်ထားတဲ့ထမင်းတွေကိုထည့်လို့ နှံ့အောင်မွှေပါတယ်။
ပြီးရင်ပဲပြုတ်တွေထည့် နည်းနည်းလေးမွှေပြီးရင် ထမင်းကြော်ကို ယောက်မနဲ့ ပိနေအောင်ဖိပြီး မီးအေးအေးလေးပေါ်တင်။
အဖုံးအုပ်ထားပေးလိုက်ပါတယ်။
နောက်လက်ဖက်ရည်ဆိုင်ကဝယ်လာတဲ့ လက်ဖက်ရည်ကို အိမ်ရောက်ရင် သကြား နို့ဆီရေနွေးထပ်ရောလို့ မီးအေးအေးပေါ်မှာတင်ထားပါတယ်။
ကျနော်တို့အိပ်ယာထပြီဆိုရင် မောင်နှမတတွေ စားပွဲဝို်င်းကြီးမှာထိုင်လို့ ထမင်းတစ်ပန်းကန် လက်ဘက်ရည်အချိုတစ်ခွက်စီ ခွဲတမ်းချထားပေးပါတယ်။ ထမင်းကြော်ပေါ်မှာ ပဲပြုတ်လေးတွေထပ်ဖြူးပေးထားပါတယ်။
ထပ်လိုချင်လဲ ထည့်မပေးပါဘူးအဖွား လက်သုံးစကားကတော့ ” မနက်စာ အဆာပြေစားတာကို အဝအပြဲမစားရဘူး”ပါတဲ့။
အခုလက်ဘက်ရည်ဆိုင်တွေမှာထိုင်ရင် ကြာညို့နဲ့နယ်ထားတဲ့ ချိုအီအီထမင်းကြော်ကို စားရတော့ အဖွားငယ်ငယ်ကကြွေးခဲ့တဲ့ မြန်မာထမင်းကြော် ဝါဝါလေးကို အရမ်းသတိရပါတယ်။
အဲဒီတုန်းကတော့ နေ့တိုင်းထမင်းကြော်စားရလို့ စိတ်တွေညစ်ပါတယ်။
အခုတော့ လဲ အဲဒီထမင်းကြော်လေးကိုလွမ်းပါတယ်။
တစ်ခါတစ်လေတော့ လဲ အဖွားက ပဲပြုတ်နဲ့ နံပြားကိုကြွေးပါတယ်။
နံပြားကတော့ တစ်ဝက်ဘဲခွဲတမ်းရပါတယ် ပြီးရင်ပဲပြုတ်ကို ဆီဆမ်းပြီး ပန်းကန်လေးတွေနဲ့ အညီအမျှထည့်ပေးပါတယ်။
တစ်ခါတစ်လေကျ ရင် ပဲပြုတ်သယ် ပုဏ္ဏားမကြီးဆီက ငချိတ်ပေါင်းနဲ့ ပဲပြုတ် ဆယ်ပြားဘိုးဝယ်ကြွေးပါတယ်၊
အဲဒီတုန်းက စားရတဲ့ ပဲပြုတ်က နူးနုး အိအိနဲ့ ချိုပါတယ်။
အခုခေတ်မှာတော့ ပဲပြုတ်ကို မပွပွအောင်ဆော်ဒါတွေထည့် တော့ ပဲလုံးကတော့ ကြီးပါရဲ့ ဆော်ဒါနံ့ကဟောင်နေတော့ စားရတာ ဖွယ်တယ်တယ်နဲ့ အရသာမရှိပါဘူး၊
ကျနော်တို့ငယ်ငယ်က ကျုံးဘေး အနောက်ဘက်ခြမ်းအခုအော်တိုဖုန်းရုံးနေရာက သံဇကာတွေကားထားပါတယ်။
တောင်ဖက်ခြမ်းကတော့ တယ်လီဖုန်းလိုင်းကြိုးဆင်ရာမှာအသုံးပြုတဲ့ သံတိုမယ်နတွေထားတဲ့ နေရာဖြစ်ပြီးမြောက်ဘက်ခြမ်းကတော့
တင်းနစ်ဘောလုံးကွင်း(မြေနီကွင်း)ဖြစ်ပါတယ်။
အဲဒီကွင်းရှိတဲ့ မြောက်ဘက်ဒေါင့်လေးမှာ ဒေါ်အေးကြည်ရဲ့အကြော်ဆိုင်လေးရှိပါတယ်။
အဲဒီဆိုင်လေးက ကောက်ညှင်းပေါင်းကို ဗန်ဒါရွက်စိမ်းစိမ်းလေးထဲမှာထည့်ပေးတာပါ။
တစ်ခါတရံမှာတော့ ကောက်ညှင်းပေါင်းနဲ့အကြော်ဝယ်ကြွေးပါတယ်။
တစ်ခါတစ်ရံမှာတော့ အီကြာကွေးတစ်ခြမ်းနဲ့လက်ဘက်ရည်၊
တစ်ခါတစ်လေတော့ မုန့်ပစ်စလက်အနီကြိုက်ကြိုက် အဖြူကြိုက်ကြိုက် ကြိုက်တာ တစ်ချပ်၊

အင်မတန်ထူးခြားတဲ့နေ့မှာတော့82လမ်း 25-26လမ်းကြား ရွှေနှလုံးတော် ချပ်ချ်ကျောင်းတောင်ဘက်မှာနေတဲ့
ဟိန္ဒူမိသားစုတွေရဲ့ ရိုးရာမုန့်ဖြစ်တဲ့ သူတို့အခေါ်( တိုရှည် )ကျနော်တို့အခေါ်(ဒေါ်ဆယ်မုန့်)ကို ဝယ်ကြွေးတတ်ပါတယ်။
အဲဒီမုန့်ကတော့ ဆန်မူန့်ကို ကျိတ်ပြီးဖျော်ထားတဲ့ အရည်ကို မုန့်ပစ်စလက်ရေပါးလို အိုးကင်းပေါ်မှာ ကျွတ်နေအောင်လုပ်ထားတဲ့မုန့်ပါ။
သူ့ကို ပဲဟင်းရယ် မန်းကျီးသီးနဲ့ ပူဒီနာရွက်ကိုရောထောင်းထားတဲ့ အချဉ်ရယ် မတ်ပဲကိုကျိတ်ပြီးထားတဲ့ပဲနို့ရည်နဲ့တို့စားရပါတယ်။
တစ်ယောက်တစ်ချပ်ကျွေးပေမယ့် ဘယ်တော့မှ မဝဘူးလို့စိတ်ထဲမှာထင်ခဲ့ရတဲ့ ကုလားမုန့်လေးပါ။
(အခုအဲဒီမုန့်ကိုစားချင်ရင် 81လမ်း 27လမ်းဒေါင့်က ဟိန္ဒူဘုရားကျောင်းလေးရှေ့မှာတစ်ဆိုင်၊32လမ်း 82-83ကြားက လက်ချ်မီးထမင်းဆိုင်ရယ်မှာ ရနိုင်ပါတယ်။ စားချင်သောမိတ်ဆွေများအတွက်ညွန်းပေးတာပါ။အဲဒီဆိုင်များကနေပြီး ကျနော် ကြော်ငြာခယူမထားပါဘူးနော်)။
ကျောင်းပိတ်ရက်များဆိုရင် ညကတည်းက ဂျုံမူန့်ကိုနယ်ထားလို့ ချပါတီတို့ ပူရီတို့ကို အိမ်တင်လုပ်ပြီး အာလူးဟင်းနဲ့ အဝကြွေးပါတယ်။
မှတ်မှတ်ရရ လွမ်းစရာလို့ပြောရင် ငယ်ငယ်တုန်းက လက်ဖက်ရည်ဝယ်ရင်ချိုင့်နဲ့ဝယ် မုန့်ဝယ်ရင်ဆိုင်က ဗန်ဒါရွက် ငှက်ပျောဖက် အင်ဖက်နဲ့ထည့်ပေးလိုက်ပါတယ်။ဖက်နဲ့ မုန့်အပူထိတဲ့အခါထွက်လာတဲ့ အနံ့ကတော့ ရနံ့မွှေးမွှေးလေးပါ။
နောက်တော့ ကျွတ်ကျွတ်အိတ်ဆိုတာပေါ်လာတော့ မန်းလေးရဲ့ဖက်နဲ့မုန့်ထုပ်ပေးတဲ့ယဉ်ကျေးမူ့ ကွယ်ပျောက်သွားပါတယ်။
ဖက်ကမသန့်ဘူး ကျွတ်ကျွတ်အိတ်က သန့်ရှင်းတယ် သယ်လို့ လွယ်တယ်ပေါ့လေ။
သုံးလိုက်ကြတာ တစ်နိုင်ငံလုံး။
(အခု ကျွတ်ကျွတ်အိတ်ကကမ္ဘာမြေကြီးအတွက် အန္တရာယ်ကောင်ဖြစ်နေပါပြီ။)

ဒါကတော့ ငယ်သေးတဲ့အရွယ်မှာပေ့ါ မနက်ဆိုရင်အိမ်ကကျွေးတာဘဲစားရပါတယ်။
နောက် လူပျိုပေါက်အရွယ်ရောက်တော့ အိမ်ကကြွေးတာစားရတာကို မကျေနပ်နိုင်တော့သလိုဖြစ်လာပါတယ်။
မနက်မိုးလင်းလို့ အဖွားက( ကိုပေါက် ထမင်းကြော်စားမှာလား)ဆို “ဟင့်အင်း”ခဲ့မိတာကို အခုမှနောင်တတွေရမိပါတယ်။
လူပျိုပေါက်ရောက်တော့အဖွားကျွေးတာကိုစားရတာထက် အိမ်ကပိုက်ဆံတောင်းလို့ လက်ဖက်ရည်ဆိုင်ထိုင် ပဲထတ္တရာနဲ့ လက်ဖက်ရည်တစ်ခွက်ကို ပိုလို့နှစ်သက်ပါတယ်။
နောက်တော့ တက္ကသိုလ်တက်တဲ့အရွယ်ရောက်တော့ တရုပ်တန်းဈေးက မြီးရှည် ဒါမှမဟုတ် 29လမ်းက ဦးစိန်ဆီချက်
လမ်း80ပေါ်ကရှမ်းခေါက်ဆွဲကို ကြုံသလိုစားလာတတ်ပါတယ်။
အဲဒီတုန်းက ဆီချက်(ဂျုံ)ခေါက်ဆွဲပွဲသေး 2ကျပ် အကြီး 3ကျပ် အခုအသေး 600ကျပ် အကြီး 800ကျပ်။
လက်ဖက်ရည်တစ်ခွက် ထပ်တစ်ရာတစ်ခု တစ်ကျပ် (ကျောင်းထဲမှာဆို ပြားငါးဆယ် )
အခုလက်ဖက်ရည်တစ်ခွက်200ကျပ် ထပ်တစ်ရာတစ်ချပ်250ကျပ်။
1978ကနေ အခု 2010 အနှစ်သုံးဆယ်အတွင်း တိုးတက်မူ့က အဆ200-300လို့ပြောနိုင်ပါတယ်။

တစ်ခါက အဝေးကလာတဲ့ ဧည့်သည်ကို မန်းလေးဒေသမုန့်ဖြစ်တဲ့ (မြီးရှည်)လိုက်ကျွေးပါတယ်။
နောက်စားသောက်ပြီး အိမ်ကိုပြန်ရောက်တော့ အဖွားက ဧည့်သည်ကို ဘာစားခဲ့လဲလို့မေးတော့ ဧည့်သည်က
“အဖွား သားတို့ မုန့်တီကို ဝက်သားနဲ့သုပ်တာ စားခဲ့တယ် “လို့ဖြေလိုက်တဲ့အခါ အစကအားလုံးကြောင်သွားတာပေါ့။
မုန့်တီဆိုတာ ကြက်သား ဒါမှမဟုတ်ငါးဖယ်နဲ့သာစားလေ့ရှိတာကို နောက်မှာ သဘောပေါက်ပြီး တစ်အိမ်လုံးရီလိုက်ကြရတာ မျက်ရည်များတောင် ကျရယူပါတယ်။
အမှန်ကတော့ မြီးရှည်ဆိုတာ မန်းလေးမြို့ရဲ့မနက်ခင်းအစားအစာပါ။
ဆိုင်းထမ်းလေးတွေနဲ့ မြို့အနှံ့လိုက်ရောင်းကြပါတယ်။
မုန့်တီ နန်းလတ်အရွယ်နဲ့သိပ်မကွာတဲ့ မုန့်ဖတ်ကို ဝက်ရိုးတွေပြုတ်ထားတဲ့ ဟင်းရည်ထဲမှာ ခဏထည့်လို့ အိသွားအောင်ခဏစိမ်လိုက်ပါတယ်။
ပြီးရင်မုန့်ဖတ်ထဲကို ပဲငပိ၊ပဲပင်ပေါက်(ခ)တိုရ နည်းနည်း့၊ကြက်သွန်ဖြူထောင်းအရည်နဲ့ တရုပ်နံနံရောထားတာရယ်၊
ဂျုံကို လုံးပြီးကျွတ်အောင်ကြော်ထားတာကိုအနေတော်လေးတွေညှပ်ထားတာရယ်၊ ဝက်သားအသားရယ် အဆီအခေါက်ရယ် ကို နူးအိနေအောင်ပြုတ်ထားတာကို ပါးပါးလှီးထားတာရယ်ကို (ဝက်သားမစားရင်တော့ ကြက်သားပေါ့)သူ့အချိုးအစားနဲ့သူ ရော ပြီးရင် အစပ်ကြိုက်ရင် ငရုတ်ဆီ မကြိုက်ရင် ကြက်သွန်ဖြူနဲ့ဆီသတ်ထားတဲ့ ဆီဝါရယ် ကိုထည့်လို့ မုံညင်းချဉ်နဲ့တွဲဘက်လို့ စားကြပါတယ်။
တွဲဘက်အစပ်ပြေ ကတော့ ဝက်ရိုးဟင်းရည်(ဘိုဆန်ဆန်ပြောရရင် ဝက်ရိုးစွတ်ပြုတ်)ပေါ့။
ဒီမုန့်က မန်းလေးကို ဘယ်အချိန် ဘယ်ဒေသက ဘယ်လို ရောက်လာသလဲဆိုတာကို မသိပေမယ့် အခုအချိန်မှာတော့ မြီးရှည်က မန်းလေးမြိုရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေပါပြီ။
(အခုမန်းလေးကို လာရင် ဗထူးဘောလုံးကွင်းနားကမြီးရှည်၊82လမ်း 33-32လမ်းကြားက မန်းကျီးရိပ်၊82လမ်း38-39ကြားက ကိုဆွေတို့ညီအကိုရဲ့မြီးရှည်(2)ဆိုင်ရယ်အပြင် 34လမ်း 84-85ကြားက စိန်မြင့်မြီးရှည်က မနက်ခင်းမှာနာမယ်ကြီးသလို
16လမ်း 81-82ကြားက နေမြင့်မှ ဖွင့်တဲ့ ထူးထူးဆန်းဆန်းဝက်ကလီစာနဲ့သုပ်ပေးတဲ့မြီးရှည်ဆိုင်ကတော့ စပါယ်ရှယ်ဆိုင်တွေပေါ့.)
မန်းလေးမြို့မှာတော့ ဆိုင်းထမ်း နဲ့လယ်ရောင်းတဲ့မြီးရှည်သည် ဘယ်အသည်ကိုခေါ်စားစား သိပ်မကွာတဲ့ အရသာကိုပေးနိုင်စွမ်းရှိပါတယ်။
မန်းလေးမြီးရှည်ကို မစားဘူးသေးဘူးဆိုရင် မန်းလေးကို မရောက်သေးဘူးလို့ ဆိုနိုင်တယ်နော်။

နောက်မန်းလေးမုန့်တီ”ကလည်း ဒီမြို့ရဲ့ရေပန်းစားတဲ့မုန့်လို့ပြောရင်ရပါတယ်။
မုန့်တီကတော့ ငါးဖယ်အစိုချက်နဲ့စားစား ငါးဖယ်ကြော်နဲ့စားစား ကြက်သားနဲ့စားစားကောင်းတာပါဘဲ။
မုန့်တီရဲ့အဓိက မုန့်ဖတ်ကတော့ အလုံးကြီးကြီးကတော့ နန်းကြီး အလယ်အလတ်ကတော့ နန်းလတ်လို့ခေါ်ပြီး မုန့်ဖတ်သေးသေးလေးတွေကိုတော့ နန်းသေးလို့ခေါ်ပါတယ်။
အများအားဖြင့် နန်းလတ်နဲ့ စားကြတာများပါတယ်။
မုန့်တီကောင်းကောင်းဆိုတာ မုန့်ဖတ်နူးညံ့မူ့အပေါ်မှာရယ် အသုံးပြုတဲ့ ပဲမူန့် ငံပြာရည်စတာတွေရယ် လက်ဆရယ်အပေါ်မှာမူတည်လို့ ကောင်းမကောင်းဆုံးဖြတ်ကြပါတယ်။
ကျနော်တို့ငယ်ငယ်ကတော့ မုန့်တီစားချင်ရင် အခုဈေးချိုတော် ဈေးရုံးအောက် မြောက်ဘက်ခြမ်းမှာဖွင့်တဲ့ မုန့်တီကိုသွားစားကြတာများပါတယ်။
နောက်တော့ စိန်ပန်းမုန့်တီတို့ စိုးစိုးမုန့်တီတို့ က နာမယ်ကြီး လာပါတယ် ကြီးဆိုကောင်းလဲကောင်းသကိုး။
အခုအချိန်မှာတော့ စိုးစိုးမုန့်တီနဲ့ အပြိုင် ရွှေတံဆိပ်ဆုရထားတဲ့ လမ်း40က ဒေါ်သန်းမြ မုန့်တီကလဲ မန်းလေးကိုရောက်ရင် စားဘူးအောင်စားသွားမှဆိုတဲ့ မုန့်တီဆိုင်တွေဖြစ်လို့နေပါတယ်။

ကျနော်တို့ ငယ်ငယ်က ကျောင်းဆင်းလို့အိမ်ပြန်တယ်ဆိုရင် အိမ်က အဖွားက စားစရာမုန့်တစ်မျိုးမျုးိဝယ်ထားပေးပါတယ်။
အများအားဖြင့်ကတော့ မုန့်ပျစ်စလက်လို ဘိ်န်းမုန့်လို မုန့်လက်ကောက်လို ပဲကပ်ကြော်လို မြန်မာ မုန်မျုးိတွေများပါတယ်။
နောက် ပဲဒါးလှီးဆိုတဲ့ ပဲနဲု့လုပ်ထားတဲ့မုန့်တို့ ပေါက်ပေါက်ဆုပ်တို့ ကုလားပဲမူန့်နဲ့လုပ်ထားတဲ့ (အနုဆုပ်)လို့ခေါ်တဲ့မုန့်ကိုကျွေးတာများပါတယ်။
ပြောင်းဖူးတို့ ကန်စွန်းဥတို့ မြေပဲတို့ပေါ်တဲ့ရာသီဆိုရင်တော့ ရာသီပေါ်အသီးအနှံကို ပြုတ်လို့ကြွေးပါတယ်။
အပွင့်လင်းဆုံးပြောရရင် ငယ်ငယ်တုန်းက အိမ်က ပိုက်ဆံပေးမကိုင်တော့ အပြင်ဆိုင်က အစားအစာကိုလဲ အခုခေတ်ကလေးများလို ဝယ်မစားတတ်သလို
မက်လဲ မမက်မောခဲ့ပါဘူး။
နောက်မန်းလေးမှာ မုန့်ဟင်းငါး ကလဲ နှစ်သက်စရာကောင်းတဲ့ စားစရာပါဘဲ။
ဒါပေမယ် အရင်က မန်းလေး မုန့်ဟင်းငါး က ဆိုင်းထမ်းတွေနဲ့ထမ်းပြီးလည်ရောင်းတာများပါတယ်။
အရင်က မုန့်ဟင်းငါးဆိုတာ နေ့လည်ခင်းတို့ ညနေမှစားတဲ့ အစားအစာဖြစ်ပါတယ်။
ရပ်ကွက်လမ်းဒေါင့်လေးတွေမှာ ညနေပိုင်းဆိုရင် ဆိုက်တွဲပေါ်မှာ မုန့်ဟင်းငါးအိုးရယ် ပုဂံတွေရယ်တင်လို့ ဖွင့်တဲ့ မုန့်ဟင်းငါးဆိုင်လေးတွေ အတော်များများရှိပါတယ်။
မန်းလေးမုန့်ဟင်းငါးကတော့ ပဲမူန့်နဲ့ချက်တော့ အဝါရောင်သန်းပါတယ် ပဲကြောကြွတ်ကြွတ်နဲ့တွဲစားလို့အင်မတန်အရသာရှိပါတယ်။
နောက်တော့ ကုလားပဲနဲ့ချက်တဲ့ ရန်ကုန်မုန့်ဟင်းငါးပုံစံမျုးိကို မစိုးရိမ်ရုပ်ရှင်ရုံအတွင်းမှာ ကြည်ကြည်မုန့်ဟင်းငါးဆိုတာ ပေါ်လာတာကနေ မန်းလေးရဲ့ မနက်စားစရာ စာရင်းထဲမှာ
မုန့်ဟင်းငါးတစ်မျိုးတိုးလာတာကနေ တစ်မြို့လုံး ရန်ကုန်မုန့်ဟင်းငါးစတိုင် ပြောင်းကုန်ကြပါတယ်။
ဒါပေမယ့် ရိုးရာမပျက် ပဲမူန့်နဲ့ ချက်တဲ့ မန်းလေးစတိုင်မုန့်ဟင်းငါးကတော့ အခုအချိန်အထိ ဆိုက်တွဲလေးတွေနဲ့ ညနေခင်းကို အပိုင်စီးထားနိုင်တုံးပါဘဲ၊
မန်းလေးမှ ဒေါ်ရူဘီမုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကလဲ နာမယ်ကြီးပါဘဲ။
အုန်းနို့်ခေါက်ဆွဲလို့ပြောတော့ ငယ်ငယ်က အခါကြီးရက်ကြီးတွေတို့ လွတ်လပ်ရေးပွဲတော်နေ့တိို့ဆိုရင် ကျုံးဒေါင့် နဲ့ 26ဘီလမ်းဒေါင့်မှာရှိတဲ့ မြမာလာနို့အေးဘားကို သတိရပါတယ်၊
အရင်က မန်းလေးမှ နို့အေးဘားလို့ နာမယ်တတ်တဲ့ ဆိုင်ကနှစ်ဆိုင်ဘဲ ရှိပါတယ်။ နို့အေးဘားဆိုတာကတော့ အအေးဆိုင်ကိုပြောတာပါ။
တစ်ဆိုင်က မြမာလာနို့အေးဘား နောက်တစ်ဆိုင်က ရွှေနဂါးရုပ်ရှင်ရုံရှေ့အဝင်ပေါက်က ရန်ကုန်နို့အေးဘား ပါဘဲ။
ရန်ကုန်နို့အေးဘားက အအေးသက်သက်ဘဲရောင်းပါတယ်။
မြမာလာနို့အေးဘားက ပိုပြီးရောင်းရ ပိုပြီးလူကြိုက်များပါတယ်။
အဲဒီဆိုင်မှာ နို့အေး ဖာလူဒါ ရေခဲ့မုန့် စတော်ဘယ်ရီစက်ဖျော်လက်ဖျော်အကုန်ရပါတယ်။
အခါကြီးရက်ကြီးတွေမှာ မှ ချက်ရောင်းတဲ့ အုန်းနို့ခေါက်ဆွဲကဖြင့် ငယ်ငယ်ကတည်းက စားခဲ့ရလို့လားတော့ မသိဘူး အဲဒီဆိုင်က အုန်းနို့ခေါက်ဆွဲကတော့ အခုထိအကောင်းဆုံးလို့ပြောချင်ပါတယ်။
နောက်မှ 29-30ကြားလမ်း80က ကိုလှထွန်းအအေးဆိုင်က ပဲသုတ်ကနာမယ်ကြီးလာပါတယ်။
ပဲသုတ်ဆိုတာကတော့ ရေခဲရယ်နို့ဆီရယ် ကျောက်ကျော အမဲတွေရောင်စုံတွေပါတဲ့ရေခဲသုတ်ထဲကို ပဲလွန်းအမဲလေးတွေထဲ့သုတ်ပေးတာပါ။
သူ့နောက်မှ အခုအချိန်ထိခေတ်စားဆဲ့ ဆိုင်ခွဲတွေအများကြီးရှိတဲ့ နိုင်လွန်ရေခဲမုန့်အုပ်စုပေါ်လာပါတယ်။
နိုင်လွန်အအေးဆိုင်နဲ့ မလှမ်းမကမ်း 26လမ်းနဲ့ 83လမ်းထိပ်မှာတော့ အရင် ညဈေးတန်းခေတ်ကောင်းစဉ်က အအေးဆိုင်လေးတစ်ခုလဲ ဂျပန်ပြည်က နာမယ်အကြီးဆုံးတောင်နာမယ်လေးနဲ့ခေတ်စားခဲ့ပေမယ့် ပထမဆုံးအကြိမ် ညဈေးတန်းကိုပြောင်းခိုင်းတဲ့အချိန်မှာ ဒီဆိုင်လေးလဲ ရောပြီး မှိန်ပျောက်သွားပါတယ်။
အခုတော့ ရန်ကုန်နို့အေးဘားလဲမရှိတော့ပါဘူး။မြမာလာနို့အေးဘားလဲမရှိတော့ပါဘူး။
မြမာလာနို့အေးဘားကတော့ 1980ခုနှစ်မတိုင်ခင်ကတည်းက အအေးဆိုင်ကို ပိတ်လို့ မန်းလေးမြို့မှာ ပထမဆုံးသော ကြေးအိုးခေါက်ဆွဲဆိုင်ကို အဲဒီနေရာမှာ ဖွင့်ခဲ့ပါတယ်။
အစပထမတော့ မန်းလေးသူ မန်းလေးသား ကြေးအိုးမစားတတ်သေးတော့ စစချင်းမအောင်မြင်ခဲ့ပါဘူး။
နောက်တော့ သူတို့အိမ်နေရာဖြစ်တဲ့ လမ်း80 လှိုင်းတေးသံသွင်းနဲ့ မျက်နှာခြင်းဆိုင်မှာဖွင့်တော့ အောင်မြင်သွားပါတယ်။
ကြေးအိုးဘယ်လိုစားကောင်းတယ်ဆိုတာ မန်းလေးသူမန်းလေးသားတွေ သိသွားတော့ မစားဘူးသူ ခေတ်မမှီဘူးဖြစ်ကုန်ပါတယ်။
နောက်သူတို့အိမ်လေးက ဦးကျားကြီးမီးမှာ ပါသွားတော့ 26ဘီလမ်းဒေါင့်က အရင် နို့အေးဘားနေရာမှာပြန်ဖွင့်တော့လဲစည်ကားတာပါဘဲ။
ဒါပေမယ့်လမ်းဒေါင့် ကမီးပွိုင့်ဖြစ်နေပြန်တော့ လာစားတဲ့စက်ဘီးတွေ ကားတွေ ရပ်ရရတာ အမြဲပြဿနာဖြစ်နေတော့ အောင်မြင်နေတဲ့ ဒီဆိုင်ကိုအပြီးပိတ်လိုက်ပါတယ်။
အခုလက်ရှိ နာမယ်ကြီးနေတဲ့ ရွှေတောင်တန်းရယ် ပတ္တမြားကြေးအိုးရယ်က မြမာလာကြေးအိုး မရှိတော့ မှပေါ်လာတဲ့ဆိုင်တွေဖြစ်ပါတယ်။

ကျနော်က တရုပ်တန်းနားမှာကြီးပြင်းတဲ့သူတစ်ယောက်ဖြစ်တော့ တရုပ်တန်းနားက ခေါက်ဆွဲဆိုင်တွေနဲ့လဲမကင်းပါဘူး။
မန်းလေးက ခေါက်ဆွဲဆိုင် တွေရဲ့ထူးခြားချက်ကတော့ ကိုယ့်ဆိုင်အတွက်ခေါက်ဆွဲဖတ်ကို ကိုယ်တိုင်လုပ်တာပါ။
ခေါက်ဆွဲဖတ်ကလေးတွေရဲ့နုးညံ့မူ့ ချိုတဲ့ အရသာ တစ်ဆိုင်နဲ့တစ်ဆိုင်နည်းနည်းချင်းကွာပါတယ်။
ဆီချက်ခေါက်ဆွဲဆိုင်နဲ့ ရှမ်းခေါက်ဆွဲဆိုင်က လမ်း80တရုတ်တန်းမှာတန်းစီလို့နေတာပါ။
အဲဒီဆိုင်တွေက တစ်ချိို့ကမနက်ပိုင်းဘဲဖွင့်တယ် (29လမ်းက ဦးစိန်ခေါက်ဆွဲပေါ့)။
နောက် အရင် ကိုလှထွန်းအအေးဆိုင်နေရာမှာဖွင့်တာကနေ 27လမ်း လမ်း80ကိုပြောင်းလာတဲ့ မင်ဟိန်း၊ ရုံစိန် နဲ့ ဘုရားသားခေါက်ဆွဲဆိုင်တွေကတော့ ညအထိဖွင့်တဲ့ဆိုင်ပေ့ါ။
ရှမ်းခေါက်ဆွဲဆိုရင် အရင်က ရွှေနဂါးရုပ်ရှင်ရုံနဲ့တည့်တည့်ကတစ်ဆိုင်မြောက်ဘက် ဓါးလွယ်ခုတ်လောက်မှာက တစ်ဆိုင် သူတို့ကတော့ ရှမ်းခေါက်ဆွဲရေစိမ်တို့ ဆန်စီးတို့ရောင်းတာပါ။
(အခုတော့ ရွှေနဂါးရုံတည့်တည့်ကဆိုင်နေရာအဟောင်းမှာ မိုးကုတ်ကပြောင်းလာတဲ့ ဒေါ်ရှန်ခေါက်ဆွဲဆိုင်က ဖွင့်လာတာ သိပ်မကြာသေးပါဘူး)
နောက်ဒေါ်ရွှေခေါက်ဆွဲဆိုင် 29လမ်းအောက်ဖက်ကိုဆက်ဆင်းရင် ဒေါ်စင်းယုံခေါက်ဆွဲဆိုင် တွေကဟိုရှေးကတည်းက ဘိုးစဉ်ဘောင်ဆက်ဖွင့်လာခဲ့ကြတာ အခုအချိန်ထိရှိဆဲရှိမြဲ
အောင်မြင်ဆဲဆိုင်လေးတွေဖြစ်ပါတယ်။အရင်ကတရုပ်တန်းမှာနာမယ်ကြီးဆီချက်ခေါက်ဆွဲဆိုင် (သူကမြန်မာဆိုင်နော်) ရှိန်းကတော့ အခု 81လမ်း 37လမ်းဘက်ကိုပြောင်းသွားပါတယ်။
နောက်ညမှဖွင့်တဲ့ခေါက်ဆွဲဆိုင်လေးကတော့ ဆိုင်နာမယ်တတ်မထားတဲ့ 32လမ်းနဲ့82လမ်းဒေါင့်က ဓါတ်ဆီဆိုင်ဘေးက ဆိုင်ကလေးပါဘဲ၊
ဒါကတော့ကျနော်အမြဲထိတွေ့စားသောက်နေတဲ့ဆိုင်လေးတွေမို့လည်းပြောပြနို်င်တာပါ။
မန်းလေးရဲ့ မမေ့နိုင်တဲ့ အစားအစာလေး ကျနော်တို့ ညနေခင်းဆိုရင် စိတ်ရှည်လက်ရှည်ထိုင်စောင့်လို့စားခဲ့ရတဲ့အစားအစာလေးကို
ပြောရရင် အခုလမ်း30-လမ်း80ဒေါင့်မှာ ဖူဂျီစတိုးဆိုတာ ဖြစ်မလာသေးခင်က ညနေမှဖွင့်တဲ့ အားမိန်ရဲ့ဖက်ထုပ်ကြော်ဆိုင်လေးပါ။
ဖက်ထုတ်ကြော်တပွဲစားဘို့ နာရီဝက်တစ်နာရီစောင့်ရပါတယ်။
ဒါပေမယ့်လဲ ညတိုင်းလောက်က သူငယ်ချင်းတွေနဲ့ ထိုင်ရင်းလေကန်ရင်း စားခဲ့ရတဲ့ ဒီဖက်ထုပ်ကြော်ဆိုင်လေးကို တော့ လွမ်းပါသဗျာ။
အခုတော့ ဒီဆိုင်လေးလဲမရှိတော့ပါဘူး။
မန်းလေးမြို့ဆိုတာ ဟိုအရင်ကတည်းက အခြေချနေထိုင်တဲ့ တရုပ်လူမျုးိတွေရှိပါတယ်။
သူတို့ကတော့ တရုပ်လူမျုးိလို့သာပြောပေမယ့် သူတို့မျုးိဆက်သစ်တွေက မန်းလေးမှာမွေးမန်းလေးမှာကြီးတော့ မန်းလေးသားတရုပ်တွေပေါ့။
ဒီတော့ တရုပ်လူမျိုးရှိရင် အီကြာကွေးရှိမယ် ပေါက်ဆီရှိမယ် ပဲလမုန့်ရှိမယ် လက်ဖက်ရည်ဆိုင်ရှိမယ်။
မန်းလေးသား ကုလားလူမျုးိရှိတော့ စမူဆာ ရှိမယ် ပလာတာရှိမယ် ထပ်တရာရှိမယ် ချပါတီရှိမယ် ပူရီရှိမယ် ဒါန်ပေါက်ရှိမယ်လက်ဖက်ရည်ဆိုင်ရှိမယ်။
အဲတော့ မြန်မာတွေကလည်း လက်ဖက်ရည်ဆိုင်တော့ ရှိမယ် ဒါပေမယ့် မြန်မာတွေကတော့ ဘာမုန့်တွေတင်ရောင်းလဲလို့ ပြန်စဉ်းစားလိုက်တဲ့အခါ…………………

13 comments

  • weiwei

    November 12, 2010 at 4:42 pm

    ကိုပေါက်ရေးထားတာတွေ အကုန်လုံးနီးပါးစားဖူးတယ် … ဖတ်ရင်းနဲ့လဲ ပြန်စားချင်လာပြီ .. မနက်ပိုင်းစားရတဲ့ မြီးရှည်ကိုအကြိုက်ဆုံးပဲ …

  • kopauk mandalay

    November 13, 2010 at 2:37 am

    (နောက် အရင် ကိုလှထွန်းအအေးဆိုင်နေရာမှာဖွင့်တာကနေ) ဆိုတဲ့စာသားကို
    အရင် ကိုလှထွန်းအအေးဆိုင်နဲ့ မျက်စောင်းထိုးလောက်လို့ပြင်ဖတ်ပေးစေလိုပါတယ်။

  • manawphyulay

    November 13, 2010 at 3:19 am

    မလွမ်းစကောင်း လွမ်းစကောင်းဆိုပေမယ့်လည်း မနောကတော့ ခဏတာ ရောက်ခဲ့ဖူးတဲ့ မန်းလေးကို ထပ်မံ သေသေချာချာ နေရာစုံ ရောက်ဖူးချင်မိတယ်။ မသေခင်တော့ ရောက်နိုင်ကောင်းပါရဲ့လို့လည်း စဉ်းစားမိပါတယ်။ ဒီလောက် လွမ်းမောဖွယ်ကောင်းတဲ့ တောင်သမန်အင်း၊ ဦးပိန်တံတားကိုလည်း ဖြတ်လျှောက်ချင်နေမိတယ်လေ….

  • mandalaythar

    November 13, 2010 at 3:21 am

    လွမ်းလိုက်တာ မန္တလေးကို ဗျာ။ အစားအသောက် အကြောင်းပြောတော့ ပိုပြီးလွမ်းမိတယ် ကိုပေါက်ရာ။ မန္တလေးသားဖြစ်တော့ ရန်ကုန်ကို စပြီးပြောင်းတော့ မနက်စာ အတွက် အတော်ကို စဉ်းစားရတယ်ဗျာ။ မန္တလေးမှာ မနက်စာဆို ဘာစားရမလဲ ဆိုပြီးရွေးရတာ။ ရန်ကုန်ရောက်စက ဘာကို စားရမလဲလို့ စဉ်းစားရတာဗျာ။ ခက်တာက ရန်ကုန်သားတွေက မုန့်ဟင်းခါးလောက်နဲ့ ပြီးခဲ့ကြတာဆိုတော့။ ကိုယ့်အတွက် ရွေးစရာမရှိဘူးဖြစ်နေတယ်။ မုန့်ဟင်းခါးဆိုတာလည်း မနက်စာအဖြစ်သောက် ခဲတယ်။ နေ့လည်ပိုင်းမှ ကျွန်တော်တို့ မန္တလေးသားတွေက သောက်တာ။ (ဒီနေရာမှာ မန္တလေးသားတွေက မုန့်ဟင်းခါးကို သောက်တယ်လို့ သုံးတယ်။ အောက်ပြည်ကဟာတွေက မုန့်ဟင်းခါးကို စားတယ်လို့သုံးတယ်။ သုံးမှာပေါ့ သူတို့က မုန့်ဟင်းခါးအရည်နဲ့ မုန့်ဖတ်ကို စတူ ခက်ပစ်ပစ်နဲ့ စားတာကိုး။ မန္တလေးသားတွေက မုန့်ဟင်းခါး အရည်များများ မုန့်ဖတ်နည်းနည်းနဲ့ သောက်ကြတာ။) ရန်ကုန်မှာ တော်ရုံ လက်ဘက်ရည်ဆိုင်ဆိုလဲ ခြောက်ခြောက်ကပ်ကပ်နဲ့ ဘာမှ ရွေးစရာမရှိဘူး။ ထားလိုက်ဗျာ ဒါရန်ကုန်မှာ ဖြစ်တဲ့ ဒုက္ခ၊ အခုတော့ ရန်ကုန်လဲ မန္တလေးစတိုုင် လက်ဘက်ရည်ဆိုင်တွေက မနက်စာ စားစရာတွေ စုံအောင်တင်လာကြပါပြီ။

    ကိုပေါက်က ဆက်သွယ်ရေးရုံးဘက်က ဆိုတော့ အဲဒီဘက်က ဆိုင်တွေကို ရေးတာများတယ်။ ဥပမာ မြှီးရှည်ဆို ကျွန်တော်တို့ဘက်မှာ တိုင်းကျော် တာရဲတန်းမြှီးရှည်က နာမည်ကြီးတယ်။ သူက နာမည်ကြီးတာ မန္တလေး ထမင်းပေါင်းဗျာ။ မန္တလေးထမင်းပေါင်းနဲ့ ရန်ကုန်ထမင်းပေါင်းမတူဘူးနော်။ ငယ်ငယ်တုန်းက ရန်ကုန်ကို ရောက်တော့ ထမင်းပေါင်းဆိုလို့ မန္တလေးထမင်းပေါင်းမှတ်ပြီးမှာတာ… ဘယ်လိုမှ စားမရဘူး ထမင်းနဲ့ ကော်ရည်တွေနဲ့ အသီးအရွက်ကျော်တွေထည့်ထားတာ။ အဲဒါရန်ကုန် ထမင်းပေါင်းနောက်ဆုံးစားခြင်းဘဲ။ နောက်ဘယ်တော့မှ မမှာတော့ဘူး ရန်ကုန်ထမင်းပေါင်းကို။

    ကိုပေါက် မနက်စာတွေ အကြောင်းရေးပြီးပြီဆိုတော့။ မန္တလေးမှာ နေ့လည် (၃)နာရီလောက် အစာပြေစားတဲ့ မုန့်တွေအကြောင်းရေးအုံးနော်။ ရန်ကုန်တို့ဘာတို့မှာ နေလည်အစာပြေ စားတဲ့ ဓလေ့သိပ်မရှိဘူးဗျာ။ အလွန်ဆုံး လက်ဘက်ရည်ဆိုင်သွားတာလောက်ဘဲ။

    မနက်စာတွေအကြောင်းပြောတော့ ပေါက်စီအကြောင်း သိပ်မပြောသွားဘူးနော်။ ကျွန်တော်က ရ လွှာပေါက်စီကို ကြိုက်တယ်။ ဟိုးတုန်းက ယူနန်ဘုံကျောင်း ဂိတ်နားမှ ဖွင့်တဲ့ ရ လွှာပေါက်စီကို ကြိုက်တယ်။ အခုတော့ ရ လွှာပေါက်စီ ဆိုင်တွေ အများကြီး ဖွင့်လာပါပြီ။ ပေါက်စီဆို မန်းမြိုတော် ပေါက်စီကို ကျန်လို့မရဘူးနော်။

    အီကြာကွေးကျတော့ ညပိုင်းမှာ ၃၅ လမ်း ဂုုံးကျော်အောက်က အီကြာကွေးနဲ့ မလိုင်ဆိုင်ကို သတိရမယ်တယ်ဗျာ။ အဖေ တခါတလေ ဝယ်ဝယ်ပြီး ညမအိပ်ခင် မိသားစု စားကြတာကို မှတ်မိနေသေးတယ်။

  • bigcat

    November 13, 2010 at 5:45 am

    ဦးပေါက်ရဲ့ မန်းလေးအစာဋီကာကျမ်းကို ဖတ်ရတာ သားရည်ကျမိပါရဲ့။ ရန်ကုန်မှတုန်းက စနေ တနင်္ဂနွေ နံနက်တိုင်း နောက်ပိုင်းပေါ်လာတဲ့ အိမ်နားက ရှမ်းဆိုင်က မြီးရှည်တပွဲ၊ တို့ဟူးကျော် ပွဲသေးတပွဲ၊ ဝက်ခေါက်ကင်တထုတ်နဲ့ ရေနွေးတဗူးကို တူနဲ့အရသာရှိရှိစားခဲ့ရတာကို မေ့မရပါ။ မန်းလေးအစာတွေထဲမှာ မြီးရှည်ကိုမေ့မရပါ။ တခြား တို့ဟူးနွေးတို့၊ ရှမ်းခေါက်ဆွဲတို့ကို သိပ်မကြိုက်ပါ။ မန်းလေးကို လူပျိုပေါက်ဘဝကရောက်တုန်း ဘူတာကြီးနားက မန်းလေးဒန်ပေါက်ကို ရန်ကုန်ဒန်ပေါက်လို မှတ်လို့ဝင်တီးတာ တခြားစီဖြစ်နေတာ မှတ်မိပါတယ်။ အစိမ်းဒန်ပေါက်လို့ ခေါ်တယ်ထင်ပါတယ်။ ရန်ကုန်လွစ္စလမ်းထဲမှာလဲ အစိမ်းဒန်ပေါက်တဆိုင် ဖွင့်တာတွေ့ခဲ့မိပါရဲ့။ သိပ်အောင်မြင်သည်ဟု မကြားမိပါ။ ရန်ကုန်ဒန်ပေါက်ကသာ ပိုကောင်းသည်ထင်ပါသည်။ ကျနော်လည်း ပဲပြုတ်ကို ကိုယ့်ဘာသာကိုယ်လုပ်စားပါသည်။ ကုလားပဲကိုဝယ်၊ ထမင်းပေါင်းအိုးထဲကို ဆီ၊ ဆား၊ ကြက်သွန်၊ မှိုအချိုမှုန့်ထည့်ပြီး ပြုတ်လိုက်ပါသည်။ ပဲပြုတ်လို အလုံးလိုက်တော့ မထွက်၊ အနှစ်လိုဖြစ်သွားပါသည်။ အဲဒါကို ထမင်းနဲ့ရောကြော်၊ ရောနယ်စားပါသည်။ သူများလုပ်တာဝယ်လဲ ပဲပြုတ်အစစ်မရမဲ့အတူတူ အလွယ်တကူ ကိုယ့်ဖာသာကိုယ်လုပ်တာ ပိုစိတ်တိုင်းကြပါသည်။ မုန်ပစ်စလက်အစား ပန်ကိတ် pan cake လို့ခေါ်တဲ့မုန့်မျိုးလည်းရှိပါသည်။ ကိုယ့်ဖာသာကိုယ် လုပ်ကြည့်တာ မတူလို့ ပန်ကိတ်အချိုအပါးစား ဝယ်စားတော့ အာသာပြေပါသည်။ ဆန်မှုန့်အစား ဂျုံမှုန့်၊ သကြား၊ နို့၊ ကြက်ဥ၊ ထောပတ်တို့ပါပါသည်။ မြန်မပြည်က မုန်ပစ်သလက် အဖြူနဲ့ပဲပြုတ် နံနံပင်လားမသိ ကိုတော့မမှီပါ။ ပေါက်စီကလည်း ဈေးမသေးပါ၊ တလုံးကို တဒေါ်လာနဲ့ ၂၅ပြား၊ (ကြက်၊ဝက်နဲ့ပုဇွန် သုံးမျိုးရောထားလျင်) ကြက် သို့ ဝက်တမျိုထဲဆို ၇၅ပြားပေးရပါသည်။ မြန်မာပြည်ကလောက် မကြီးပါ။ အသားမစားတော့တာကြာလို့ ဈေးတက်သွားပြီလားတော့မသိပါ။ လဘက်ရည်က ကုလားတန်းမှာ တခွက်ငါးမတ်၊ မကောင်းပါ။ တရုတ်ဆူပါမားကတ်မှာ ရယ်ဒီမိတ်အထုတ်များဝယ်ပြီး မလိုင်နို့စိမ်း ထည့်သောက်ရပါသည်။ ကုလားတန်းမဟုတ်ရင်တော့ ရေနွေးထဲကို လစ်ပတန်တီးအထုပ်စိမ်ပြီး သကြား၊နွားနို့ရောထားတဲ့ မည်ကာမတ်တပ် လဘက်ရည်သောက်ချင်သောက် မသောက်ရင် ကော်ဖီသောက်ဖို့သာရှိပါသည်။ ကော်ဖီကတော့ အမျိုးစုံရှိပါသည်။ ဈေးကလည်း တကျပ်ခွဲလောက်ကနေ ငါးကျပ်ခြောက်ကျပ်လောက်ထိရှိပါသည်။

  • kai

    November 13, 2010 at 5:48 am

    အဟင်း…
    အခုတင်… ညစာကို ဟိန္ဒူတွေဖွင့်တဲ့ ဗက်ဂျီတေးရီးယန်းဆိုင်မှာ အဝစားလာတယ်..။
    စားရင်းနဲ့ မြန်မာစာဆိုတာ .. ကုလားစာကို ဆီရောထားတာပဲလို့တွေးနေမိပြန်ရော..။
    မလိုင်ဆိုလို့.. မလိုင်ကို သူတို့ကလည်း မလိုင်လို့ပဲခေါ်တယ်ဗျ..။
    လက်ဖက်ရည်မှာသောက်တော့ မဆလာနံ ့သင်းသင်းလေးနဲ့..။
    သရက်သီးသနပ်၊ စမူဆာ၊ နံပြား… အကုန်တူပါ့ဗျား..။

    ကိုပေါက်စာဖတ်ပြီး အမှတ်တရပါ..။

  • kopauk mandalay

    November 13, 2010 at 1:19 pm

    ပေါက်စီအကြောင်းက 21မှာလာပါမယ်၊
    ကျနော်ကတော့ အစားကြိုက်တယ်ဗျာ။
    မန်းလေးအကြောင်း ကသိပ်ရှည်လို့ အီသွားမှာစိုးနေတာအခုလို ကော်မင်တွေပေးတော့
    ရေး အုံး မှာ……………………………………………….

  • naywoonni

    November 13, 2010 at 2:01 pm

    ကျွန်တော်ကျောင်းစရောက်တော့ရတနာဘုမ္မိနယ်မြေဗျ…1985-86
    လမ်း80ပေါ်က…အောင်ဝင်းလက်ဘက်ရည်ဆိုင်တို့စမ်းသီတာတို့မှာမနက်တိုင်းထိုင်ရတာ
    နဲနဲရိုးသွားရင်တရုတ်တန်းဒီဘက်ထိပ်ကရှိန်ြ ကီးမှာသွားထိုင်လိုက်ရော………………….
    ကိုပေါက်သိမလား…အဲဒိနားလေးမှာစာအုပ်ရောင်းတဲ့ဆိုင်လေးလည်းရှိတယ်လေ……..
    ရွှေဒေသစာပေဆက်ဆံရေးဆိုလားပဲ………..

    • MandalayThar

      November 13, 2010 at 4:19 pm

      နေဝင်းနီဆိုတာ ဓါတ်ပုံဆိုင်လားဗျာ။ အောင်ဝင်းလ္ဘက်ရည်ဆိုင်နား လမ်း (၈၀) ၊ (၃၄ × ၃၅) ကြားမှာဖွင့်တာ ဟိုးတုန်းက….

  • unclegyi1974

    November 13, 2010 at 2:25 pm

    ကိုပေါက်ကမန္တလေးအစားအစာအကြောင်းရေးသွားတာ
    အတော်စုံပါတယ်
    တော်စုံပေမဲ့ကျွန်တော်တို့ငယ်ငယ်ကစားခဲ့ရတဲ့
    ဗမာမုန့်စစ်စစ်လေးတွေကိုတော့သတိရတယ်ဗျာ
    မုန်းဗိုင့်တောင့်တို့ မုန်ကျွဲသဲတို့ ထန်းသီးမုန့်တို့
    အခုခေတ်ကလေးတွေဆိုကြားဖူးမယ်တောင်မထင်ဘူး
    ဒီအသက်ရောက်မှငယ်ငယ်ကအမေဝယ်ကျွေးခဲ့တဲ့
    မုန့်တွေဟာကျမ္မာရေးနဲ့ညီတယ်ဆိုတာသိရတယ်
    ငယ်ငယ်ကတော့ကိတ်မုန့်တို့ ပေါက်စီတို့ ကြိုက်တာလေ

  • kopauk mandalay

    November 13, 2010 at 3:04 pm

    အဲဒီမုန့်လေးတွေအကြောင်းက ရှေ့အပိုင်းတွေတုံး က မြောက်ပြင် နဂါးရိပ်သာရဲ့အနောက်ဖက် က စတုဘုမ္မိသာက ရိပ်သာအကြောင်းရေးတုန်းက ဒီမုန့်လေးတွေအကြောင်းကို သတိတရရေးပြီးပါပြီ။
    ပြန်ရှာဖတ်ကြည့်ပါနော် အပိုင်း 2-3-4 တစ်ခုခုထဲမှာပါနိုင်ပါတယ်။

  • naywoonni

    November 14, 2010 at 12:56 pm

    (အောင်ဝင်းလ္ဘက်ရည်ဆိုင်က လမ်း (၈၀) ၊ (၃၄ × ၃၅) ကြားမှာဖွင့်တာ ဟိုးတုန်းက….)……ဟုတ်တယ်ကိုပေါက်ကျွန်တော်တို့ကျောင်းတက်ရတာက
    မျက်နှာချင်းဆိုင်က..ဖားသားလဖုန်းလို့ခေါ်တဲ့ရတနာဘုမ္မိမှာလေ………

  • Maung Dae`

    November 15, 2010 at 5:30 am

    ဦးပေါက်ရေ..
    အခုရေးနေတဲ့ မလွမ်းစကောင်း၊ လွမ်းစကောင်း ပြီးသွားရင် စာအုပ်ထုတ်ပါ့လား.. ကျွန်တော်အရင်အပိုင်းတွေ မဖတ်လိုက်ရလို့.. ဒါမှ မဟုတ်ရင်လည်း PDF လေးလုပ်ပီး ပို့ပေးပါလား.. အဟီး.. (ဦးပေါက်က သဘောကောင်းပါတယ်.. ရုပ်လဲချောမှာပါ.. အဟီး ဖားတာ ဖားတာ..)

    အစားအသောက်တွေဖတ်ရတော့ အစားနာမည်တွေမတူလို့ တစ်ခါမျက်စိလည်ဖူးတယ်.. ဒီမှာခေါ်နေကြတဲ့ မတ်ပဲကြော်ကို ကျွန်တော်တို့ဆီမှာ ဘာယာကြော် လို့ခေါ်ပီးတော့ ဒီရန်ကုန်မှာခေါ်နေတဲ့ ဘယာကြော်ဆိုတာကိုတော့ ကျွန်တော်တို့က ကုလားဘယာကြော် လို့ခေါ်တယ်လေ.. အဲ့သည်မှာ အကြော်ဝယ်တော့ မျက်စိလည်တာပဲ..

    သမိုင်းလမ်းဆုံက မဟာရန်ကုန် လက်ဖက်ရည်ဆိုင်မှာ တစ်ခါက မန္တလေးမြီးရှည်စားကြည့်တာ.. မဆိုးပါဘူး.. စားရင်းနဲ့တောင် မန္တလေးကိုသတိရလာတယ်…

    ဦးပေါက်ရေ.. မန္တလေးက ရှမ်းထမင်း ပုံစား အကြောင်းလဲ ထည့်ရေးဦးနော်..
    ကျွန်တော်အရမ်းကြိုက်လို့.. အဟဲ..

    ကျွန်တော်မန္တလေးကို ခဏပြန်လာစရာရှိတယ်.. ဦးပေါက်လိပ်စာပေး.. အခုစာထဲမှာပါတဲ့ဟာတွေ အကုန်လိုက်ကျွေးရမယ်… (စားချင်စိတ်ဖြစ်အောင်ရေးထားလို့)..

    အားပေးနေပါတယ်.. ဆက်ရေးပါဦး..

Leave a Reply