ရှမ်းပြည်အတွင်း တိုက်ပွဲတွေဖြစ်

နွယ်ပင်November 12, 20101min980

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ SSA ရှမ်းပြည်မြောက်ပိုင်း တပ်မတော်နဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့တွေအကြား (11.11.10) ညနေ ၅ နာရီလောက်ကစပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အရင် ဖြစ်လေ့ရှိတဲ့ ကြိုးကြား ကြိုးကြား တိုက်ပွဲမျိုး မဟုတ်ဘဲ နှစ်ဘက်စလုံးက အလုံးအရင်းနဲ့ တိုက်ခိုက်နေကြတာကြောင့် တိုက်ပွဲ ရေရှည်ဖြစ်နိုင်ပါတယ် ။အခြေအနေ အပြည့်အစုံ သိရအောင် ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို စပြောပါတယ်။

“ဒီညနေ ၅ နာရီ၊ မိုင်းနောင် ကျေးစီး မိုင်းရှူးကားလမ်းပေါ့၊ အဲဒါ မိုင်းရှူးရဲ့ အနောက်မြောက်ဘက်မှာ ရှိတယ်။ အဲဒီကားလမ်းပေါ်မှာ တန်ချောင်းရဲ့ အနောက်ဘက် ကဆော့ရွာမှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ နအဖတပ်က အဲဒီကားလမ်းရဲ့ အနောက်ဘက် ၃ မိုင်လောက်မှာ အခြေချထားတဲ့ တပ်ရင်း ၂၄ က SSA မြောက်ပိုင်း အပစ်ရပ်အဖွဲ့က ပြည်သူ့စစ်မလုပ်တဲ့ တပ်မဟာ ၁ တပ်ဖွဲ့ကို သွားတိုက်တယ်။ အခုထိ နှစ်ဘက်စလုံးက သူ့ကို ငါဝိုင်း၊ င့ါကို သူဝိုင်းနဲ့ နှစ်ထပ် သုံးထပ်လောက် ဖြစ်နေတယ်။ တဘက်ကို အင်အား အနည်းဆုံး ၇၀၊ ၈ဝ လောက်ရှိတယ်၊ တိုက်နေကြတာ အခုထိ သေနတ်သံက မစဲသေးဘူးဗျ။”

အခုဖြစ်တာ ကရင်ပြည် မြဝတီဘက်မှာ ဖြစ်တာတွေနဲ့ ဆက်စပ်မှု ဘယ်လိုများ ရှိနိုင်မလဲ။

“ဘယ်လိုရှိမှန်းတော့ မသိဘူး။ သူတို့က နိုဝင်ဘာ လဆန်းပိုင်းလောက်မှာ လေးငါးခြောက်ဖွဲ့ အစည်းအဝေးတွေ အတူထိုင်ကြတယ်လို့ သတင်းထဲမှာ ပါတာကိုး။ အဲဒါ SSA မြောက်ပိုင်းလည်း ပါတာပဲ။ အဲဒီ အပစ်ရပ်အဖွဲ့၊ ပြည်သူ့စစ် မလုပ်တဲ့ အဖွဲ့က။ နောက်တခု ရွေးကောက်ပွဲ အကြိုမှာ နအဖတပ်က စေလွှတ်ထားတာ အများကြီး၊ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ဆိုပြီးတော့။ အဲဒီတပ်တွေက ရုပ်တော့မလို့၊ ဒါပေမဲ့ မြဝတီနဲ့ ဘုရားသုံးဆူဘက်မှာ တိုက်ပွဲတွေဖြစ်တော့ သူတို့ မရုပ်သွားဘူးပြောတယ်။ အခု နှစ်ဘက်စလုံး တပ်အင်အားတွေ ဖြည့်နေကြတယ်။

“SSA မြောက်ပိုင်းက တပ်မှူးတယောက် ပြောတာကတော့ ဒီတိုက်ပွဲက အရင် တလ၊ နှစ်လက ဖြစ်တဲ့ပုံစံမျိုး ခဏတဖြုတ် ဖြစ်ပြီးမှ ငြိမ်သွားတဲ့ ပုံစံမျိုး ဖြစ်ပုံမရတော့ဘူးတဲ့။ ရေရှည် ဖြစ်သွားနိုင်တယ်ပေါ့၊ ကူးစက်သွားနိုင်တယ်ပေါ့။”

တော်တော်လေးကို ကြီးကြီးမားမား တိုက်နေကြတာပေါ့။

“ဟုတ်ပါတယ်။ အခု တောင်ဘက်မှာ၊ အနောက်ဘက်မှာ၊ အရှေ့တောင်ဘက်မှာ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ အားလုံးကို ဝိုင်းထားတဲ့ နအဖတပ်က စကခ ၁၊ စကခ ၂၊ နောက် ဒေသခံတပ်ရင်းတွေ အားလုံးပေါင်း ၁,၇၀ဝ လောက်ရှိတယ် အနည်းဆုံး။”

SSA မြောက်ပိုင်းဘက်ကရော တပ်အင်အား ဘယ်လောက်လောက် ရှိပါလဲ။

“သူတို့က အားလုံးပေါင်း အောက်ထစ် ၃,၀၀ဝ ကျော်တာပေါ့။”

အခု တိုက်ပွဲဖြစ်နေတဲ့ နေရာက ရှမ်းပြည်ရဲ့ ဘယ်ဘက်ကျမလဲခင်ဗျ။

“ရှမ်းပြည်ရဲ့ အလယ်နဲ့ တောင်ပိုင်း စပ်ကြားပေါ့။ မိုင်းရှူးမြို့နယ်နဲ့ မိုင်းနောင်မြို့နယ်ခွဲ စပ်ကြားမှာပေါ့။”

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည် ပြောသွားတာ ဖြစ်ပါတယ်။

မှတ်ချက် ။ ။ ” ငွန်ငယ်မိုး ” မှကူးယူဖော်ပြထားပါသည် ။ သတင်း…ဒီမိုဝေယံ..။