ဟောဒီကဗျာထဲမှာ သေနတ်ကြီးယူပြီး ပစ်ချလိုက်

သူရႆဝါNovember 13, 20101min602

နံရံမှာချိတ်ထားတဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုယူပြီး

ဟောဒီကဗျာ/ ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချလိုက်တယ်

ပြန်တွေးကြည့်တော့ လွမ်းစရာကိစ္စတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ခဲ့ပြီ

ကျွန်တော် တကယ်ပဲ ပစ်ထည့်လိုက်တယ် ကျွန်တော် ပစ်ချလိုက်မှရမှာ

အစစ်အမှန် အာ့သ်တွေထည့်ရေးနေတာ

စိတ်ထဲ ဖြိုးဖြိုးဖြောက်ဖြောက်ပေါ်လာသမျှ ဘာသာဗေဒ ရေးထားတာ

ကမ္ဘာပေါ်မှာ လူသားသန်းပေါင်းများစွာ အ အာ အာ့ အား ဘုရားတ တရားကိုတ ဂွ ဂွ ဂွ ဂွ

ချက်ကော့ဗ်ရဲ့ သေနတ်ကြီးယူပြီး ဇာတ်လမ်းရဲ့ တစ်နေရာထဲ ပစ်ချင်သလိုပစ်ချလိုက်

သီအိုရီအရ ချိတ်ပေးထားတဲ့ သေနတ်ဟာ ပစ်ဖို့ပဲ အဲဒီသေနတ်ကိုင်ပြီး လုပ်ချင်ရာလုပ်ဖို့ပဲ

အဓိကအရေးကြီးတာက ဖန်တရာမတေတဲ့ Text တွေဖြစ်ဖို့ပဲ ဒါက ကဗျာပဲ

အဲဒီ အ အာ အာ့ အား အဓိပ္ပါယ်တော့ ကျွန်တော်လည်း မသိဘူးဆိုတာပဲ

အဲဒီ သေနတ်ကြီးနဲ့ အခုဖတ်နေတဲ့သူတွေရဲ့ ရင်ဘတ်တည့်တည့်ကို ပစ်ချလိုက်

သူတို့သေသွားလိမ့်မယ် အခုရေးနေပါတယ်ဆိုတဲ့ အေဖိုးစက္ကူစာရွက်ထဲက ကွန်ပျူတာစာစီထားတဲ့

မြန်မာခေတ်ပြိုင်ကဗျာအသစ်ဟာ ဘုရားသခင်ကိုတောင် ပြန်ပြီးသတ်ပစ်လို့/ ဖန်တီးလို့ရတဲ့ လက်နက်ပဲ

ကဗျာလောကဆိုတာ မောင်ချောနွယ်မဟုတ်ဘူး၊ ဇေယျာလင်းမဟုတ်ဘူး၊ ကဗျာလောကဆိုတာ

သေနတ်ကြီးတကားကားပဲ ဟိုချိန်ဒီချိန်ပဲ

ပြန်တွေးကြည့်ရင် လွမ်းစရာ သွားလာစားသောက်မှုတွေဟာ လွန်ခဲ့သော နှစ်တွေထဲ ကျန်ရစ်ခဲ့ပြီ

ဟိုလူတွေ ဒီလူတွေ သီအိုရီအဟောင်းကြီးကို သီအိုရီအပျက်ကြီးဖြစ်အောင် လုပ်လို့ရတာတွေ

မကျေနပ်ရင် ဒီကဗျာကို ပစ်ချလိုက်ပါ နံရံမှာ ချိတ်ထားတဲ့ (ထပ်ခါထပ်ခါ သုံးစွဲထားတဲ့) သေနတ်ကြီးနဲ့

ပစ်ထည့်လိုက်ပါ အာ့သ်တွေ တပုံတခေါင်းကြီးပါနေတဲ့ အခုကဗျာလိုလို စကားပြေလိုလို စာပိုဒ်ကြီးကို

ဟော … အခုလှမ်းကြည့်လိုက်တော့ နံရံမှာ ချိတ်ထားတဲ့ သေနတ်ကြီးကို ချက်ကော့ဗ်ပြောခဲ့သလို

မတွေ့တော့ဘူး ဘာပဲဖြစ်ဖြစ်

ဟောဒီကဗျာကြီးတစ်ပုဒ်လုံးရဲ့ တစ်နေရာရာထဲ (ချောင်ကြိုချောင်ကြားပဲဖြစ်ဖြစ်)

နံရံမှာ မရှိတော့ဘူးလို့ ခုနကပြောခဲ့တဲ့ သေနတ်ကြီးကို မရရအောင်ရှာပြီး

ကျွန်တော့်ကိုရော၊ ခင်ဗျားကိုယ်ခင်ဗျားရော၊ ဝန်ကြီးပဒေသရာဇာရော၊ နတ်ရှင်နောင်ရော၊

ရှင်မဟာရဌသာရရော (မဲဇာတောင်ခြေတွေ၊ နှမလက်လျှော့နေလေတော့တွေထဲအထိ လိမ့်ကျသွားအောင်)

အားလုံးကို ထိထိမိမိ ပစ်ချလိုက် ။                  ။

(ဒါနဲ့ စကားမစပ် … ဟောဒီကဗျာဟာ စာလုံးပေါင်းသတ်ပုံ တစ်လုံးမကျန်မှန်မှန်ကန်ကန်ဖြစ်သလို လွန်ခဲ့သော နှစ်တွေထဲ ကျန်ခဲ့တဲ့ လွမ်းစရာကိစ္စတွေဆိုတာ ပြောသွားတာနဲ့ ဘာမှမဆိုင်တဲ့ အပိုသက်သက်အရေးအသားတွေ)

သူရဿဝါ

နိုဝင်ဘာလ ၁၂ ရက် ၊ ၂၀၁ဝ ခုနှစ်

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 13, 2010 at 6:27 am

    ဖတ်တော့ဖတ်ကြည့်ခြင်ပါတယ်
    ဒါပေမယ့် သေနတ်ကြီး ပါတော့ မဖတ်ဘဲ
    မန်းသွားတယ်
    ကျမ္မာချမ်းသာပါစေ ကျမ္မာချမ်းသာပါစေ ကျမ္မာချမ်းသာပါစေ

  • kopauk mandalay

    November 13, 2010 at 4:30 pm

    ်ယူပြီး ပစ်ကြည့်တယ်ဗျ ချက်ကော့ရဲ့သေနတ်ကြီး က ကျည်အနေပြီ။
    ပစ်သာပစ်ထဲ့လိုက်ရတယ် မီးမကူးတော့ ပစ်အလကားဖြစ်သွားတယ်ဗျာ။

Leave a Reply