အောင်မြင်ရသည့်အကြောင်းရင်းများ

asiamastersNovember 14, 20101min1115
ထက်သန်ပြင်းပြသည့်စိတ်၊ စိတ်ကူးစိတ်သန်းများနှင့် ကျွမ်းကျင်မှု

အောင်မြင်ရသည့်အကြောင်းရင်းများ

လူသားတွေဟာ အောင်မြင်မှုကိုလိုလားသူများဖြစ်ပါတယ်။ ရှုံးနိမ့်မှုဆိုတာ ကြားတောင်မကြားလိုသူများဖြစ်ပါတယ်။ ဒါပေမဲ့လူ့ဘဝမှာ ကြုံ တွေ့ရမှာက အောင်မြင်မှုရော ဆုံးရှုံးမှုရောနှစ်မျိုးစလုံးပါပဲ။ အောင်မြင်မှုရရှိချိန်မှာ လူသားတွေဟာ ပျော်ရွှင်ကြတယ်။ ဝမ်းသာကြတယ်။ ဂုဏ်ယူလေ့ရှိကြပါတယ်။ ရှုံးနိမ့်လိုက်ပြီဆိုတာနဲ့ ဝမ်းနဲကြပါတယ်။ ယူကျုံးမရဖြစ်ကြတယ်။ ရှက်ကြတယ်။ လူတွေနဲ့ ဝေးရာကို ရှောင်နေချင် တယ်။ အားငယ်စိတ်တွေ၊ စိတ်ဓါတ်ကျမှုတွေလိုက်လာတာပါပဲ။ ဒါကြောင့် ရှုံးနိမ့်ရမှာ ကို အလွန်ကြောက်ကြပါတယ်။ဒါပေမဲ့ ရှုံနိမ့်မှုတွေ က ို ရှောင်လွှဲလို့မရနိုင်ပါဘူး။ တကယ်တမ်းကျတော့ အောင်မြင်မှုတွေဟာ ရှုံးနိမ့်မှုတွေကစတာများပါတယ်။ ရှုံးနိမ့်မှု တွေဟာ အောင်မြင်မှု ကို တက်လှမ်းမဲ့ လှေကားထစ်တွေဖြစ်ပါတယ်။ လူသားတွေဟာ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေလုပ်ကိုင်ကြသည်မှသည်  မိမိယုံကြည်ရာ ရည်ရွယ်ချက်များကို ပြီးမြောက်အောင်လုပ်လိုုသူများအထိအောင်မြင်အောင်ကျိုးစားနေကြရမှာဖြစ်ပါတယ်။ အောင်မြင်ရတဲ့ အကြောင်းရင်း တွေရှိပါတယ်။

အောင်မြင်ရန်အတွက် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က Passion လို့ခေါ်တဲ့ ထက်သန်ပြင်းပြတဲ့ စိတ်ဖြစ်ပါတယ်။ မိမိရည်ရွယ်ချက်ကို မိမိပြင်းပြင်းပြပြယုံကြည်ရမှာဖြစ်ပါတယ်။ ရော့တိရော့ရဲနဲ့ပြီးစလွယ်ဆိုရင် အောင်မြင်ရန်မဖြစ်နိုင်ပါဘူး။ ထက်သန်ပြင်းပြတဲ့စိတ် ဆိုတာက မိမိလုပ်ဆောင်နေတဲ့ ကိစ္စတွေ၊ မိမိရဲ့ ရည်ရွယ်ချက်တွေဟာ မျှတပြီး အများသဘောတူထားတဲ့ တရားဥပဒေနဲ့ အညီဖြစ်တယ်ဆိုတာကို အရင်ဆုံးယုံကြည်မှုပါပဲ။ ဒီလိုမှ မယုံကြည်ဘူးဆိုရင် ဇွဲလုံးလဆိုတာဘယ်တော့မှပေါ်မလာပါဘူး။  မိမိလုပ်နေတဲ့ အလုပ်ကို ယုံကြည်တယ်လို့ ဆိုတဲ့နေရာမှာ ယုံကြည်ပြီဆိုမှ တော့ ဒီအလုပ်ကိုလုပ်ရတာလဲကြိုက်မှာပါပဲ။ ဒီအလုပ်ကို လုပ်ရတာမကြိုက်ပြန်ရင်လဲ အောင်မြင်ဘို့ ဆိုရာ မလွယ်ပါဘူး။ နောက်တစ်ခုယုံကြည်ရမှာ က ကိုယ်လုပ်နေတဲ့ အလုပ်တွေဆိုတာ မိမိအတွက်လည်း ကောင်းတာဖြစ်တယ်။ မိမိရဲ့မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေလည်းကောင်းတာဖြစ်ရမယ်။ မိမိရဲ့ လူ့အသိုင်းအဝိုင်းအတွက်လည်း ကောင်းတာဖြစ်တယ်ဆိုတာ ပြင်းပြင်းပြပြ ယုံကြည်ရမှာဖြစ်ပါတယ်။ နဂိုကတည်းကိုက ပျော့ပျော့ ညံ့ညံ့နဲ့ အရှုံးပေးလိုစိတ်ရှိသူတွေဟာ အောင်မြင်ဖို့ဝေးစွ ရှင်သန်ဖို့ရန်တောင် မလွယ်ကူပါဘူး။ ဒါကြောင့် အောင်မြင်ရန်အတွက် အရေးကြီးဆုံး ပထမအချက် က ထက်သန်ပြင်းပြတဲ့စိတ်ဖြစ်ပါတယ်။ Burning Desire လို့လည်းခေါ်ပါတယ်။ မိမိရဲ့ တောင့်တမှုဟာ မီးများလိုလောင်မြိုက်နေမှ အောင်မြင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက် ကတော့ Idea လို့ခေါ်တဲ့ စိတ်ကူစိတ်သန်းများဖြစ်ပါတယ်။ အချိန်တွေပြောင်းလဲသွားသည်နှင့် အတူ လူသားတို့ရဲ့ နားလည် သဘောပေါက်မှုတွေဟာလည်းပြောင်းလဲနေပါတယ်။ လိုလားတောင့်တမှုတွေဟာလည်းပြောင်းနေပါတယ်။ကမ္ဘာပေါ်မှာ အလျှင်မြန်ဆုံး ပြောင်းလဲနေတာက နည်းပညာဖြစ်ပါတယ်။ အထူးသဖြင့် ကတော့ Information နည်းပညာဖြစ်ပါတယ်။ နည်းပညာတွေ ပြောင်းလဲတာ မြန်လွန်းအားကြီးတော့ Creative Destruction လို့တောင်ခေါ်လာပါတယ်။ ဆိုလိုတာကတော့ တစ်ခုခုကိုဖန်တီးလိုက်ပြီဆိုရင် တစ်ခုခုကို ဖျက်ဆီးလိုက်သလိုဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ရုပ်သံပြစက်တွေပေါ်ကာစက တိပ်ခွေတွေနဲ့ ကြည့်ကြရပါတယ်။ သိပ်မကြာခင် မှာ VCD တွေပေါ်လာတော့ ဘယ်သူမှ တိတ်ခွေတွေကို မကြည့်ကြတော့ပါဘူး။ ဒါကြောင့် VCD ပေါ်လာတာဟာ တိတ်ခွေတွေ ကို ဖျက်ဆီး လိုက်သလိုပါပဲ။ VCD နောက်မှာ တော့ DVD ဆိုတာ ထပ်ထွက်လာပြန်တယ်။ ဒီအချိန်မှာ VCD တွေအသုံးက ရော့ကျသွားပြန်ပါတယ်။ ဒါနဲ့လည်းမဆုံးပါဘူး။ အခုတခါ EVD ဆိုတာတွေပေါ်နေပြန်ပါပြီ။ လူသားတွေရဲ့ တိထွင်မှုနည်းပညာဟာမဆုံးနိုင်ပါဘူး။ လူသားတွေရဲ့ နားလည်သဘောပေါက်မှုတွေ တိုးပွားလာမှု၊ စဉ်ဆက်မပြတ်တီထွင်မှုတွေနဲ့ အတူ လိုက်ပါလာတာကပြိုင်ဆိုင်မှုဖြစ်ပါတယ်။ ယခုအချိန်မှာ ပြိုင်ဆိုင်မှုဟာ အလွန်အမင်းပြင်းထန်လာတဲ့အတွက် Merciless Competition လို့တောင်ခေါ်လာပါတယ်။ ကြင်နာသနားခြင်းမရှိတော့တဲ့ ပြိုင်ဆိုင်မှုပါပဲ။ ဒီလိုအခြေအနေမှာ ရှင်သန်နိုင်ဖို့အတွက် လူသားတွေရဲ့ စိတ်ကူးစိတ်သန်းများဟာ အလွန်အရေးကြီးလာတာဖြစ်ပါတယ်။

တတိယ လိုအပ်ချက်ကတော့ Skill လို့ခေါ်တဲ့ ကျွမ်းကျင်မှု ပါပဲ။ မိမိဟာ ဘယ်အရာကိုပဲလုပ်လုပ် ကျွမ်းကျင်အောင်ကျိုးစားရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှုမရှိပဲနဲ့ အောင်မြင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းမှာ ကျွမ်းကျင်မှုတစ်မျိုးစီရှိပါတယ်။
သဘာဝတရားကြီးရဲ့ လက်ဆောင်ရထားသလိုမျိုးပါပဲ။ ဒါကြောင့် အတတ်ပညာ တစ်ခုခုမှာ ထူးချွန်သူများကို Gifted လို့ဆိုခြင်းဖြစ်ပါတယ်။ လူသားတွေရဲ့ကျွမးကျင်မှုကို Talent နဲ့ Ability ဆိုပြီးတော့ နှစ်မျိုးခွဲပါသေးတယ်။ Talent ဆိုတာကတော့ မွေးရာပါအရည်အချင်း ဖြစ်ပြီး တော့ Ability ဆိုတာကတော့ လေ့ကျင့်မှုကနေရလာတဲ့ ကျွမ်းကျင်မှုဖြစ်ပါတယ်။ ဒါကြောင့် အတတ်ပညာ တစ်ခုခုကို ကျွမ်းကျင်လိုပါက အထပ်ထပ် အခါခါလေ့ကျင့်ရမှာသာဖြစ်ပါတယ်။ လူသားတစ်ဦးဟာ မိမိရဲ့ ဘဝပေးကျွမ်းကျင်မှုကို နားလည်သဘောပေါက်တဲ့ နေ့ဟာ  အပျော်ရွှင်ဆုံးနေ့ ဖြစ်ပြီး၊ အောင်မြင်ခြင်းအစလည်းဖြစ်ပါတယ်။ အစပိုင်း မိမိရဲ့ ဘဝပေးကျွမ်းကျင်မှုကိုမသိသေးချိန်မှာတော့ လမ်းပျောက် နေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်မှုဆိုတာဟာလည်း အောင်မြင်ရတဲံ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့်လူသားတွေအတွက် အောင်မြင်ရတဲ့အကြောင်းရင်းတွေကတော့ Passion လို့ခေါ်တဲ့ ထက်သန်ပြင်းပြတဲ့စိတ်၊ Idea လို့ခေါ်တဲ့ စိတ်ကူးစိတ်သန်းများနဲ့ skill လို့ခေါ်တဲ့ ကျွမ်းကျင်မှုတွေဖြစ်ပါတယ်။ နဲနဲတင်စားပြီးပြောမယ်ဆိုရင် ထက်သန်ပြင်းပြမှုဆိုတာက
နှလုံးသားကလာပါတယ်။ စိတ်ကူးစိတ်သန်းတွေဆိုတာကဦးနှောက်ကနေလာပါတယ်။ ကျွမ်းကျင်မှုတွေက လက်ကလာပါတယ်။ ဒါကြောင့် အောင်မြင်လိုသူလူသားတိုင်း မိမိရဲ့ နှလုံးသား၊ ဦးနှောက်နဲ့ လက်တွေကို ဟန်ချက်ညီညီ ပူးပေါင်းလုပ်ကိုင်ကြရန်လိုအပ်ပါကြောင်း ရေးသား လိုက်ရပါသည်။



5 comments

  • kopauk mandalay

    November 14, 2010 at 8:38 am

    ကျနော်ကတော့ သဘောတူတူ မတူတူ တစ်ခုတော့ ဆက်ဖြည့်ပေးချင်ပါတယ်။
    ကိုယ်ဖြစ်ချင်တာကို အကောင်အထည်ဖော်နိုင်ဘို့ အခွင့်အလမ်းပါ။
    အသံဘယ်လောက်ကောင်းတဲ့အဆိုတော်ဖြစ်ဖြစ်
    သရုပ်ဆောင် ဘယ်လောက်ဘဲကျွမ်းကျင် ကျွမ်းကျင်
    အကဘယ်လောက်ဘဲ ညက်ညက်
    စာအရေးအသား ဘယ်လောက်ကောင်းကောင်း
    ဟင်းချက်တာ ဘယ်လောက်ဘဲ အစပ်အဟပ်တည့်တည့်
    စာသင်တာဘယ်လောက်ဘဲတော်တော်
    ကိုယ်တော်တာကိုပြနိုင်တဲ့ “ကွင်း” ကတော့လိုအပ်ပါတယ်။
    ဒီကွင်းလေးရလာဘို့ကတော့ သဘာဝကပေးအပ်တဲ့ အခြေအနေပေါ်မှာမူတည်သလို လွယ်လွယ်ကူကူ
    ကံတရားလို့ခေါ်ကြပါတယ်။
    ခင်ဗျားပြောတဲ့ အချက်တွေနဲ့ ပြည့်စုံပေမယ့် မအောင်မြင်သော နေရာမရသော လူအများကြီးရှိပါတယ်ဆိုတာ
    ကတော့ ကျနော့် ပါတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။
    လူတစ်ယောက်ရဲ့အယအဆကို ကန့်လန့်တိုက်တာမဟုတ်ပါ။
    ကျနော်က လက်တွေ့ ဘဝများစွာနဲ့ယှဉ်လို့ပြောပြတာပါ။

  • thettun

    November 14, 2010 at 11:16 am

    ဂွင် လား … ကွင်း လား …

  • MaMa

    November 15, 2010 at 9:28 am

    နှစ်မျိုးလုံးနဲ့မှအောင်မြင်ဖို့ ပိုဖြစ်နိုင်ပါတယ်။

  • naywoonni

    November 15, 2010 at 11:57 am

    ကျွန်တော်ကြားဖူးတာကတော့……..ငွေရယ်..အချိန်ရယ်…စီမံခန့်ခွဲပိုင်ခွင့်ရယ်ဒီသုံးခုဟန်ချက်ညီရပါမယ်တဲ့…
    တစ်ခုခုချို့တဲ့နေရင်အောင်မြင်မှုရသင့်သလောက်မရနိုင်ပါဘူးတဲ့

  • kopauk mandalay

    November 15, 2010 at 4:13 pm

    ကို်ယ်အစွမ်းအစ ပြနိုင်တဲ့ နေရာကို “ကွင်း”လို့ တင်စားလိုက်တာပါ။
    ဒီပို့စ်လေးရဲ့ကောင်းသောရည်ရွယ်ချက်ကလေးက”ဂွင”်ဖန်ချင်သူများအတွက် ရည်ရွယ်ထားတာမဟုတ်လို့ပါ။

Leave a Reply