သူငယ်ချင်းတို့ရေ မြန်မာသံတော်ဆင့်က ရေးတဲ့ အန်တီစုအကြောင်း သဘောထားလေးတွေ ပြောကြပါဦး ဖတ်ကြည့်နော် … အိုင်ဒီယာအသစ်လေးနဲ့ အမြင်သစ်လေးတွေ ထပ်ပေါင်းပေးပါဗျာ..ကျုပ်တော့ သိပ်မကြိုက်လှဘူးပဲ

darkooskyNovember 16, 20101min1086

အောင်ဆန်းစုကြည် ဘာဆက်လုပ်မှာလဲ
မြင့်ဆွေ (နိုဝင်ဘာ ၁၄ ရက်နေ့ မြန်မာ သံတော်ဆင့်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
စနေနေ့က ပြန်လွတ်လာသော ဒေါ်အောင်ဆန်းစုကြည် ရှေ့ဘာဆက် လုပ်မလဲ ဆိုသည်ကို တကမ္ဘာလုံးက စောင့်ကြည့် နေသည်။
အခြေအနေမှာ နိုင်ငံရေးပါတီ အဖြစ်မှ ပါယ်ဖျက် ထားခံရသော မိမိ၏ပါတီကို နဂိုအနေ ပြန်ရအောင် ပထမ လုပ်ရမည့် သဘော ရှိသည်။ ပါတီ ပျက်သည်ဟု မယူဆ ဆိုသော်လည်း ဤသည်မှာ ကိုယ့်ဘက်က သဘောထားသာဖြစ်၍ တဘက်က လက်ခံအောင်ကား လုပ်ယူရဦးမည်။ နောက်ထပ် အစိုးရသစ် မပေါ်လာမီ လက်ရှိ နအဖကိုပင် အိမ်စောင့်အစိုးရ အဖြစ်နှင့် ဆက်လက် ရင်ဆိုင်ရဦးမည်။
ဥပဒေသစ်အရ စစ်အစိုးရသည် ကာလ အကန့်အသတ် တစ်ခုအတွင်း အစိုးရသစ်ကို ဖန်တီးပေးရန် တာဝန်ရှိရာ ထိုကာလအတွင်း အိမ်ထဲ ပြန်သွင်းခြင်း မခံရအောင် သတိထား၍ လုပ်ကိုင်သင့်သည်။ နောက်တက်မည့် အစိုးရလဲ ဒီလူတွေပါဘဲဟု ပြောနိုင်သော်လည်း လက်ရှိထက်စာလျှင် ဥပဒေ၏ ထိန်းချုပ်မှု ပိုရှိလာမည် ဖြစ်သဖြင့် မိမိအတွက် ပို၍ အခွင့်သာ နိုင်သည့်အတွက် နောက်အစိုးရနှင့် ကျမှ တကယ့်ပွဲတွေ နွှဲရန် လောလောဆယ် ‘ချို’ထားသင့်သည်။
အတိုက်အခံများ၏ ပုံမှန် ဖြစ်နေကျ အမှားတစ်ခုမှာ စစ်အစိုးရက လိုက်လျောမှု တစ်ခုပြုတိုင်း သူ့ဘက်က အားနည်း သွားတဲ့ လက္ခဏာ (sign of weakness) ဟု ယူဆကာ အောင်ပွဲ ခံတတ်ကြခြင်း ဖြစ်သည်။
နောက်ထပ် သတိပြုရမည် အချက်မှာ မိမိက ကန့်ကွက်ခဲ့ သပိတ်မှောက် ခဲ့သည့်တိုင် မိမိ နောက်လိုက် တချို့ပါ ပါဝင်ခဲ့သော ရွေးကောက်ပွဲသည် အထမြောက်ခဲ့ပြီ ဆိုတာ ဖြစ်သည်။ မဲ မထည့်ချင်လျှင်လည်း နေလို့ ရခဲ့သည့် တိုင်းတပြည်လုံး လူထု၏ မဲပေးနှုန်း (voter turnout) ၆၀% နှင့်အထက် ရှိခဲ့သည့် အချက်ကို မငြင်းနိုင်။
လူထုသည် မိမိကို ကျောခိုင်း သွားပြီဟု မပြော နိုင်သည့်တိုင် အခြား နည်းအားဖြင့်လည်း အားထုတ်ချင်သည့် သဘော ဆန္ဒ ရှိလာကြသည်ကို သတိပြုသင့်သည်။
ရွေးကောက်ပွဲတွင် ပါဝင်သော အခြေခံ ဥပဒေကြောင်း နိုင်ငံရေး (constitutional politics) က ပင်မရေစီး (mainstream) ဖြစ်လာ နေသည်ကို သတိပြုရမည်။
နိုင်ငံရေး ဇာတ်ခုံပေါ်တွင် မိမိနှင့် စစ်အစိုးရ နှစ်ဦးတည်း သာမကတော့ဘဲ ယခု ရွေးကောက်ပွဲ၌ အကောင်းဆုံး အနိုင်ရသူများ ဖြစ်သည့် တိုင်းရင်းသား အမတ်တွေပါ ရောက်လာကြပြီ ဖြစ်ရာ ၎င်းတို့ကို နိုင်ငံရေးအရ အနည်းဆုံး ကြား ထား (neutralize) နိုင်ရန်မှာ ‘၂၀၁၀’ ကို ပစ်ပစ် ခါခါကြီး မလုပ်မိရန် လိုအပ်သည်။
ဗမာတွေ အချင်းချင်း ရွေးကောက်ပွဲ ဝင်သူကို မဝင်သူက ရှုံ့ချ တိုက်ခိုက်၊ မဲရှုံးအောင် လုပ်နေချိန်တွင် တိုင်းရင်းသား များက ပါးနပ်စွာဖြင့် အချင်းချင်း နားလည်မှု ရှိခဲ့ကြသည်။ ဥပဒေ ပြင်ပက လက်နက်ကိုင် တိုင်းရင်းသားများက ဥပဒေတွင်း ဝင်၍ ရွေးကောက်ပွဲ ဝင်သည့်သူတို့၏ ညီ အစ်ကိုတော်များကို နားလည်မှု ပေးထား ကြသဖြင့် သူတို့ အဖို့ ရွေးကောက်ပွဲ တွင်လည်းနိုင်၊ အချင်းချင်း ညီညွတ်ရေး ကိုလည်း မထိခိုက်။ ထို့ကြောင့် ရွေးကောက်ပွဲကို ခါးခါးသီးသီး ပုတ်ခတ်လျှင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား အားလုံးကို ထိပါးရာ ကျလိမ့်မည်။
ထို့နည်းတူ အရည်အတွက် ထောင်ဂဏန်း ရှိမည့် ကြံ့ဖွံ့ အမတ်တွေကိုလည်း – လတ်တလော မည်သူ့ နိုင်ငံရေး နောက်လိုက်တွေ ဖြစ်နေပစေ – အနိမ့်ဆုံးအားဖြင့် မြန်မာ ပြည်သားတွေဘဲဟု သတ်မှတ် နိုင်ရမည်။ အမျိုးသား ညီညွတ်ရေးကို တကယ် ရှေးရှုလျှင် – အမျိုးသား ခေါင်းဆောင်ဘဝ တကယ် ခံယူလိုလျှင် – အလုပ်ဖြင့် ရယူနိုင်သည့် လမ်းပွင့် နေသေးသည်။
တိုတိုပြောရလျှင် အတိတ်မှာမနေဘဲ ပစ္စုပ္ပန်မှာနေဘို ့လိုသည်။ တည့်တည့် ပြောရလျှင် သည်တစ်ကြိမ်သည် မိမိသည် မြန်မာ့ နိုင်ငံရေးတွင် ဆီလျှော် (relevant) နေသေးကြောင်း သက်သေပြရန် နောက်ဆုံး အကြိမ် ဖြစ်မည်။
မိမိမရှိသည့် အခိုက် ပါတီ မပြိုကွဲအောင်ပင် ထိန်းမထား နိုင်သော သက်ကြားအို နိုင်ငံရေး ခလေးကြီးများနှင့် မိမိကိုသာ ဘုရားတဆူ ဂူတစ်လုံး သဖွယ် အားကိုးနေ၊ မျှော်နေကြသော နောက်လိုက်များသည် ဒီမိုကရေစီ ဝါဒနှင့် လမ်းလွဲ နေသည်ကို အလင်းဆောင် (enlighten) ပေးရန် ကြီးလေးသော တာဝန် သူမ၏ ပုခုံးပေါ်တွင် ကျရောက်နေပြီ။ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်းများကို ဖတ်ကြည့်လျှင် သူ မသေမီ နောက်ဆုံး ၂ နှစ်အတွင်း မိမိ၏ လုပ်ဖေါ် ကိုင်ဘက်များ၊ နိုင်ငံရေး နောက်လိုက်များကို ပညာပေးခြင်း၊ ဝေဖန်ခြင်း သတိပေးခြင်းများကို ဗြိတိသျှတို့နှင့် အရေးဆိုသည့် ကိစ္စနှင့် တန်းတူ အရေးတကြီး ထားခဲ့သည်ကို တွေ ့နိုင်ပါသည်။
ဤသည်ကို သတိမပြုဘဲ အရည်မရ၊ အဖတ်မရ လက်ခုပ်သံများ၊ ပန်းကုံးများကို လိုသည်ထက် ပို၍ သာယာနေလျှင် အစား ပြန်၍ မရနိုင်သော အချိန်ကောင်းများကို လက်လွှတ် ပစ်လိုက် ရလိမ့်မည်။
အောင်ချိမ့်၏ ကဗျာတစ်စကို ယူသုံးရလျှင် ‘ဒီရထားပြီးရင် ရထား မရှိတော့။’ ရွေးကောက်ပွဲ ပြီးကာစ ယခု အခိုက် အတန့်သည် လူအများက စစ်အစိုးရ၏ ရွေးကောက်ပွဲ ကျင်းပခဲ့ပုံကို မကျေမနပ် ဖြစ်နေကြသည့် အချိန် ဖြစ်သည်။ ဤအချိန်တွင် အောင်ဆန်းစုကြည် လွှတ်ပေးရခြင်းသည် စစ်အစိုးရအဖို့လည်း မျက်ခုံး လှုပ်စရာပင်။
သို့သော် စစ်အစိုးရ ခေါင်းဆောင် များကသာ အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး အခန်းကဏ္ဍ (instrumental role)ကို အသုံးချ ကြမည်ဆိုလျှင် မယုံကြည် နိုင်လောက်သော အံ့ဘွယ်သရဲ (miracle) တစ်ခုကို ဖန်ဆင်းနိုင်ခွင့် ရနေကြသည်။
အောင်ဆန်းစုကြည်သည် အနောက်နိုင်ငံများ၏ အသည်းစွဲ (Darling of the West) ဖြစ်သည်။ တိုင်းရင်းသား များကလည်း သူမသည် အောင်ဆန်း၏ သမီး ဖြစ်သောကြောင့် ပြည်ထောင်စု အရေးကို ဖြေရှင်းပေး နိုင်မည့်သူဟု ယုံကြည် လက္ခံနေကြသည်။ ဤတန်းတန်းစွဲ ဖြစ်နေမှုများကို ဘာကြောင့် အသုံးမချသင့် သနည်း။ အများက တွက်ဆ နေကြသည်မှာ ရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းစစ် ပြန်စ လိမ့်မည်ဟူ၍ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်က နိုင်ငံတော် သမ္မတကို သင့်တော်မည့် မည်သည့် ပြင်ပပုဂ္ဂိုလ်ကို တိုက်ရိုက်မဆို ဖိတ်ကြား၍ အစိုးရ အဖွဲ့ထဲတွင် ဝန်ကြီး အဆင့်အထိ တာဝန်ပေးနိုင်ခွင့် ပြုထားသည်။
သူမအား နိုင်ငံခြားရေးဝန်ကြီး တာဝန်သော်လည်းကောင်း၊ ပြည်ထောင်စုရေးရာ ဝန်ကြီး တာဝန်သော်လည်းကောင်း ထမ်းဆောင်ရန် ဖိတ်ခေါ်မည်ဆိုလျှင်၊ သူမကလည်း လက်ခံနိုင်မည်ဆိုလျှင် မြန်မာ့နိုင်ငံရေး ဇာတာ သားရွှေအိုး ထမ်းလာတာကို မြင်ရသည့် ကိန်းမျိုးဆိုက်နိုင်သည်။ သို့သော် ဤသည်တို့ကို စိတ်ကူးယဉ်လွန်း သည်ဟုဘဲ ထားလိုက်ပါ မည်။ မြန်မာစစ်အစိုးရ ဒီလောက် ရက်ရောလိမ့်မည် မထင်ရသလို နိုင်ငံရေး ဖဲကစားတာမျိုး လုပ်ဘူးသည့် သာဓကလည်း မရှိသေး။ ဗိုလ်ချုပ် ခင်ညွန် ့ရှိနေသေးလျှင်တော့ ဖြစ်ကောင်း ဖြစ်နိုင်သည်။
လာမည့် ရက်သတ္တပါတ် များအတွင်း အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ မည်သို့ ဆက်ဆံကြမည်ကို ငွေရောင်ပိတ်ကား ပေါ်တွင် စောင့်ကြည့် ရမည်မှာ မြန်မာ နိုင်ငံသားများအဖို ့ရင်ခုန်စရာ ကောင်းလှသည်။
မြန်မာသံတော်ဆင့်

6 comments

  • kai

    November 16, 2010 at 11:53 pm

    ကနေဒါမှာနေပြိး ရန်ကုန်ပြန်လေ့ရှိတဲ့ ကိုမြင့်ဆွေဟာ .. ယူအက်စ်က မြန်မာတွေနဲ့ အဆင်မပြေလှပါဘူး..။
    ဒေါ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ..
    သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်မည်သတင်းများ ထွက်ပေါ်နေပါသည် ဟု ပြောရာ သူမက `အလုပ်လိုချင်လို့မေးတာလား`ဟု ပြန်လည်အရွှန်းဖောက်ခဲ့သည်။
    http://www.baymyanmar.com/2010/11/blog-post_6429.html
    ဆိုပြီး ပါခဲ့တော့ …တော်တော်တွေးစရာတွေလည်းဖြစ်ပါတယ်..။

    ဘာပဲဖြစ်ဖြစ်… မြန်မာသံတော်ဆင့်အာဘော်ကိုတော့ … သေသေချာချာဖတ်ကြည့်ကြဖို့ကောင်းတယ် ထင်ပါတယ်..။

    • bigcat

      November 17, 2010 at 12:58 am

      Darkooskyရေ ဒီလူရေးတာကို မကြိုက်ရင် နောင်မတင်ပါနဲ့ဗျာ။ သူကအမှိုက်သက်သက်၊ စစ်တပ်နောက်မြီးဆွဲ ဒေါ်စုနဲ့အန်အယ်ဒီဆန့်ကျင်ရေးသမားပါ။ သူ့အာဘော်ကိုကြည့်ရင် ဒီမိုကရေစီ အရေခြုံပြီး တရုပ်လို အီရန်လို ဟန်ပြဒီမိုကရေစီလုပ်ဖို့ ဆွယ်နေတာသိသာပါတယ်။ ပြီးတော့သူက နအဖအခိုင်းအစေသာသာပဲရှိပါတယ်။ သူတို့လိုလူမျိုးတွေကတဆင့် နအဖက သတင်းတွေ အမျိုးမျိုးထုတ်ပြီး ပြန်လာမဲ့ တုံ့ပြန်သံတွေကိုနားထောင်တာ ဟိုးအရင်ကထဲကပါ။

      ဆောရီးဗျို့ ကိုခိုင်ရေ၊ ကျနော်က ပို့စ်ကိုမဖတ်သေးဘဲ ကိုခိုင်ပေးထားတဲ့ လင့်ခ်ကိုကြည့်ပြီး ရေးလိုက်တာ။ ပို့စ်တင်သူက ဆောင်းပါးကိုတင်ပေးထားလို့ဖတ်လိုက်ပါသည်။
      ဒီလူပြောတာ ပြန်ချုပ်ကြည့်လျင်
      ၁- လက်ရှိနအဖသည် တရားဝင် အိမ်စောင့်အစိုးရဖြစ်နေသေးသည်။ ……..မဆန့်ကျင်ရ။
      ၂-ရွေးကောက်ပွဲသည် တရားဝင်သည်။ လူအများ ၆၀% ကထောက်ခံသည်။ လူထုသဘောထား ပြောင်းနေပြီ၊ ဒေါ်စုရဲ့ တကဲ့အားသည် အနောက်နိုင်ငံများသာဖြစ်သည်။ တိုင်းရင်းသားများကလည်း ဗိုလ်ချုပ်သမီးဖြစ်လို့သာ အထင်ကြီးသည်။………………….တနည်းအားဖြင့် ဒေါ်စုကိုလူထု ထောက်ခံနေသည်ဆိုသည်မှာ ထင်သလောက်မဟုတ်။
      ၃-ရွေးကောက်ခံအမတ်များ၊ စစ်တပ်အမတ်များသည် တရားဝင် ဥပဒေပြုနိုင်သူများဖြစ်သည်။ တနည်း နောက်တက်လာမည့် ကြက်ဖွတ်အစိုးရသည် တရားဝင်အစိုးရဖြစ်သည်။………….. သုံးပွင့်ဆိုင် ဆွေးနွေးပွဲအစား လေးပွင့်ဆိုင်ဟူ၏ နောက်တပွင့်ထဲ့ရန် နှပ်ကြောင်းပေးနေပုံရသည်။
      ၄-တိုင်းရင်းသားများက ရွေးကောက်ပွဲဝင်ခဲ့ မဲပိုပေးခဲ့ကြလို့ ညဏ်ရှိသည်။ မင်းတို့အတွက် လွှတ်တောမှ နေရာအသင့်အတင့် ရနေပြီ။………………………. ဗမာအများစုဖြစ်သည် အန်အယ်ဒီနဲ့ ဒေါ်စုတို့တောင်းဆိုမည့် ရွေးကောက်ပွဲရလဒ်ပယ်ဖျက်ဖို့ ဒါမှမဟုတ် ဒုတိယပင်လုံ ညီလာခံခေါ်ခြင်းမျိုးကို လက်မခံကြနဲ့။
      ၅-၂၀၀၈ နာဂစ်အခြေခံ ဥပဒေမှလွဲ၍ အခြားနည်းလမ်းမရှိ။ ………………….ဒေါ်စုသွားမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် သူတို့ဘောင်ထဲကသာဖြစ်ရမည်။
      ၆-ဒေါ်စုကို ဝန်ကြီးတနေရာ ပေးလျင်ကျေနပ်သင့်သည်။ ………………သောက်ရူးစကားပဲ။

  • bigcat

    November 17, 2010 at 12:25 am

    အဲဒီလူက ဒေါ်စုနဲ့ အန်အယ်ဒီဆန့်ကျင်ရေးသမားလေ။ သူ့လေသံတွေကို အရင်ကမီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ နားထောင်ဖူးတယ်။ တဇောက်ကန်းသမားလို့ထင်ပါတယ်။ နောက်ပိုင်းသူ့ကို ဘယ်သူမှ အရေးမလုပ်တော့တာမတွေ့ဘူး။ ဟိုတလောကတော့ ဦးခင်မောင်ဆွေတို့ ခွဲမထွက်ခင် အန်အယ်ဒီနှစ်ခြမ်းကွဲတော့မယ်ဆိုပြီး ဗန်ကောက်မှာထင်တယ် လျောက်ဖွသေးတယ်။ အန်အယ်ဒီကို အပျက်သဘောဝေဖန်ရင်းနဲ့ စစ်တပ်အားပေးလုပ်တာ သိသာလွန်းလို့ သူဆိုက်ကို ဘယ်တုန်းကမှ မသွားခဲ့ပါ။ အခုလည်း သူများဝေဖန်တာကိုသာ ဖတ်ရန်ဆုံးဖြတ်ပါသည်။

  • maungmoenyo

    November 17, 2010 at 1:54 am

    ကိုမြင့်ဆွေဆိုတာဘယ်သူတော့မသိပါ…။ ဒါပေမဲ့စစ်ဗိုလ်ချုပ်များရဲ့အထာတွေကိုတော့ကောင်းကောင်းရိပ်စားမိပုံရပါတယ်…။ နအဖကဒေါ်စုကိုရာထူးကမ်းလှမ်းဘို့ဆိုတာတော့မဖြစ်နိုင်ပါဘူး။ “စု”ဆိုတဲ့အသံကြားရင်တောင်နှာနှပ်နေရတဲ့ဗိုလ်ချုပ်မှူးကြီးကသူနဲ့တွေ့ဘို့တောင်ဒီလောက်အချိန်ဆွဲနေပြီဘဲ။
    ‘ယိမ်းနွဲ့ပါး’လို့ခေါ်တဲ့စစ်ဆင်ရေးကြားဘူးမှာပေါ့…စိတ်ဓါတ်စစ်ဆင်ရေးမှာအတော်ခရီးရောက်ခဲ့တဲ့လက်နက်ဘဲ…
    သေခြာတာတော့..ဒီတကြိမ်ဒေါ်စုက လက်တွေ့အကြိုးဖြစ်မဲ့နည်းဗျူဟာတွေအရံသင့်ရှိနေပါပြီ…။
    လူထုဦးစိန်ဝင်းနဲ့KNU ဒုဥက္ကဌလုပ်သူတို့ကဗျူဟာပြောင်းဘို့အကြံပြုထားတာ၊ ဒေါ်စုရလောက်ပါပြီ..။ သူ့သား Kim နဲ့တွေ့ပြီးရင်၊ သူလုပ်ရမဲ့ကိစ္စတွေအရာထင်လာနိုင်စရာရှိမယ်ထင်ကြောင်းပါ…။

  • winkyawaung

    November 17, 2010 at 3:08 am

    ကျွန်တော်တို့ ဦးနှောက်ထက် ဒေါ်စုရဲ့ ဦးနှောက်က အများကြီး ပို၍ သာပါလိမ့်မည်..။မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် ခံယူထားသူ တစ်ယောက်ပါ..။ သူ ဘာဆက်လုပ်မလဲဆိုတာ…၊ ယုံကြည်အားကိုးစွာနဲ့ စောင့်၍ ကြည့်နေကြပါသည်…။ဒေါ်စုကို ဝိုင်း၍လည်း လိုအပ်သလို အားပေးဆောင်ရွက် သွားကြရပါမည်ခင်ဗျား..။

  • darkoosky

    November 17, 2010 at 7:52 am

    သူငယ်ချင်းတိုရာ ကျုပ်ဒီငနဲအကြောင်းမသိဘူးဗျ.. ကျုပ်ထင်တယ် သူရေးနေတာ အလယ်ကရပ်မလိုလိုနဲ့ ဟိုဘက်ကိုယိမ်းနေတာ.. အတ်ဗိုကေစီလုပ်နေတာ.. ခင်ဗျားတိုဆီက ထင်မြင်ချက်တွေရတော့ ကျူပ်တော်တော်ဝမ်းသာတယ်.. ခင်ဗျားတိုရဲ့အတွေးတွေ ကို သိလိုက်ရတယ်.. ကျွန်တော်မေးထဲကို ရောက်ရောက်လာတယ်ဗျ.. ဖတ်ပြီး ခံစားလိုမရဘူးဖြစ်နေတယ်..ကျုပ်ဗျာ ဒီအကြောင်းတွေ ရှယ်ချင်တာ.. ကျုပ်ကို စိတ်မဆိုးနဲဗျာ ကျုပ်တင်တဲ့ရေရွယ်ချက်က သူဘယ်သူလဲံဆိုတာသိအောင် ပါ.. နောင်ကြီးတို့ သိတဲ့လူုတွေ့ ပြန်လည်ပြောပြပေးတာ တကယ်ကျေးဇူးတင်တယ်.. အားလုံးသိတော့ အမှန်ကို မြင်တာပေါ့ဗျာ.. နိုမိုဆိုရင် နောင်လာနောင်သားတွေက ဟုတ်သလိုလို ဘာ လိုလို ဖြစ်နေပါ.. ဒီဘဲကြီးပုံ ရှိရင် တင်ကြဗျာ.. ကျေးဇူးပဲ

Leave a Reply