ရူးချင်ယောင်ဆောင်မနေနဲ့ Hypocrisy

socalled demo

Hypocrisy

လောကကြီးမှာ တူမယောင်နဲ့ကွဲ နီးသလိုလဲ ဝေးကွာလွန်းတဲ့ ကိစ္စတွေ အများကြီးရှိတာကို တချို့က အခွင့်ကောင်းယူပြီး ရှင်းနေတာကို ရှုပ်အောင်လုပ်၊ အတုကို အစစ်နဲ့ ရောင်တော်ပြန် ရောချ ကြလေ့ ရှိပါတယ်။ ထင်ရှားတဲ့ သာဓကတွေ ပြပါဆိုရင် ဥပက္ခာနဲ့ လစ်လျူရှုတာ၊ မေတ္တာနဲ့ အချစ်၊ သတ္တိနဲ့ မိုက်ရူးရဲခြင်း၊ ဆုံးမတာနဲ့ ဖိနှိပ်မှု စတဲ့သဘောတရားတွေပါ။ လုပ်ပုံကတော့ ဘယ်ဟာက လူကြိုက်များနေသလဲကို လိုက်ကြည့်ပြီးတော့ ကိုယ့်အယူအဆကို မိတ်ကပ်ဖို့ပြီး အစစ်အမှန်တွေနဲ့ ရောထဲ့တာပါ။ ဗုဒ္ဓဘာသာ အိန္ဒိယမှာ ဒီလိုကွယ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မြတ်စွာဘုရားသာသနာ ပေါ်ထွန်းလာတော့ တခြား အယူဝါဒတွေက လာဘ်မရွှင်တော့လို့ သင်္ကန်းအရေခြုံပြီး အနတ္တဝါဒ အယောင်ဆောင်၊ သိနားမလည် သူများကို သိမ်းသွင်းပြီး အင်အားရှိပြီ ဆိုတော့ ကိုယ်ပိုင်အယူအဆကို စွဲကိုင်ပါတယ်။ ပြောရရင်တော့ ဒါဟာခိုင်လုံတဲ့ ဆင်ခြေဖြစ်တာမိုလို့ အားနည်းသွားတဲ့ ဘာသာတိုင်း အယူဝါဒတိုင်းက သုံးကြမှာပါ။ မိမိကိုယ်၌က ကိုယ်ခံအားနဲခြင်းကသာ အခြေခံကြတဲ့ အကြောင်းတရား ဖြစ်တာကို မမေ့သင့်ပါဘူး။
နိုင်ငံရေးမှာလည်း ဒီလိုပါပဲ၊ ဒုတိယကမာ္ဘစစ်အပြီး ကူမြူနစ်စနစ် ခေါင်းထောင်လာတော့ လွတ်လပ်ကာ စနိုင်ငံတွေတိုင်းမှာ ကူမြူနစ်ဇင်၊ ဆိုရှယ်လစ်ဇင်တွေ နိုင်ငံရေးမှာ လွှမ်းမိုးလာပြီး တကဲ့ မူရင်းတန်ဖိုးအစစ်က ပျောက်ကျကျန်ခဲ့ပါတယ်။ နိုင်ငံရေးသမားတွေက အယူဝါဒရေးရာ စကားလုံး တွေနဲ့ ငြင်းခုန်နေတုန်း လက်နက်အားကိုးသမားတွေက ကူမြူနစ်ယောင်ယောင် ဆိုရှယ်လစ် ယောင်ယောင်၊ အမျိုးသားရေးယောင်ယောင်နဲ့ မသိတဲ့ လူထုကို နားလှည့်ပါးရိုက်ပြီး အာဏာသိမ်း ပါတယ်။ ကျနော်တို့ မြန်မာ့နိုင်ငံရေးမှာ ဒါတွေဟာ အထင်အရှားပါ။ အခုလဲ ကမာ္ဘမှာ ဒီမိုကရေစီ ဆိုတာ ခေတ်စားပြန်တော့ လက်ရှိအာဏာရှင်တွေက ဒီမိုယိမ်းထွက်ရပြန်ပါတယ်။
တကယ်တော့ လွတ်လပ်ခွင့်ဆို တဲ့စာလုံးကို ပါတီစုံ ဒီမိုကရေစီနိုင်ငံများသာမက ကူမြူနစ် ဆိုရှယ်လစ်တွေလို တပါတီ အာဏာရှင်စနစ်တွေကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း အလျှံအပယ် သုံးကြပါတယ်။ ပြည်သူ့ဒီမိုကရေစီဆိုပြီး တံဆိပ်ကပ်ပြီး တပါတီအာဏာရှင်စနစ် ကျင့်သုံးတာမှာ
ထင်ရှားတဲ့ နိုင်ငံတွေကတော့ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ကျူးဘားတို့ပါ။ သူတို့စနစ်ကို အကာအကွယ် ပေးချင်သူများကတော့ ကူမြူနစ်တပါတီမကဘဲ တခြားအလုပ်သမား လယ်သမား ပါတီများလဲ ရှိသေးတယ်လို့ အရှက်မဲ့စွာ ပြောတတ်ပါတယ်။ တရုတ်ပြည်လည်း ဒီမိုကရေစီပဲလို့ လက်ညိုးထိုးသူများက တပါတီအုပ်ချုပ်တယ်ဆိုပေမဲ့ ပါတီတွင်းမှာ ဒီမိုကရေစီရှိတယ်၊ လွတ်လပ်စွာ ဝေဖန်လို့ ရတယ်လို့ ဆင်ခြေပေးပါတယ်။ သူတို့ဆိုလိုတဲ့ ဒီမိုကရေစီဆိုတာ သူတို့ဝါဒကို လက်ခံသူ များကိုသာ ရည်ညွှန်းပါတယ်။
နောက်တမျိုးကတော့ အီရန်လို တကဲ့အချုပ်အခြာ အာဏာလို ကိစ္စမျိုးကို တဦးတယောက်၊ တဖွဲ့ကိုင်ထားပြီး အလယ်အလတ်ကိစ္စမျိုးတွေကို ပါတီစုံ နိုင်ငံရေးသမားတွေကို ချပေးခြင်းပါ။ အထက် ဆရာကြီးများမကြိုက်ရင် ဘာမှလုပ်ခွင့်မရှိ၊ သူတို့က ဒီလိုသွားဆိုရင် အဲဒီအတိုင်း သွားရုံကလွဲပြီး အထွန့်တက်လို့မရ၊ တက်ခဲ့ရင်တော့ သစ္စာဖောက်တို့ ဘာညာတို့နဲ့ ဖမ်းဆီးပါလိမ့်မယ်။ မြန်မာပြည် နိုင်ငံရေးကို စစ်အစိုးရက အဲဒီလမ်းခင်းနေပါပြီ။
လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောတာကို အာမခံချက်ပေးတာကို အခွင့်အရေးယူပြီး သူတို့အာဏာရှင် စနစ်ကို ဝါဒဖြန့်ပါတယ်။ ဝေဖန်သူများကို ဒီမိုကရေစီမဆန်လို့ တိုက်ခိုက်ပါတယ်။ ဒီမိုကရေစီဘိုးအေ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေမှာ နိုင်ငံရေးလွတ်လပ်ခွင့် ပေးထားပေမဲ့ ကူမြူနစ်စနစ် အာဏာရှင်စနစ်၊ နာဇီစနစ်ကို ဟောပြောလို့မရ၊ လူမျိုးရေး ဘာသာရေး မုန်းတီးရေးဝါဒ လုပ်ခွင့်မရှိ စတဲ့ကန့်သတ်ချက်တွေထားရှိပါတယ်။ အဲလိုပြောပြန်တော့ စစ်ဝါဒီများက သူတို့ပထွေး တရုတ်တို့ အီရန်တို့မှာလည်း အလားတူစွာပဲ တိုင်ပြည်လူမျိုး အကျိုးတွက် ကန့်သတ်ရ ပါတယ်လို့ ဆင်ခြေတက်ကြပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ တူသလိုရှိလို့ ရှုပ်ထွေးနိုင်နိုင်တာမို့ ပို့စ်အစပိုင်းမှာ တူသလိုနဲ့ကွဲတဲ့ တန်းဖိုးသဘောတရားတွေကို ရေးထားတာပါ။ အနောက်နိုင်ငံတွေမှာ ပြဌာန်းထားတဲ့ ကန့်သတ်ချက်တွေက လွတ်လပ်မှုတန်ဖိုးကို ဖျက်ဆီးမဲ့ အန္တရာယ်တွေကို ကြိုတင် ဟန့်တားတာဖြစ်ပြီး အာဏာရှင်နိုင်ငံတွေမှာက သူတို့တပါတီရပ်တည်မှုကို စိမ်ခေါ်တဲ့အယူအဆ၊ အသင်းအဖွဲ့ နည်းပညာ အားလုံးကို ပိတ်ပင်တာဖြစ်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။
နောက်ထပ်ဆင်ခြေဖြစ်တဲ့ ပြည်သူအများက သဘောတူလို့ လုပ်တာဘာဖြစ်လဲဆိုတဲ့ လူမိုက် စကားကို ဘယ်လိုလုပ် လွတ်လပ်တဲ့ မီဒီယာ၊ စာနယ်ဇင်း၊ အတိုက်အခံမရှိဘဲနဲ့ ပြောနိုင်တာလဲလို့ ပြန်မေးရပါမယ်။ ပြည်သူအားလုံးက သဘောတူတယ်ပဲ ထားပါအုံး၊ သူတို့ဆန္ဒတွေက ဘယ်တော့မှ မပြောင်းတော့ဘူးတဲ့လား။ မပြောင်းဘူးဆိုတာကို ဘယ်လိုလုပ် သက်သေပြမှာလဲ။ ၂၁ရာစု နည်းပညာ ခေတ်မှာ အားလုံးဟာ အထိုက်အလျေက် မျက်စိပွင့် နားပွင့်နေကြပါပြီ။ မြန်မာပြည်တခုလုံး အနေနဲ့ မဖြစ်သေးတောင် မန်းလေးဂေဇက်ရွာမှာတော့ အားလုံးဟာ မျက်စိကြီးနားကြီးတွေဆိုတာ မမေ့ပါနဲ့လို့။

2 comments

  • kai

    November 17, 2010 at 9:03 am

    အင်း..။
    ရေးတဲ့အထဲ အဖြေပါထည့်ရေးသွားတယ်ပေါ့..။
    နောက်ဆုံးအပိုဒ် .. လွတ်လပ်တဲ့ မီဒီယာ၊ စာနယ်ဇင်း၊ အတိုက်အခံမရှိဘဲနဲ့ … ဆိုတာလေးပေါ့နော..။
    ဆိုတော့..
    လွတ်လပ်တဲ့ မီဒီယာ၊ စာနယ်ဇင်း၊ အတိုက်အခံရှိရင် ..အားလုံးအိုကေပေါ့လို ့… ထောက်ခံပြီး မန်းလိုက်ရပါတယ်..။

  • naywoonni

    November 17, 2010 at 3:26 pm

    ‘ဒီဟာကဒီလိုပေါ့..ဟိုဟာကတော့ဟိုလိုပါပဲ
    ဒီလိုစကားတွေနံ့ကြီးပြင်းလာခဲ့
    ကလေးတွေပြောသလိုသာပြောလိုက်ရရင်တော့
    “နင်းလက်ထဲကအီးရှူချင်ရှူနမ်းချင်နမ်းပါတော့”
    ငါနဲ့မဆိုင်

Leave a Reply