ရွှေငါး ကလေးများ

ဆူးNovember 18, 20101min20813

ခပ်ငယ်ငယ်က အဒေါ်အိမ်သွားရင် ဘေးခြံက အလှမွေးငါးတွေ စီးပွားဖြစ် ဖောက်ရောင်းတဲ့ နေရာ ဆိုတော့.. ကန်ကြီး တွေ အများကြီးဘဲ. တီကောင် အထွေးလိုက် ချ ချ ကျွေးနေတွေ မြင်တယ်။ ကလေး ပီပီ အဒေါ်အိမ်ရောက်တာနဲ့ ဘေးခြံကို ပြေးဝင်ပြီး ငါးသွားကြည့်တာဘဲ.. ခြံပိုင်ရှင်ကလည်း ကလေးဆိုတော့ ချစ်လို့နဲ့ တူပါရဲ့.. ဘယ်ငါးလိုချင်လဲ.. အလကားပေးမယ်.. ဆိုပြီး ပေးတာဘဲ..
အဲဒီလိုနဲ့ ငါးကလေး ၂ကောင် အိမ်ကို ရောက်လာတယ်။ အိမ်မှာ ထမင်းစိလေးတွေ ကျွှေး.. ငါးအစာ အတုံးလေးတွေ ကျွှေးပေါ့.. ငါးကို ပုလင်း အကြီးတခုထဲ ထည့်ထားတာ.. ငါးကခုန်တက်မှန်း မသိဘူး.. ပုလင်းကတော့ မုန့်ပုံး အရွယ် ဆိုတော့.. ငါး ပိစိလေးတွေ အတွက် မကျဉ်းဘူးထင်တာဘဲ။ မတိုက်မိအောင် အမြင့်မှာ တင်ထားရင်း ပြေးလွား လျှောက် ကစား ခုန်ပေါက်နေရင်း ငါးလေး သွားပြေးကြည့်တာ.. ခုန်တဲ့ ငါးကလေး.. ခြေမ အောက်မှာ ပြားချပ်နေသတဲ့.. စိတ်မကောင်းလို့.. ငါးတောင် ထပ်မမွေးတော့ဘူး။
ဒီလိုနဲ့ အသက်တွေ ကြီးလာတာ.. လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ဈေးမှာ အိတ်ကလေးတွေနဲ့ ငါးတွေ ထည့်ပြီး ရောင်းနေတာ စိတ်ထဲမှာ ငါးကလေး တွေ သနားတာနဲ့ ငါးကလေးတွေ ဝယ်လာတယ်.. သူတို့ နေထိုင် နိုင်အောင် မထားနိုင်တာလား အထား အသို မတတ်တာလားတော့ မသိဘူး.. နောက်ဆုံး ၂ကောင်ဘဲ ကျန်တယ်။ အဆူး အတောင်တွေက လှပစွာ ဖြန့်ကားပြီး.. အကောင်ဝိုင်းဝိုင်း ဗိုက်ပူပူ လုံးလုံး တုတ်တုတ်လေးတွေ ဖြစ်နေကြပြီ။
တနေ့တနေ့ ကြည့်ရင်းနဲ့ လှလာတဲ့ ငါးကလေးတွေ.. အရောင်လှစေတဲ့ ဆေးတွေ ပါတဲ့ အစာတွေ သူတို့က သိပ်မကြိုက်ဘူး.. ရေညှိတွေ ကန်စွန်းရွက် အနုတွေ ကြိုက်ရှာကြတယ်။ အိမ်ရှေ့က ကြာကန်ကြီးထဲက ရေညှိတွေ ခပ်ပြီး ကန်ထဲ ထည့်ပေးလိုက်.. သူတို့က စားလိုက် သောက်လိုက်နဲ့ သူတို့ ပျော်နေတယ် ထင်တယ်။ မှန် ချပေးရင် မှန်ထဲမှာ ဘာရှိလဲ စူးစမ်းတာလည်း သိပ်လုပ်တယ်။ သူတို့ နှစ်ကောင် ပျော်နေတယ် ထင်တယ်။ သူတို့ သဘာဝ အတိုင်း နေလို့ ရအောင် ကြာကန်ထဲကို ၁ပတ် ကို ၂ခါလောက် ထည့်ပေးတယ် သူတို့ကတော့ ကြာကန်ထဲက ရေညှိလေးတွေ စားရင်း မြေကြီးတွေ တိုးဝှေ့ပြီး ရှာဖွေနေကြတယ်။ ထိုနေ့ ကြာကန်ထဲမှာ ထည့်ပေးပြီး ခဏနေတော့.. မိုးက သည်းကြီး မဲကြီး ရွာခဲ့တယ်။ ငါးကလေးတွေတော့ ရေလျှံတာနဲ့ သူတို့ ရေထဲကနေ ထွက်ကျကုန်တော့မှာဘဲ ဆိုပြီး မိုးမတိတ်ခင်မှာ အပြေးအလွား ထီးဆောင်းသွားကြည့်တယ်။ ကြာရွက်ကလေးတွေ အသာ အယာ မ ဖယ်ပြီး လှန်ကြည့်ပြီး ချောင်းလိုက်သည်။ တကောင်သာ တွေ့တော့သည်။ ရင်ထဲမှာ ထိတ်သွားသည်။ ဘယ်များ ရောက်သွားလဲ.. ပတ်ဝန်းကျင် နေရာအနှံ မျက်စိ တဆုံး ရှာတာ မတွေ့ဘူး.. ကန်ထဲမှာ ငါးတကောင်ကလွဲပြိး မရှိဘူး.. စိတ်မကောင်းဖြစ်ဖြစ်နဲ့ ငါးကလေးကို သူ့ကန်ထဲမှာ ထည့်ပြီး ပြန်ခေါ်သွားစဉ်.. ခုနက ငါးကလေး ရှာနေတဲ့ နေရာမှာ ငါးတကောင် ဖိနပ်အောင်မှာ ပြား သေနေတာတွေ့မိတယ်။ ဖြစ်မှ ဖြစ်ရလေ ငါးကလေးရယ်.. အရွယ်ကြီးပေမဲ့ အထီးလား အမလားတော့ မသိဘူး.. သူတို့ကို ပျော်အောင် ကြံဖန်ပြီး ဖန်တီးပေးတာ.. သူသေဖို့ အတွက် ဖန်တီးလို ဖြစ်သွားခဲ့တယ်။ နောက်ကျန်တဲ့ တကောင်ကလည်း အကောင် သေးသေးလေးတည်းက နှစ်ကောင် တူတူနေနေကျ.. တစ်ကောင်တည်း ဖြစ်သွားလို့လား မသိဘူး.. သူကြည့်ရတာ စိတ်ညစ်နေသလိုဘဲ.. အစားလည်း ကောင်းကောင်းမစားဘူး။ အရင်တုန်းကတော့ ဘာလာလာ အကုန် အလုအယက် စားပြီး နေနေတာ.. ကျွှေးလို့ကို မလောက်ဘူး။ တကောင်တည်း လုစရာ မရှိတော့ စားမဝင်တော့တဲ့ ပုံစံဖြစ်နေတယ်။ သူဘာဖြစ်နေလဲ ဆိုတာ.. သူစိတ်ကို မသိနိုင်ပေမဲ့ အမူအရာကတော့ သိသိသာသာ မြင်နေရတယ်.. သူမပျော်ဘူး.. သူငယ်ချင်းကို သတိရနေတယ် ထင်တယ်။ ၂လ လောက် အထိ ငြိမ်သက်နေပေမဲ့ ၂လလောက် ကျော်သွားတော့ သူလည်း တက်တက်ကြွကြွ စပြီး နေလာတယ်။ သူကိုတော့ ပျော်အောင် ကြာကန်ထဲ မထည့်ပေးတော့ဘူး။ တကောင်တည်း အထီးကျန်နေတာ သူ့သူငယ်ချင်း လို ဖြစ်သွားမှာ စိုးရိမ်လို့.. ဒီလိုနဲ့.. သူနေနေကျ ကန်လေးထဲမှာ နေရင်းနဲ့ ငါးကလေးက ဥတွေ ဥတယ်.. ထူးဆန်းလိုက်တာ.. သိတဲ့ လူတွေမေးကြည့်တော့ ငါးမတွေက ဒီလိုဘဲ ဥတတ်တယ် ငါးထီးအကူအညီရမှ ဥတွေပေါက်တယ် ပြောတာဘဲ.. အဲဒီ သဘာဝ သိပ်နားမလည်လို့ ထည့်မရေးတော့ဘူး။ ငါးမလေးက ဥတွေ ဥချပြီး နောက်တနေ့.. မနက်မှာ ဘာကြောင့်မှန်းမသိဘူး.. သူဗိုက်ကြီး တခုလုံး နီရဲပြီး ပက်လက်ကလေး သေနေတာ မြင်ရလေတော့သည်။ ထို အချိန်မှ စလို့.. ငါးကလေးတွေ မြင်ရင် အချစ်တော် ငါးကလေး ကို သတိရမိတယ်။ သတိရတိုင်း သူတို့ကို အမျှ ဝေ ပေးတဲ့ အလုပ်တော့ တခု ပို ရလာတာပေါ့။

13 comments

  • weiwei

    November 18, 2010 at 10:01 am

    မဝေအဖေကလဲ ငါးမွေးတာဝါသနာပါတယ် … ဒါပေမယ့် မွေးလိုက် သေလိုက် ဝမ်းနည်းလိုက် ဒုက္ခတွေကြုံရတာများလာတော့ ငါးမွေးရမှာ ကြောက်လာတယ် … စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာတော့ လှောင်အိမ်နဲ့ထားရတဲ့ တိရိစ္ဆာန်ကို အိမ်မှာ မမွေးသင့်ဘူးတဲ့ …

  • etone

    November 18, 2010 at 10:22 am

    အီးတုံးလည်းအရင်က ငါးမွေးဖူးတယ် ဒေါင်းငါးရော ရွှေငါးဗိုက်ဖောင်းလေးတွေရော … ရေလဲရင်နဲ့ သေသေကုန်တာ… ။

  • ဆူး

    November 18, 2010 at 11:36 am

    အီးတုံးလေး ကြောင်ဇတ်လမ်း ဖတ်ပြီး ငါးကလေး အကြောင်း ရေးထားတာ.. အတုခိုးထားတာ.. သို့သော် ကိုယ်ပိုင် မူ ကိုယ်ပိုင်ဟန်..

  • kopauk mandalay

    November 18, 2010 at 12:15 pm

    ကျနော်ကတော့ သူများမွေးထားတဲ့အလှမွှေးရွှေငါးတွေထားတဲ့ငါးကန်ထဲကို ငါးမျှှားချိတ်နဲ့သွားမျှားလို့ ပြဿနာအတော်ရှင်းယူရဘူးတယ်ဗျ

  • ဆူး

    November 18, 2010 at 12:31 pm

    ငါးမျှားပြီး ဘာလုပ်ဖို့လဲဟင်.. စားချင်လို့လား.. ငါးသေချာပေါက် မိချင်လို့လား

  • naywoonni

    November 18, 2010 at 1:17 pm

    ကိုပေါက်ကပင်လယ်ပြာနဲ့တံငါအိုကိုအားကျနေမှန်းမှမသိတာ

  • bigcat

    November 19, 2010 at 5:38 am

    ဒေါ်စုက အရင်ဘဝတုန်းက တိရစာ္ဆန်တွေကို အခုလိုပဲ လှောင်အိမ်ထဲ၊ ကန်ထဲထဲ့ခဲ့လို့ ပြန်ခံနေရလားမသိ။

  • ူူlinlatt

    November 19, 2010 at 6:06 am

    အိမ်မှာမောင်လေးကငါမွေးတာတော်တော်ဝါသနာပါပါတယ်
    သူငါးဥတွေဖောက်ထားတာကိုမသိပဲ သွားလုပ်လိုက်မိလို့ပျက်စီးသွားတယ်
    ငိုတာတော်တော်နဲ့မတိတ်လို့ ငါးအထီးတစ်ကောင်အမတစ်ကောင်ပြန်ဝယ်ပေးလိုက်ရပါတယ်

  • တာရာလင်း

    November 20, 2010 at 8:20 pm

    ငါးမက ဥတွေဥပြီးရင်ကန်ကနေ ဖယ်ပေးထားရပါတယ်၊ ငါးထီးရှိရင် ငါးထီးပဲထားပေးထားရတယ်လို့ကြားဖူးပါတယ် … ဘာဖြစ်လို့လည်းဆိုတော့ သူဥတွေသူပြန်စားလေ့ရှိတယ်လို့ပြောတာကြားဖူးပါတယ် …
    ငါးတွေထဲမှာ ရွေငါးတွေက အပျော့ဆုံးပါ၊ သေလွယ်တယ်၊ အနာဖြစ်လွယ်တယ်၊ ငါးမွေးတာ အရမ်းဂရုစိုက်ရပါတယ်၊ အထူး သဖြင့် ကန်နဲမွးထားထက် မှန်ဘုံးနဲ့မွေးတာက ပိုဆိုးပါတယ်
    ဆောင်းတွင်းဆို သူတို့ကြေးခွံတွေမှာ သေချာ စိုက်ကြည့်မှမြင်နိုင်တဲ့ ကပ်ပါးကောင်လေးတွေကပ်ညိတတ်ပါတယ်
    အဲဒီကောင်လေးတွေပါးဟပ်နောက်နားထဲဝင်သွားရင် အဲဒီငါးဟာ ပက်လက်လန်သေတာပါပဲ၊

  • တာရာလင်း

    November 20, 2010 at 8:20 pm

    အဲဒါကိုကာကွယ်တာကတော့ ကျောက်စလစ် အသေးလေးတွေကန်ထဲထည့်ပေးတာပါ၊ အဲလိုထည့်ပေးရင် ငါးတွေဟာ သူ့ဟာသူကျောက်နဲ့ပွတ်ပြီး အဲဒီကောင်တွေကိုယ်ကကွာအောင်လုပ်ပါတယ်
    နောက်တခုက ရေကိုအများကြီးမထည့်ရပါဘူး
    ရေကို တပတ်တခါလောက်လှည်ပေးပြီး ဆားအနည်းငယ်ထည့်ပေးရပါတယ်
    ငါးကလေးလံထိုင်းမှိုင်းနေပြီး ဒါမှမဟုတ် ဒဏ်ရာရနေပြီဆိုဆေးဆိုင်တွေမှာရောင်းတဲ့ လက်လက်နဲ့ တက်ထရာဆိုင်လကင်းအမှုန့် ကိုရေဖျော်ပြီး (နီကျဉ်ကျဉ်) ၁ နာရီခန့် အဲဒီငါးကို စိမ်ပေးရပါတယ်
    ငါးဟာ တခြားသတ္တဝါတွေလို တခုခုဖြစ်ရင် အသံမပေးတတ်တော့
    အတော်ဂရုစိုက်ရပါတယ်
    ဒါတွေကတော့ ကျနော့် ငါးမွေးတဲ့အတွေ့အကြုံပါ …

  • ဆူး

    November 21, 2010 at 3:25 am

    ကိုတာရလင်း အား အတွေ့အကြုံ ပြောပြေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • bigcat

    November 21, 2010 at 7:34 am

    ကန်ထဲက ရွှေငါးလေးများကို မချစ်ကြနဲ့။ လှောင်အိမ်ထဲက ငှက်ကလေးများကို မတမ်းတကြနဲ့။ မိမိပြုသောကံ မိမိထံ တနေ့မှာပြန်လာတယ်။ ဒီဘဝကံကြီးလို့ မလာနိုင်ရင် နောင်ဘဝမှာလာမယ်။ ကိုယ်ချင်းစာကြ၊ နောင်တရကြ။ ခင်ဗျားတို့ သဘောတူတူမတူ ကိုကြောင်ကြီးကတော့ ပြောမှာပဲ။ မကြိုက်လဲ ဘောပဲ။ ဘော်လုံးလို ပိတ်ကန်ထဲ့လိုက်မယ်လို့ ပြောတာပါနော်။

  • ဆူး

    November 21, 2010 at 10:44 am

    ဆူး မွေးထားတဲ့ ငါးကလေး နှစ်ကောင်ပေါ် ထားတဲ့ သဘောထား။
    ငယ်ငယ်က လက်ဆောင်ရတဲ့ ငါးတွေကို တော့ အဲဒီလို မခံစားရပါဘူး။
    နောက်ဆုံးမွေးထားတဲ့ ရွှေငါးလေး နှစ်ကောင်ကိုတော့ သူတို့ ကို ငါးပုံးပေါ့.. ကန်လေးထဲမှာ ကူးနေတာ ကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ ဒီငါးကလေးတွေ အိမ်မှာ မမွေးတာလည်း ကြာပြီ လမ်းဘေးမှာ ငါးတွေ အိတ်ထဲမှာ ထည့်ပြီး ရေနည်းနည်းလေးနဲ့ နေပူထဲမှာ ချရောင်းနေတာ ခက်ခက်ခဲခဲ ကူးနေတယ်လို့ ခံစားရပြီး စိတ်မကောင်းဖြစ်တာနဲ့ ဝယ်ခဲ့မိတာ။ ငါးကလေးတွေ အိမ်မှာနေသွားတာ ၁နှစ်ကျော်ပါတယ်။ သူတို့လည်း အကြွေးရှိလို့ ရောက်လာကြတာဘဲ လို့ တွေးမိပြီး ရံဖန်ရံခါ သတိတရ သွားပြီး သူတို့ကို ဂုဏ်တော်ပွားပေးတယ်။ နင်တို့ ငါအပေါ် အကြွေးရှိလို့ ငါအိမ်မှာ ငါးဘဝနဲ့ လာဆပ်နေရတယ်။ ငါလည်း သံသရာ မရှည်ချင်တော့ဘူး နင်တို့ အကြွေးတွေ ဘယ်လောက် ကျန်တယ် မကျန်ဘူး ငါမသိဘူး.. သို့သော် နင်တို့ အကြွေး အခု လို ဆပ်နေတာ နောက်ဆုံး ဘဝဖြစ်ပါစေ ထပ်ပြီး ဆပ်စရာကျန်သေးရင် ငါအဲဒီ အကြွေးကို ငါလျှော်ပေးလိုက်မယ်။ နင်တို ဆပ်စရာ မလိုတော့ဘူး။ နင်တို့ လေးတွေ စိတ်ချမ်းသာ ပျော်ရွင်ကြပါစေ။ အဲဒီလို မေတ္တာ ခဏခဏ သွားပို့တယ်။ ဂုဏ်တော်သွားပြီး ပွားလိုက် အဲဒီလို မေတ္တာပို့ပြီး ပြောလိုက်နဲ့ ငါးတွေ သိပ်မကြာဘူး ပုံစံ တမျိုးစီနဲ့ သေသွားကြတယ်။ သေသွားတော့လည်း စိတ်မကောင်းပေမဲ့ ငါးကလေးတွေကို မေတ္တာပို့ အမျှဝေပေးတယ်။

Leave a Reply