အတိတ်က ကြောင်ကလေး အမှတ်တရ – ၃

etoneNovember 18, 20101min751

ရှိစုမဲ့စုမုန့်ဖိုးလေးကို စုပြီး ကြောင်လေးကို ပိုက်ကာ မနက်တိုင်းဆေးခန်းသွားရတာ ကျမအလုပ်တစ်ခုလိုဖြစ်လာခဲ့ပါတယ် ..။ ကိုယ့်ပရောဂကြောင့်ဒီလိုဖြစ်သွားတဲ့ကြောင်လေးကို ကျမက အစွမ်းကုန်ပြုစုပေးပါတယ် .. ။ သူငယ်ချင်းတွေနဲ့ အပြင်သွားတာတွေလည်း မလုပ်ဖြစ်တော့ပါဘူး …။ အရေးကြီးကိစ္စမရှိရင်မသွားပဲ ကြောင်လေးနားမှာပဲ အရိပ်တကြည့်ကြည့်နေပါတယ် ။ ကြောင်လေးကတော့ နင်းမိတဲ့အတိုင်းပဲ မလှုပ်မယှက် မျောနေသေးတာပေါ့ ..။ အေဖိုးကဒ်ထူပုံးလေးထဲကို ပိတ်စပါးပါးခင်းက ကြောင်လေးကို ထည့်ပြီး ခြင်ထောင်ထဲထည့်အိပ်ရပါတယ် ။ တခြားအိမ်မှ ကြောင်ထီးကြီးတွေမှ ကြောင်ပေါက်လေးတွေကို လာလာစား တတ်ခြင်းကြောင့်ပါ ။ ကြောင်လေးကို ရေ၊ နို့ တိုက်တဲ့အခါမှာလည်း ဝါဂွမ်းလေးကို ရေ၊ နို့ ထဲမှာ နှစ်ပြီး ပါးစပ်ပေါက်လေးထဲကို အဆက်ချကာ သောက်စေတာပါ … ။ မျိုချရကောင်းမှန်းတောင်မသိပါဘူး …။ ပါးစပ်ထဲဝင်တာလည်းဝင် ၊ ဘေးကို ရောက်ပြီးပြန်ထွက်တာလည်းထွက်ပေါ့… ။ တော်တော်လေးအချိန်ပေးပြီးပြုစုရပေမဲ့ မညီးငြူခဲ့ပါဘူး ။ ကျမမှာ တာဝန်ရှိတာပဲလေ ။

တစ်လနီးပါးလောက် ဆေးခန်းကိုနေ့တိုင်းသွားရပါတယ် ။ ရှိသမျှ အမျိုးတွေဆီမှာလိုက်တောင်းထားတဲ့ မုန့်ဖိုးတွေကုန်ခါနီးအထိ ဆေးခန်းပြပေးရတာပါ ..သို့သော်လည်း မညူဆူခဲ့ပါဘူး … ။နေ့စဉ်မနက်မိုးလင်းတိုင်း မျက်နှာတောင်မသစ်နိုင်ပဲ ရေ၊ နို့တိုက်ရတဲ့ ကြောင်လေးကို သံယောဇဉ်ဖြစ်လာပါတယ် ..။ ကိုယ်ခန္ဓာကြီးထွားမှူမရှိသလို အညစ်အကြေးလည်းမစွန့်ပါဘူး ..။ အေဖိုးပုံးလေးထဲမှာပဲ တနေ့တနေ့ ခေါင်းလေးစောင်းလျှက်အနေထားနဲ့နေရတာပါ …။ တစ်လနီးပါးထိလှုပ်ရှားမှူမရှိတဲ့ကြောင်လေးကို နေ့တိုင်း နေပူစာလေးခဏပြပြီး အရိုးဆစ်တွေသန်မာစေပါတယ် ။ ….  တစ်လကျော်လာတဲ့နေ့တနေ့မှာတော့ ခါတိုင်းနဲ့မတူပဲကြောင်လေးကို အေဖိုးပုံးထဲကနေထုတ်ကာ အဝတ်ပါးပါးလေးပေါ်လှဲစေပြီး နေပူခံစေပါတယ် …။ နေပူစာလှုံခိုင်းတဲ့အချိန်တိုင်းကျမက အမြဲစောင့်နေခဲ့တာပါ … ။ သူ့ကိုကြည့်ရင်းနဲ့ လက်ညှိုလေးနဲ့ ကြမ်းပြင်ကို တတောက်တောက်ခေါက်မိတာပေါ့ … ။ကိုယ့်အတွေးနဲ့ကိုယ် တတောက်တောက်ခေါက်နေရာကနေ … ချွန်ထက်တဲ့ အရာလေး လက်ညှိုးမှာလာညိတော့ ကြောင်လေးလက်တစ်ဖက်ပါ … လက်ကလေးဆန့်ပြီး လာကုတ်တာပါ … ကြောင်လေးက လှဲလျောင်းလျှက်သားအနေထားနဲ့ ကျမတတောက်တောက်ခေါက်နေတဲ့လက်ကိုလှမ်းပြီး စကုတ်ခြင်းပါ… ။ ကြောင်လေး လှုပ်ရှားလာခဲ့ပြီပေါ့ … တစ်လကျော်ကျော် အနင်းခံရတဲ့ဒဏ်နဲ့ ကြောင်ကလေး …အခုတော့လှုပ်လာပြီပေါ့ … မက်တပ်တော့မရပ်နိုင်သေးပါဘူး..။ ကျမသူ့ဗိုက်ကလေးကို လက်ညိုးလေးနဲ့ထိကာ စပါတယ် သူကလည်း ပြန်ကုတ်ပါတယ် …။ တစ်လကျော်အနေထားထိအောင် သူ့ကိုယ့်ခန္ဓာက တပတ်သား အရွယ်လေးအတိုင်းပါပဲ ကြီးထားမှုမရှိပါဘူး ..လက်သည်း မဲမဲလေးတွေတောင် မကြွေသေးပါဘူး …။

One comment

  • ဆူး

    November 18, 2010 at 10:21 am

    ဒီကြောင်လေးလည်း တော်တော် ဝဋ်ကြီးပါလား..
    ကြောင်ဘဝ စတာမှ မကြာဘူး.. ခံလိုက်ရတာ အလူးအလဲ

Leave a Reply