ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာလူထုအတွက်တော့ သာမန်ခေါင်းဆောင်ဆိုတာထက် ယုံကြည်ကိုးစားမှုတွေ အလွန်ကိုမှ ထားခံရတဲ့ သူနဲ့ပတ်သက်လာရင်စိတ်လှုပ်ရှားခံစားပြီး မျက်ရည်လည်လောက်အောင်တောင် သူ့အပေါ်ယုံကြည်ကိုးစားခံရတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာတွေကလည်း အစွဲကြီးပြီး ဒါဆိုရင် ဒါပဲဆိုတဲ့လူစားမျိုးကိုး။

မြန်မာပြည်ကို မြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲဖို့အတွက် သူ့ကို အဲဒီလိုကိုးစားမှုတွေအပြင် သူ့ရဲ့ အရည်အချင်းများကလည်း အထူးကို အထောက်အကူပြုမှာဖြစ်ပါတယ်။ သူမရှိရင် ဘာမှ လုပ်မရလောက်အောင်ကိုရေစုန်မျောသွားပါလိမ့်မယ်။ သူ သည်သာ ပြုပြင်ပြောင်းလဲ တိုးတက်ရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကြီးသာဖြစ်ပါတယ်။သူသာ ကတိမ်းကပါးဖြစ်ခဲ့မယ်၊ သူသာ ထပ်ပြီး စစ်တပ်နဲ့ ကတောက်ကဆထပ်ဖြစ်ပြီး အထဲပြန်ဝင်လို့ ဘာမှ မလုပ်နိုင်ပဲ အချိန်တွေကုန်ရမယ်ဆိုရင် တိုင်းပြည်ဟာ တော်တော်ကို နာပါတော့မယ်။ သူ့အတွက်လည်း အချိန်ကသိပ်မရှိတော့ပါ။ သူအရင်လို မငယ်တော့ပါဘူး။ အမေ က မငယ်တော့ဘူးနော် လို့ သားသမီးတွေက သတိပေး ရမယ့် အရွယ်ရောက်နေပါပြီ။

သူ့ကိုသာ မျှော်လင့်စရာလို့ ပြတ်ပြတ်သားသားမြင်လာရလေ သူ့လုံခြုံရေးအပြင် သူ့လုပ်ရပ်တွေ အတွက်လည်း အများကြီးစိုးရိမ် နေမိတော့တယ်။

သူ့ကို လမ်းပေါ်ထွက်လို့ လူအုပ်ကြားထဲမသွားစေချင်သေးဘူး။ အခုလောလောဆယ်။ သူနဲ့လူထုဟာတစ်သားတည်းဖြစ်နေပြီးသား။ သူအခုအချိန်မှာလည်း လူထုကို သင်ကြားပေးစရာတွေကို ခဏရပ်လို့ စစ်တပ်နဲ့ အပေးအယူလုပ်သင့်တယ်လို့ပဲထင်မိတယ်။ အပြုသဘောဆန်ဆန် ချဉ်းကပ်မှုတွေနဲ့ ကောင်းတဲ့ဘက်ကို ဦးတည်ပြီး နည်းနည်းချင်းရွေ့ဖို့ ကြိုးစာကြရမယ်။ လူထုကို ဘာလုပ်နေတယ်၊ ဘယ်လိုစိတ်ထားရမယ်၊ ဘယ်လိုမျှော်လင့်ပါ စသည်ဖြင့် အသိပေးချင်ရင်တောင် လူထုကို ထွက်ပြီးစကားပြောတာထက် လူထုဆီရောက်မယ့် လမ်းကြောင်းတွေက အခုဆိုပိုတောင်များလာပါပြီ။ လမ်းမပေါ်မှာလုပ်တဲ့ ဟောပြောပွဲကိုတက်တဲ့ လူဦးရေထက်ပိုပြီး ပျံ့နှံ့အောင်လုပ်ပေးနေနိုင်ပါပြီ။ ဒီလိုအားဖြင့် သူလည်း အလုပ်တွေပိုလုပ်နိုင်ပြီး သူများမျက်စိနောက်တာလည်းသက်သာမယ်ထင်ပါတယ်။ စစ်တပ်က အလကားနေရင်း ကြောက်ပြီး မနာလိုနေတော့ လမ်းပေါ်မှာလူတွေ ရုန်းရုန်းဆိုရင် သိပ်မကြည်ချင်ဘူး။ လန့်တာကလည်းပါတာပေါ့။

သူတို့ကို ဗျင်းမယ်ပဲထင်ပြီး ယုံကြည်မှုတွေ တည်ဆောက်လို့လည်းမရဖြစ်မှာပါ။ နောက်လမ်းတွေပေါ်သိပ်မထွက် လူကြားထဲသိပ်မဝင်ရင် အခုလူတိုင်းလန့်နေတဲ့ သူ့လုံခြုံရေးကို ကာကွယ်ပြီးသားဖြစ်သွားမှာပါပဲ။

နောက်တစ်ချက်ကတော့ သူ့ကို ဘယ်လိုမှ အထဲပြန်မဝင်စေချင်ပါဘူး။ သူပြန်ဝင်ရင် အားလုံးအတွက်ဘာမှ မဖြစ်နိုင်သလို သူ့အတွက်လည်း ဘာမှ မဖြစ်နိုင်တော့ပါဘူး။ အခုလောလောဆယ် ထကြွလာတဲ့ ရောဂါဖြစ်သော ဒုတိယ ပင်လုံညီလာခံဆိုတာကြီးကို လက်ခံသလိုလိုပြောနေတော့ အလွန်ကိုမှပဲ စိုးရိမ်မိတော့တယ်။ ဘာမှ အရာမထင်မယ့်အရာကြီးအတွက် ဘာဖြစ်လို့ စွန်းစားချင်ရပြန်တာတုန်းလို့လည်း တွေးနေမိတော့တယ်။ ဒါကြီးက အခုလုပ်ရမှာမဟုတ်သေးဘူးလို့ထင်တယ်။ ဘယ်လိုပြောရမလဲ သိန်းထီပေါက်ရင် ဘာလုပ်မလဲလို့ စိတ်ကူးယဉ်ကြည့်ဖို့ ညီလာခံခေါ်နေသလိုဖြစ်နေတယ်။ တစ်ဖက်မှာတော့ စကားလုံးတွေကို အင်မတန်အဓိပ္ပါယ်ကောက်ပြီး အကြောက်ကြီးတဲ့ စစ်တပ်က ဒီအသုံးအနှုန်းတွေကို လုံးဝ မကြားလိုတာပါ။ စစ်တပ်ဟာ သူ့အကြောက်တရားနဲ့သူပြန်ပတ်ပြီး အန္တရယ်ရှိမယ်ထင်သမျှအားလုံးကို တတ်နိုင်သမျှ ချေမှုန်းမှာပါ။ စစ်တပ်ကို ပင်လုံညီလာခံခေါ်မယ်ဆိုပြီး ဖယ်ဒရယ်မူတွေသွားအသံပေးနေတာဟာ သူတို့ကို ရှုပ်ထွေးအောင်သွားလုပ်ပေးနေသလိုဖြစ်နေတယ်။ စစ်တပ်ကကြောက်တာရယ် ဥာဏ်မမှီတာရယ်နဲ့ လုံးချာလည်လိုက်နေတာကို သွားရှုပ်လိုက်ရင် တစ်ခါအထုပ်ကိုပြန်ဖြည်ပြီး ယုံကြည်မှုတည်ဆောက်ဖို့ပိုပြီးခက်လာမယ်။

အဲသလိုဆိုရင် အားလုံးလိုချင်သော အနေအထားက ဝေးသထက်ဝေးမယ်။

ရှင်းရှင်းပြောရရင် ကိုယ်က အနေချောင်အစားချောင်ပါသော်လည်း လူများစုကြီး ဒုက္ခရောက်နေတာကိုကောင်းကောင်းသိနေတဲ့အတွက် အပြုသဘော အပေးအယူ ညှိနှိုင်းမှုဖြင့် ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ဖြစ်ပြီး လူထုက အကျိုးခံစားရတာ၊ လူထုက လုံခြုံစွာ စိတ်အေးလက်အေး လုပ်ကိုင်စားသောက်လို့ ဘဝတွေ ကလေးတွေ အာမခံချက်ရှိရှိနေထိုင် ရှင်သန်နေရတာကို အမြန်ဆုံးမြင်ချင်လှပါပြီ။

ကျွန်တော်တို့ မြန်မာလူမျိုးအများစုဟာ အစွဲအလမ်းကြီးသူများပါတယ်။အစွဲအလမ်းကြီးသလောက်လဲ ခေါင်းမာတတ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှုမှာ လူထုက အစွဲအလမ်းနဲ့ကိုးကွယ်မှုကို ပိုပြီးဦးစားပေနေသေးတဲ့ကျွန်တော်တို့မြန်မာပြည်မှာ စိတ်ခံစားမှုနဲ့ အစွဲအလမ်းနောက်ကို လိုက်ကြသူများထုံးစံ ဆင်ခြင်မှုကို တစ်ခါတစ်ရံ မျက်ကွယ်ပြုတတ်ကြပါတယ်။

အခုတစ်ခေါက်တော့ ဘယ်လိုနည်းနဲ့မှ အထဲကို ပြန်မရောက်စေလိုပါ။ လက်တွေ့ဆန်စွာနဲ့ အပြုသဘောချဉ်းကပ်မှုတွေလုပ်နိုင်ပါစေ။

အပြင်ကလူတွေ အတွင်းကလူတွေ အားလုံးလဲ လက်တွေ့ဆန်ဆန် စဉ်းစားပြီး အပြုသဘောဆောင်လို့ ပူးပေါင်းဆောက်ရွက်နိုင်မှုကို လုပ်နိုင်ကြပါစေ။

စစ်တပ်ကိုမုန်းပြီး ဘုကလန့်တွေလျှောက်လုပ်နေလို့တော့ ဘာမှဖြစ်မလာပါဘူး။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism

   Send article as PDF