ချစ်စရာကြောင် Pet

fat
ချစ်စရာကြီး

ဒေါ်အီးတုံးက သူ့ဝမ်းမနာသား ဒုက္ခိတကြောင်လေးကို အတိတ်ကကြောင်လေးလို့ စာတတန် ပေတတန် ဖွဲ့လေတော့ ပစ္စုပ္ပန်ကိုကြောင်ကြီးကလဲ အားကျမခံ အတိတ်က သူ့ဘော်ဘော်ငြောာင်များ အကြောင်းကို ဘော်ချက် အဲလေ စာဖွဲ့ရတော့မှာပေါ့။ ကျနော်မမွေးခင်ထဲက အိမ်မှာ ကြောင်ရှိသလား မရှိလား့ မသိပေမဲ့ လူမှန်းသိတဲ့ အချိန်မှာတော့ ကြောင်ဆိုတာ ရှိနေပါပြီ။ မွေးခဲ့တဲ့ ကြောင်တကောင်မှ သက်တမ်းပြည့်အောင် မနေကြရလို့ ကြောင်ဘယ်နှစ်ခါ မွေးခဲ့သလဲဆိုတာတောင် မမှတ်မိတော့။ ကျနော်တို့က အားပါးတရမွေးလိုက် လမ်းပေါ်ရှိလူများက ညဖက်မှာ ဖမ်းပြီးသတ်စား လိုက်ကြနဲ့ အကြိမ်ပေါင်း တဒါဇင်ထက် မနဲတော့ ရှိပါလိမ့်မည်။ များသောအားဖြင့် မွေးလိုက်တဲ့ ကြောင်တွေက အထီးတွေသာဖြစ်ပြီး တကောင်စ နှစ်ကောင်စလောက်ပဲ အမတွေပါ။ အမေက ကြောင်မကို မွေးရင် သားပေါက်မှာ စိုးရိမ်လို့ သူများဆီက ကြောင်သားပေါက် တောင်းရင် အထီးသာ တောင်းပါသည်။ ငယ်စဉ်ကမွေးခဲ့ဖူးသော ကြောင်နာမည်တွေ မှတ်မိနေသေးတာတွေကတော့ ရွှေဝါတို့ ဖြူဖွေးတို့ပါ။ ဘယ်အကောင်က အရင်လာသလဲတော့ မမှတ်မိတော့။ တခါတလေလည်း ကြောင်မကိုမွေးမိလို့ အိမ်မှာသားပေါက်တော့မယ်ဆိုရင် မမွေးခင်ရက်ပိုင်း အလိုကထဲက မောင်နှမတွေ စိတ်လှုပ်ရှားပြီး ကြောင်မအတွက် မွေးခန်း စောင်ခင်းထားတဲ့ သေတ္တာအဟောင်းကို ပြေးပြေးချောင်းရတာ အမောပဲ။
ကြောင်နဲ့ ပတ်သက်လို့ အများကြီးရှိပေမဲ့ ထူးတာလေးတွေကိုသာ ရေးပါ့မယ်။ ခလေးဘဝ အစောပိုင်းတုန်းက မွေးခဲ့တဲ့ ဖြူဖွေးဆိုတဲ့ ကြောင်ဖြူကြီးကို သိပ်ချစ်တော့ ကျနော်မောင်နှမတွေက အမြဲပိုက်ထားလေ့ရှိတယ်။ ကြောင်ကို ကောင်းကောင်းကျွေးထားတော့ အကြီးကြီးပါ။ ကျနော်တို့က ခလေးအရွယ်ဆိုတော့ တခါတလေ သူ့အိပ်နေရင် လှဲနေရင် သူ့ဗိုက်ကို ခေါင်းအုံးအိပ်လေ့ရှိတယ်။ ခေါင်းအုံးပေါ်မှာ ခေါင်းထားသလို အားအပြည့်မသုံးပေမဲ့ အလေးချိန်ပါ ပါတယ်။ တနေ့ ကျောင်းက ပြန်လာတော့ သူ့ကမတွေ့ဘူး။ လိုက်ရှာကြတော့ ကုတင်အောင်မှာ လှဲနေတယ်။ သူနေမကောင်း ဖြစ်နေပေမဲ့ ဆေးခန်းသွားပြထားလို့ သာမန်နေမကောင်းတာလို့ပဲ ထင်တာပေါ့။ အဲဒီတော့ သူ့ကို ကုတင်အောက်က ဆွဲထုတ်ပြီး မွေ့ယာပေါ်ကိုတင်၊ နောက်ပြီးတော့ ထုံးစံအတိုင်း ခေါင်းအုံးအိပ်တမ်း ကစားပါတယ်။ ဖြူဖွေးလေးခင်မျာ အော်တောင်မအော်နိုင်ရှာတော့၊ သေခါနီးမှာ အလင်းရောင်တောင် မခံနိုင်တော့လို့ အမှောင်ထဲသွားနေတာတောင် ကျနော့်ရဲ့ ဒဏ်ကိုခံသွားရတယ်။ တွေးလိုက်တိုင်း စိတ်မကောင်းပါ။
နောက်တကောင်ကြတော့ နောက်ပိုင်းမှ ကျနော်ရဲ့ အဆင်အခြင်မဲ့မှုကြောင့် ဖြစ်ရတာပါ။ အိမ်ကိုနယ်က ဧည့်သည်လာတော့ နောက်ချင်တာနဲ့ ကြောင်လေးကို ကြွတ်ကြွတ်အိပ်ထဲထည့်ပြီး ဝရန်တာကနေ အပြင်ကိုထုတ်ပြပါတယ်။ အထဲကကြောင်က ကြောက်လန့်တကြားနဲ့ ပလပ်စတစ်ကို ကုတ်ဖြဲလိုက်တော့ သုံးထပ်အမြင့်ကနေ အောက်ကိုကျတာ မသေပေမဲ့ မေးစေ့နဲ့ အောက်အခံနဲ့ ရိုက်မိသွားပုံရလို့ ကြီးသည်အထိ ရေကောင်းကောင်း မသောက်နိုင်တော့။ ဆက်တိုက်သောက်ရင် တခွီးခွီးနဲ့ သီးပါသည်။ ကျနော်လဲ အိမ်မှာအဆဲခံလိုက်ရတာ နေ့စဉ်ရက်စက်၊ ဒါနဲ့ ကြောင်ကိုအိမ်ပေါ် ပြန်ခေါ်လာတော့ ကြောင်ကလေးမှာ ထွက်လို့ပါ။ သူ့အတွက် ဆေးဖိုးဝါးခနဲ့ သူနေ့စဉ် အသားငါးနဲ့ စားတော်ခေါ်ဖို့ လစဉ် ထောင်ဂဏန်းအတော်များများကို ကျနော်က တာဝန်ယူလိုက်ရတယ်။
နောက်ဆုံးကြောင်ကြတော့ တနေ့ဝရန်တာမှာ နေပူစာလှုံနေတုံး ဘေးသစ်ကိုင်းပေါ်နားနေတဲ့ ငှက်တွေက သူ့ကို ကျလိကျလိနဲ့ ဝိုင်းအော်ကြပါတယ်။ ကျနော်က မလှမ်းမကမ်းမှာ သတင်းစာဖတ် နေရင်းနဲ့ သဘောကျပြီး ကြည့်နေတုန်း ့ကြောင်က ဝုန်းဆိုခုန်အုပ်လိုက်တာ ငှက်မမိဘဲ အောက်ကို ကျပါတယ်။ အရွယ်ရောက်နေပြီဖြစ်လို ကြောင်ကျကျတာမို့ ဘာမှဖြစ်တော့။ ဒါပေမဲ့ ငှက်တွေနဲ့သူ ရန်ဖြစ်တာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတာတော့ အထင်အရှားပါ။ သူ့ကိုရခဲ့ပုံကလည်း အတော် ထူးဆန်းပါတယ်။ တနေ့ညနေ ၆နာရီလောက် အိမ်ရှေ့ဝရန်တာမှာ ထွက်ငေးနေတုန်း အိမ်အောက်က သစ်ပင်အုတ်ခုံဘောင်ပေါ်မှာ ကြောင်လေးတကောင် ထိုင်နေတာကို တွေ့ပါသည်။ ဝါသနာအတိုင်း ပါးစပ်က တပြွတ်ပြွတ်လုပ်လိုက်တော့ အပေါ်ကိုမော့ကြည့်ပြီး တညောင်ညောင်အော်ပါသည်။ ကျနော်လည်း သဘောကျသွားပြီး ခွေးတွေကို အချက်ပြသလို လက်ချောင်းလေးတွေနဲ့ တဖျစ်ဖျစ် လုပ်လိုက်တော့ သူကအော်ပြီး လှေခါးအတိုင်း တက်လာပါသည်။ ကျနော်လည်း ထူးဆန်းလွန်းလို့ အိမ်တံခါးအပြင်ထွက် ကြိုလိုက်တာ အဲဒီအချိန်ကစပြီး သူအိမ်ကိုရောက်လာပါသည်။
အမေက ကြောင်မမွေးတော့ဘူး၊ သံယောဇဉ်ဖြစ်တယ် ဘာညာနဲ့ တားလို့ အစပိုင်းမှာ သူ့ကို ကျနော့အခန်းထဲ ဖွက်ထားရပါသည်။ အိမ်သားတွေကို တဖြည်းဖြည်းခြင်းစည်းရုံး သူနဲ့ ရင်းနှီးအောင် လုပ်လိုက်မှ အဆင်ပြေသွားပါတယ်။ အစောပိုင်းမှာ သူ့ကိုကြိုက်တဲ့အချိန် လက်နဲ့တဖျောက်ဖျောက် လုပ်ခေါ်ရင် အော်ပြီးကျနော့ဆီ လာပါသည်။ နောက်ပိုင်းမှာှ သူ့ကိုတကယ် အနွံတာခံနိုင်မဲ့ အမဆီမှာ ပျော်အောင်ထားရပါသည်။ ဘယ်လိုထားသလဲဆိုတော့ ဆိုင်မဆိုင်တော့မသိဘူး၊ သူကိုဖက်ထားပြီး မင်းကိုတကယ် စောင့်ရှောက်မှာက ငါမဟုတ်ဘူး၊ သူဆိုပြီးပြောပေးတာ ကျနော့်အမ ကြောင်လုံးလုံး ဖြစ်သွားပြီး နောက်ပိုင်း ကျနော်ကျီစားတဲ့ ရန်ကိုကြောက်ရင် အမအခန်းထဲသွား နေပါတော့သည်။
သူ့အတွက် အစာကို အမက ပထမပိုင်းမှာ ဈေးကနေ ငါး၊ကြက်သားဝယ်ပြီး လူစားသလို့ ဆားအချိုမှုန့်နယ်ပြီးကျော်ကြွေးပါသည်။ ကျွေးတော့လည်း ခလေး တယောက်လို အသားနွှာပြီး ခွံ့ကျွေးပါသည်။ အမေက အမြင်မတော်လို့ ကြောင်ဆိုတာ အရိုးပါတွဲ ကိုက်စားတာလို့ ဆူလို့ လည်းမရ။ ကျနော်တို့က ကြောင်အတွက် သီးသန့်လုပ်ထားတဲ့ ငါးကြော် ကြက်ကြော်တွေကို ခိုးစားတာမိတော့မှ ဒေါကန်ပြီး အစိမ်းလိုက် ပြုတ်ကျွေးပါသည်။ နောက်တော့ စီးတီမတ်မှာရတဲ့ ကြောင်စာ အသားငါးဗူးများ၊ ကြောင်စာအခြောက် ငါးပုံဆေးလုံးများကို ဝယ်ပေး ရပါသည်။ အဲဒီအစာတွေကလဲ ဓါဓုဗေဒနည်းတွေနဲ့ ဘယ်လိုပြင်ထားလဲမသိ၊ အနံ့ရတာနဲ့ ကြောင်မှာ စားချင်လို့ ဆတ်ဆလူးခါနေတော့တာပဲ။ သူ့အတွက်ကို တိရစာ္ဆန်ဆရာဝန်ဆီကနေ အသားတိုးဆေး ဝယ်ပြီးကျွေးတယ်။ ဆေးက ပြည်တွင်းဖြစ် ရိုးရိုးပလပ်စတစ်အိပ်ကလေးနဲ့ ထုပ်ထားတာပါ။ တခါကျွေး လေးငါးလုံးန့ တနေ့ နှစ်ကြိမ်လားမသိကျွေးတယ်။ ဆေးကလည်း စွမ်းတယ်၊ ဆေးမစားခင်နဲ့ စားပြီး ထွားလာလိုက်တာ အသိသာကြီးပဲ။ ကြောင်ကလဲ ထပ်စားမယ်တကဲကဲဖြစ်နေလို့ မနဲထိန်းရတယ်။ တနေ့တော့ သူ့ကိုကျွေးအပြီး ဆေးထည့်သိမ်းထားတဲ့ စာရေးစားပွဲအံဆွဲကို ဖွင့်ထားမိလိုက်တာ အပြင်ကပြန်ရောက်လို့ စားပွဲကို ကြည့်လိုက်တာ အံဆွဲက အောက်ကိုညွှတ်ကျနေတယ်။ အထဲမှာ ကိုယ်တော်က ဆေးတထုပ်လုံးကို စားပြီးအိပ်လိုက်တာ နောက်တနေ့အထိ။ အထဲကပစ္စည်းတွေနဲ့ သူ့ကိုယ်လုံးကြီးနဲ့ ရောပြီးကျပ်နေလို့ သူနိုးလာတဲ့အထိ အံဆွဲကို ပိတ်လို့မရဘူး။
အဲဒီမတိုင်ခင် တကောင်တုန်းကလည်း အိမ်ရှေ့ဝရန်တာကနေ ဘေးခန်းကို အကူးမှာ ချော်ပြီး တန်းလန်းကြီး ဖြစ်နေပါတယ်၊ ကျနော်က ဘေးမှာရှိနေလို့ ဘယ်လိုကူရမလဲ မသိဖြစ်နေတုန်း ဗြုန်းဆို အောက်ပြုတ်ကျပါတယ်။ မကျခင်မှာ ကျနော့်ကို အားကိုတကြီး မျက်လုံးပြူးနဲ့ လှမ်းကြည့်သွားတယ်။ သိပ်ဆိုးဆိုးရွားရွားကြီး မဖြစ်ပေမဲ့ နာတော့နာသွားပါတယ်။ သူအပေါ်လည်းရောက်ရော ဘာလုပ်တယ် မှတ်သလဲ၊ သူ့ကိုလှမ်းချီတဲ့ ကျနော့ကို လှမ်းမဆွဲရ ကောင်းလားဆိုတဲ့ သဘောမျိုး ဒေါသတကြီးနဲ့ လှမ်းကုတ်တာ အရှောင်မြန်ပေလို့ပေါ့။ တခါကလည်း အိမ်ကကြောင်နဲ့ တခြားကကြောင် ရန်ဖြစ်တာ ဝင်ဆွဲမိလို့ ကြားကမြေစာပင်ဖြစ်ပြီး ကျနော့လက်ဖျံ နှစ်ဖက်လုံး သွေချင်းချင်းနီလို့ ဆေးခန်းတောင် သွားရတယ်။
ကြောင်တွေကို မွေးတာကြာလာတော့ သတိပြုမိတာက မွေးထားတဲ့ကြောင်ကို ပိုင်ရှင်တွေက ပွတ်သီးပွတ်သပ် အမြဲလုပ်ပေးရင် သူတို့ရဲ့ကိုယ်ပေါ်က အမွှေးတွေက တခြားကြောင်များထက် အများကြီးပို နူးညံ့ပျော့ပြောင်းပါသည်။ မွေးခဲ့ဖူး သမျှတော့ အိမ်ထဲမှာ ကြောင်သည် ဘယ်လောက် ရင်းနှီးရင်းနှီး အပြင်ရောက်ရင် စိမ်းသွားပါသည်။ ဒါလဲခပ်ကောင်းကောင်းပါ။ သိပ်ပြီး တစိမ်းများနှင့် ရင်းနှီးသောကြောင်များ ဟင်းအိုးထဲ မြန်မြန်ရောက်ပါသည်။ ချောင်းနေတဲ့လူများကလည်း မနဲမနော။ ကျနော့်သူငယ်ချင်း တယောက်ကပြောဖူးတယ်။ သူတို့နယ်မှာ လက်တွေ့ကွင်းဆင်းတော့ ငှားနေတဲ့ အိမ်ကကြောင်ကို ရင်းနှီးအောင်လုပ်ထားပြီး အရက်သောက်ဖို့ အမြည်းမရှိလို့ ကျောင်းသားတွေ ကြောင်ကိုမြူခေါ်၊ ဂုန်နီအိတ်ထဲထဲ့ပြီး အားလုံးတက်ညီလက်ညီ အရက်ထွေထွေနဲ့ ဝိုင်းထုထောင်း လိုက်တာ အတန်ငယ်ကြာလို့ အိတ်ဖွင့်ကြည့်လိုက်တော့ ကံဆိုးသူမောင်ကြောင်ခင်ဗျာ ကြေမွလို့တဲ့။

3 comments

  • weiwei

    November 19, 2010 at 8:30 am

    ကြောင်ကြီးကတော့ တကယ်ချစ်စရာကြီးပဲ ….

  • ဆူး

    November 19, 2010 at 8:52 am

    ကြောင်က ခေါင်းနဲ့ ကိုယ် မမျှဘူးလို့ ထင်တာဘဲ.. ဘယ်လိုလဲ မသိဘူး.. အနေအထေားကြောင့်လား မသိဘူး

  • Maung Dae`

    November 19, 2010 at 9:27 am

    အဟင့်… ကြောင်တွေအကြောင်းပဲရေးနေကြတယ်… နာ့ကို သတိရအောင်လုပ်နေကြတယ်… နာလဲပို့စ်တစ်ခုတင်ပစ်လိုက်မှာနော်… တော်ကြာ မန္တလေးဂဇက်က ကြောင်ဂဇက် ဖြစ်သွားမှာစိုးလို့.. အဟင့်.. အခုတောင် အဲ့ဒီကြောင်လေးကိုသတိရလာပီ.. နာမွေးသမျှထဲမှာ အချစ်ဆုံးကြောင်လေး… နာမည်က “ချောစုခင်” တဲ့…

Leave a Reply