စိတ်လှုပ်ရှားခဲ့ရသော အမှတ်တရနေ့တစ်နေ့ …

အဲဒီနေ့ကတော့ ကျွန်မတို့ မောင်နှမ ၃ ယောက်လုံး ကျောင်းပိတ်လို့ အိမ်မှာရှိနေကြတယ့်အချိန်ပေါ့ … ဇန်န၀ါရီလ ၁၁ ရက်နေ့ … ကျွန်မတို့ မိသားစုအားလုံးရဲ့အချစ်တော် ခွေးမလေး (တယ်ရီယာ အဖြူရောင်လေးပါ) ပထမဆုံးအကြိမ် ကလေးမွေးပါတယ် … ညသန်းခေါင်ကျော်မှာ စမွေးတယ် … ကျွန်မတို့ မိသားစုအားလုံး သူ့နားမှာ ၀ိုင်းပြီး အားပေးနေကြတယ် … ပထမဆုံးသက်ဦးကလေးကို စမွေးလိုက်ပါတယ် … ချောကလက်ရောင်နဲ့ နှာကြားအဖြူလေးနဲ့ ချစ်စရာအရမ်းကောင်းတဲ့ ခွေးမလေး … သူ့ကို မေ၀မ်း လို့ နံမည်ပေးလိုက်တယ် … ပြီးတော့ မဲတဲတဲကောင်လေးတစ်ကောင် … အထီးလေးမို့ ကိုတူး … ချောကလက်ရောင်အမလေးတစ်ယောက်ထပ်မွေးလာပြန်တယ် … သူကတော့ မေသုံး … နောက်တော့ အဖြူကလေးတစ်ကောင်အထီးလေး … သူက နံပါတ်လေးမို့လို့ ကိုလေး … အဲဒီအချိန်မှာ ခွေးမလေးလဲမောနေပြီ ကျွန်မတို့တွေလဲ အားပေးရတာမောနေတယ် … ကုန်ပြီလို့လဲထင်လို့ အိပ်ကြတယ် … ဒါပေမယ့် သူ့ကိုစိတ်ပူပြီး ကောင်းကောင်းမအိပ်နိုင်ဘူး … နဲနဲကြာတော့ တစ်ခါထကြည့်တော့ နောက်တစ်ကောင်မွေးထားပြန်တယ် … မဲမဲတူးတူး အထီးလေးတစ်ကောင် … သူကတော့ ညီလေးဆိုပြီး ကိုညီလို့ နံမည်ပေးလိုက်တယ် … နောက်တစ်နာရီလောက်ကြာတော့ နောက်တစ်ကောင်မွေးပြန်ရော … အဖြူရောင်အထီးလေး … ဒီကောင်တော့ အထွေးဆုံးပဲဖြစ်ရမယ်ဆိုပြီး ကိုထွေးလို့ နံမည်ပေးလိုက်တယ် … အားလုံးမောပြီးအိပ်ကြပြီး မနက်လဲ မိုးလင်းရော ခွေးလေးတွေကို ပြန်ရေတွက်ကြည့်တော့ … ခုနှစ်ကောင်တောင်ဖြစ်နေတယ် … ချောကလက်ရောင်အမလေးတစ်ကောင် ထပ်တိုးနေတယ် … သူကတော့ နံပါတ်ခုနှစ်ဆိုတော့ မေဆဲဗင်း … ကျွန်မတို့တွေ အရမ်းပျော်ခဲ့ကြတယ် … ခွေးမကိုလဲ ကောင်းကောင်းထောပနာပြုလိုက်တယ် … ၀က်မလို့ …

ခွေးမလေးနံမည်က အိမ လို့ခေါ်ပါတယ် … သူ့မူလပိုင်ရှင်က အရက်သောက်တတ်တယ် … တစ်နှစ်အရွယ်မှာ ကျွန်မတို့မိသားစုထဲကို သမီးအငယ်ဆုံးအနေနဲ့ရောက်လာတာပါ … အရမ်းသွက်ပြီး အရမ်းချစ်စရာကောင်းတယ် … သူ့အကြိုက်ဆုံး အစားအစာကတော့ အာလူးကြော် … သူ့မူလသခင်က အရက်သောက်တိုင်းအမြည်းလုပ်နေကျ အာလူးကြော်ကို သူက အမြဲစားရင်းကနေ အာလူးကြော်ကြိုက်လာတာ … ငါးမုန့်ကြော်လဲကြိုက်တယ် .. သူစားရင် တဂျွတ်ဂျွတ်နဲ့ အသံမြည်အောင်စားတတ်ပါတယ် … သူက အပျိုအရွယ်လေးဆိုတော့ စိတ်ကစားပြီး ယောက်ျားလိုချင်လာတယ် … အဲဒါနဲ့ မသင့်တော်တဲ့ လမ်းဘေးက ကလေကချေတွေနဲ့ ရသွားမှာစိုးလို့ ကျွန်မအမေက ခွေးသားမက်ရှာပုံတော်ဖွင့်ခဲ့ရသေးတယ် … သူနဲ့အမျိုးအစားတူတဲ့ ခွေးထီးလေးတစ်ကောင်ကိုငှားပြီး ခဏပေးစားလိုက်တယ် … အဲဒီအကျိုးဆက်ကတော့ ခုနကဖော်ပြလိုက်တဲ့ ခွေးမြေးလေး ၇ ကောင်ထွက်လာတာပါပဲ … ကျွန်မတို့မှာလဲ ကလေးတွေကို ပြုစုရသလိုပြူစုရပြီး အရမ်းလဲချစ် သူများကိုမပေးရက်တာနဲ့ ခွေးမလေး အိမ ခဗျာ သေသွားသည်အထိ နောက်ထပ် ယောက်ျားမရတော့ပါ … ကလေးလဲ ထပ်မမွေးရတော့ပါဘူး … ခွေးလေးတွေ တစ်ကောင်သေရင် တစ်ခါပူဆွေးရနဲ့ နှစ်ပေါင်းများစွာ သောကရောက်ရပါတယ်။ ကိုလေးက အသက်အရှည်ဆုံးပဲ။ အသက် ၁၄ နှစ်ကျော် ပြီးခဲ့တဲ့ သင်္ကြန်တုန်းကမှ သေဆုံးသွားပါတယ်။ ကျွန်မတို့မိသားစုလဲ သူတို့ကြောင့် ပူဆွေးဝမ်းနည်းရတာတွေများလွန်းလို့ နောက်ထပ် ခွေး မမွေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် …

သူတို့မိသားစုအကြောင်းအမှတ်တရတွေကိုတော့ အိမတို့မိသားစုဆိုပြီး မလွမ်းစကောင်း လွမ်းစကောင်းပေါ့ … အခန်းဆက်… ကိုရီးယားဇာတ်လမ်းတွဲ ..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....