အိမတို့ မိသားစု , အပျော်ရွှင်ဆုံးနေ့တစ်နေ့

weiweiNovember 19, 20101min15713

စိတ်လှုပ်ရှားခဲ့ရသော အမှတ်တရနေ့တစ်နေ့ …

အဲဒီနေ့ကတော့ ကျွန်မတို့ မောင်နှမ ၃ ယောက်လုံး ကျောင်းပိတ်လို့ အိမ်မှာရှိနေကြတယ့်အချိန်ပေါ့ … ဇန်နဝါရီလ ၁၁ ရက်နေ့ … ကျွန်မတို့ မိသားစုအားလုံးရဲ့အချစ်တော် ခွေးမလေး (တယ်ရီယာ အဖြူရောင်လေးပါ) ပထမဆုံးအကြိမ် ကလေးမွေးပါတယ် … ညသန်းခေါင်ကျော်မှာ စမွေးတယ် … ကျွန်မတို့ မိသားစုအားလုံး သူ့နားမှာ ဝိုင်းပြီး အားပေးနေကြတယ် … ပထမဆုံးသက်ဦးကလေးကို စမွေးလိုက်ပါတယ် … ချောကလက်ရောင်နဲ့ နှာကြားအဖြူလေးနဲ့ ချစ်စရာအရမ်းကောင်းတဲ့ ခွေးမလေး … သူ့ကို မေဝမ်း လို့ နံမည်ပေးလိုက်တယ် … ပြီးတော့ မဲတဲတဲကောင်လေးတစ်ကောင် … အထီးလေးမို့ ကိုတူး … ချောကလက်ရောင်အမလေးတစ်ယောက်ထပ်မွေးလာပြန်တယ် … သူကတော့ မေသုံး … နောက်တော့ အဖြူကလေးတစ်ကောင်အထီးလေး … သူက နံပါတ်လေးမို့လို့ ကိုလေး … အဲဒီအချိန်မှာ ခွေးမလေးလဲမောနေပြီ ကျွန်မတို့တွေလဲ အားပေးရတာမောနေတယ် … ကုန်ပြီလို့လဲထင်လို့ အိပ်ကြတယ် … ဒါပေမယ့် သူ့ကိုစိတ်ပူပြီး ကောင်းကောင်းမအိပ်နိုင်ဘူး … နဲနဲကြာတော့ တစ်ခါထကြည့်တော့ နောက်တစ်ကောင်မွေးထားပြန်တယ် … မဲမဲတူးတူး အထီးလေးတစ်ကောင် … သူကတော့ ညီလေးဆိုပြီး ကိုညီလို့ နံမည်ပေးလိုက်တယ် … နောက်တစ်နာရီလောက်ကြာတော့ နောက်တစ်ကောင်မွေးပြန်ရော … အဖြူရောင်အထီးလေး … ဒီကောင်တော့ အထွေးဆုံးပဲဖြစ်ရမယ်ဆိုပြီး ကိုထွေးလို့ နံမည်ပေးလိုက်တယ် … အားလုံးမောပြီးအိပ်ကြပြီး မနက်လဲ မိုးလင်းရော ခွေးလေးတွေကို ပြန်ရေတွက်ကြည့်တော့ … ခုနှစ်ကောင်တောင်ဖြစ်နေတယ် … ချောကလက်ရောင်အမလေးတစ်ကောင် ထပ်တိုးနေတယ် … သူကတော့ နံပါတ်ခုနှစ်ဆိုတော့ မေဆဲဗင်း … ကျွန်မတို့တွေ အရမ်းပျော်ခဲ့ကြတယ် … ခွေးမကိုလဲ ကောင်းကောင်းထောပနာပြုလိုက်တယ် … ဝက်မလို့ …

ခွေးမလေးနံမည်က အိမ လို့ခေါ်ပါတယ် … သူ့မူလပိုင်ရှင်က အရက်သောက်တတ်တယ် … တစ်နှစ်အရွယ်မှာ ကျွန်မတို့မိသားစုထဲကို သမီးအငယ်ဆုံးအနေနဲ့ရောက်လာတာပါ … အရမ်းသွက်ပြီး အရမ်းချစ်စရာကောင်းတယ် … သူ့အကြိုက်ဆုံး အစားအစာကတော့ အာလူးကြော် … သူ့မူလသခင်က အရက်သောက်တိုင်းအမြည်းလုပ်နေကျ အာလူးကြော်ကို သူက အမြဲစားရင်းကနေ အာလူးကြော်ကြိုက်လာတာ … ငါးမုန့်ကြော်လဲကြိုက်တယ် .. သူစားရင် တဂျွတ်ဂျွတ်နဲ့ အသံမြည်အောင်စားတတ်ပါတယ် … သူက အပျိုအရွယ်လေးဆိုတော့ စိတ်ကစားပြီး ယောက်ျားလိုချင်လာတယ် … အဲဒါနဲ့ မသင့်တော်တဲ့ လမ်းဘေးက ကလေကချေတွေနဲ့ ရသွားမှာစိုးလို့ ကျွန်မအမေက ခွေးသားမက်ရှာပုံတော်ဖွင့်ခဲ့ရသေးတယ် … သူနဲ့အမျိုးအစားတူတဲ့ ခွေးထီးလေးတစ်ကောင်ကိုငှားပြီး ခဏပေးစားလိုက်တယ် … အဲဒီအကျိုးဆက်ကတော့ ခုနကဖော်ပြလိုက်တဲ့ ခွေးမြေးလေး ရ ကောင်ထွက်လာတာပါပဲ … ကျွန်မတို့မှာလဲ ကလေးတွေကို ပြုစုရသလိုပြူစုရပြီး အရမ်းလဲချစ် သူများကိုမပေးရက်တာနဲ့ ခွေးမလေး အိမ ခဗျာ သေသွားသည်အထိ နောက်ထပ် ယောက်ျားမရတော့ပါ … ကလေးလဲ ထပ်မမွေးရတော့ပါဘူး … ခွေးလေးတွေ တစ်ကောင်သေရင် တစ်ခါပူဆွေးရနဲ့ နှစ်ပေါင်းများစွာ သောကရောက်ရပါတယ်။ ကိုလေးက အသက်အရှည်ဆုံးပဲ။ အသက် ၁၄ နှစ်ကျော် ပြီးခဲ့တဲ့ သင်္ကြန်တုန်းကမှ သေဆုံးသွားပါတယ်။ ကျွန်မတို့မိသားစုလဲ သူတို့ကြောင့် ပူဆွေးဝမ်းနည်းရတာတွေများလွန်းလို့ နောက်ထပ် ခွေး မမွေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် …

သူတို့မိသားစုအကြောင်းအမှတ်တရတွေကိုတော့ အိမတို့မိသားစုဆိုပြီး မလွမ်းစကောင်း လွမ်းစကောင်းပေါ့ … အခန်းဆက်… ကိုရီးယားဇာတ်လမ်းတွဲ ..

13 comments

  • weiwei

    November 19, 2010 at 8:49 am

    အီးတုံးရဲ့ကြောင် .. ဆူးရဲ့ ရွှေငါး .. အခု ကိုကြောင်ကြီးရဲ့ကြောင်တွေအကြောင်း ဖတ်ရတော့ အားကျမခံ ကျွန်မရဲ့ ခွေးမိသားစုကို ပွဲထုတ်လိုက်ပါတော့တယ် … သူတို့ဓါတ်ပုံတွေရှိပေမယ့် လောလောဆယ် လက်ထဲမှာရှိမနေလို့ အလျင်းသင့်တော့မှ အင်မတန်ချစ်ရာကောင်းသော သူတို့ဓါတ်ပုံများကို ထပ်ဖြည့်ပေးပါအုန်းမယ် ..

  • kai

    November 19, 2010 at 8:58 am

    တော်သေးတာပေါ့..
    အိမကမွေးတာ … ဗမာနာမယ်တွေဖြစ်ပေလို့ပဲ. ကလင်တန်တို့.. စတားလုံးတို့များဖြစ်မလား..ထင်နေတာ..။

  • ဆူး

    November 19, 2010 at 9:01 am

    ဒီဇတ်လမ်း တပုတ်လုံး အပေါ်ဆုံးက ခွေးကလေး ပြူးတူးပြဲတဲ နဲ့ မျက်နှာငယ်လေး ကြည့်နေတဲ့ ပုံလေး အကြိုက်ဆုံးဘဲ။

  • weiwei

    November 19, 2010 at 9:03 am

    အဲဒီခွေးပုံလေးကတော့ ကိုလေးနဲ့ တစ်ပုံစံထဲတူတာကို ရှာထည့်ပေးထားတာ …

  • အာဖျံ ကွီး

    November 19, 2010 at 10:31 am

    သွားပါပီမဝေရယ် … အာဖျံကွီးအဒေါ်နံမယ်ကလဲ အိမပဲ။ ဒါပေမဲ့ သူကတော့ကလေးမမွေးသေးဘူး … ဟဟ။

  • char too lan

    November 19, 2010 at 10:43 am

    သရဲဆိုတော့ သရဲ သရဲ ~~
    ပိုက်ဆံဆိုတော့ ပိုက်ဆံ ပိုက်ဆံ ~~
    တီစုဆိုတော့ တီစု တီစု ~~
    တိရိစာ္ဆန်ဆိုတော့ တိရိစာ္ဆန် တိရိစာ္ဆန် ~~
    တို့ရွာလဲမြန်မာဗွီဒီယိုခေတ်လိုဖြစ်နေပီ 😀 😀

  • ဆူး

    November 19, 2010 at 11:04 am

    သတိရတုန်း ခေတ်ရှိတုန်း သိတာလေးတွေ ထရေးလိုက်တာ.. နောက်တခါ စိတ်ဝင်စားတာ ရှိရင် အရင် စလိုက်.. နောက် လူတွေ အများကြီး စိတ်ဝင်စားရင် ဝိုင်းရေးပေးလိမ့်မယ်

  • weiwei

    November 19, 2010 at 11:16 am

    ဒီရွာထဲမှာ သိပ်မစုံသေးလို့ တိရစ္ဆာန်တွေပါ မောင်းသွင်းလာတာ … ပိုစည်ကားအောင်လို့လေ …

  • bigcat

    November 20, 2010 at 1:54 am

    ခွေးဆိုတာ ငပေါကောင်တွေ၊ ကြောင်တွေသာ မြင့်မြတ်တာ။

  • ဆူး

    November 20, 2010 at 4:32 am

    တိရိစာ္ဆန်သည် မောဟများ၏ ထို့ အတွက်ကြောင့် တရားမရနိုင်။
    လူသည်သာလျှင် တရားရအောင် ကျင့်ကြံနိုင်၏
    ဘုရားသည်ပင်လျှင် လူသားစင်စစ် မှ ကျင့်ကြံအားထုတ်ခြင်းဖြစ်၏
    မောဟများတဲ့ တိရိစာ္ဆန်ဘဝမှ ကင်းလွတ်နိုင်ကြပါစေ။

    အစိုးအရတဲ့ အနတ္တသဘောတွေ မြင်တွေနိုင်ပြီး အတ္တတွေ လျော့ပါး ကင်းစင်နိုင်ပါစေ။

    • char too lan

      November 20, 2010 at 7:13 am

      တိရိစာ္ဆန်ဘဝမှ အစိုးရတွေ….ဘာဖြစ်တယ် မရှင်းဘူး စီနီယာ ပြန်ပြောပါအုံး
      😀 😀 @_@

      • ဆူး

        November 20, 2010 at 7:23 am

        မောင်ရင် ချာ ပြောမှ မြင်တယ်.. စာရေးပြီး ပြန်စစ်မိတာ.. (ပြန်ပြင်ဖတ်ကြပါ)
        အစိုးမရတဲ့.. အနတ္တ သဘောတွေ မြင်နိုင်ပြီး အတ္တတွေ လျော့ပါး ကင်းစင် နိုင်ပါစေ။

  • Chit

    November 20, 2010 at 5:23 am

    @bigcat ဘာကြောင်မှ မမြင့်မြတ်ဘူး။ ကြောင်ပေါကြီးတွေမှ အများကြီးပဲ ။ကြောင်ဆိုတဲ့ကောင်တွေက ခွေးတွေလောက်တောင် သစ်စာ မရှိကြပါဘူးနော်။ ခွေးတွေ ကသခင်အပေါ်သိတတ်ကြတယ် ။

Leave a Reply