search 123 ရေးထားတဲ့စာက နအဖ စစ်အစိုးရခေါင်းဆောင်တွေ သူတို့ ဘက်တော်သားတွေ ဒေါ်စုကို အမြဲနှိမ့်ချ နာမည်ဖျက်နေတဲ့ လက်သုံးစကား ဖြစ်နေတယ်ဗျ။

ကုလားဖြူမယား။ ကိုယ့်တိုင်းပြည်ကို မချစ်လို့မှ နိုင်ငံခြားသား ယူထားတယ်။ တိုင်းပြည်ကို တကယ်ကောင်းစေချင်တာ မဟုတ်ဘူး။ သူ့လင်အမျိုး အင်္ဂလိပ်တွေ ကောင်းစားဖို့လုပ်နေတာ။ တိုင်းပြည်အာဏာရသွားရင် သူ့လင်အမျိုး အင်္ဂလိပ်တွေကို တိုင်းပြည်ထိုးအပ်လိုက်ပြီးဟိုက ကြိုက်သလို ကြိုးကိုင် ချယ်လှယ်မှာ။ ကိုလိုနီ နယ်ချဲ့လက်သစ်တွေ ဘာညာပေါ့လေ။ နအဖက ဒေါ်စုကို အမြဲတမ်း အဲ့လို ပြောနေခဲ့တာပါ။

ကျနော်ပြောတာ ဟုတ်သလား မဟုတ်သလား မိတ်ဆွေများ စဉ်းစားကြည့်ကြပါ။

တကယ်တော့ ကမ္ဘာပေါ်က ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် မြန်မာပြည် ဒီမိုကရေစီရေးကို တကယ်ထောက်ခံပြီး စေတနာကောင်းနဲ့ အလုပ်လုပ်နေရင် ကျနော်တို့ ကြိုဆိုရမှာ။ ထောက်ခံအားပေးရမှာပါ။ ဒါက ကမ္ဘာနဲ့ချီ ပြောတာနော်။

မြန်မာအတွက် ပြောရရင်တော့ မြန်မာဖြစ်ပေမယ့် တခြားနိုင်ငံသားနဲ့ ညားတယ်။ (ဒါက အမျိုးဂုဏ် မစောင့်ဘူးလို့ အပြစ်ဆိုချင် ဆိုနိုင်တယ်)။ သို့သော် အဲဒီလို တိုင်းတပါးသားနဲ့ ညားပေမယ့်လည်း မြန်မာပြည်ကောင်းဖို့၊ တိုးတက်ဖို့၊ ကြီးပွားချမ်းသာဖို့၊ တိုင်းပြည်ငြိမ်းချမ်းဖို့၊ ပြည်သူလူထုရဲ့ လူမှုဘ၀တွေ မြင့်မားဖို့ လုပ်ဆောင်နေသူအတွက်တော့ ဒါက ပြောပလောက်တဲ့ အပြစ်မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

ရာဇ၀င်မှာထင်ရှားတဲ့ ကျမ်းတတ်ဆရာတော်ကြီးတပါးရဲ့ ဥပမာကို ခဏငှားပြီးပြောရမယ်ဆိုရင် မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီးနောက် ၄၅ ၀ါပတ်လုံး မနားမနေပဲ ၃၁ ဘုံသား ဝေနေယျ သတ္တ၀ါအားလုံး သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ပြီး နိဗ္ဗာန်ရောက်ဖို့ ကြိုးပမ်းတရားဟောခဲ့တာကို ထောက်ရှုလိုက်ရင် အလောင်းတော်ဘ၀မှာ မိန်းမပေါင်းများစွာနဲ့ ကာမဂုဏ်အရသာ အကြိမ်ကြိမ် ခံစားခဲ့တဲ့ကိစ္စက ဘာမှပြောပလောက်တဲ့အပြစ် မဟုတ်ဘူးလို့ ထင်ပါတယ်။

နောက်ဥပမာတခုက ဒေါ်စုကို ကျနော်တို့ ခင်ဗျားတို့ နှမလေးလို သဘောထားလိုက်ရင် ကျုပ်တို့နှမကို ယူထားတဲ့ နိုင်ငံခြားသားကျုပ်တို့ယောက်ဖက နှမလေးကို ချစ်တယ်။ ကြင်နာယုယတယ်။ လင့်ဝတ္တရားကျေတယ်။ ဂရုစိုက်တယ်။ နားလည်မှုပေးတယ်။ ကောင်းကောင်းလည်း လုပ်ကျွေးတယ်။ သားသမီးကိုလည်း ဂရုစိုက်တယ်။ ဒါဆိုရင်တော့ လူမျိုးမတူတာကလွဲလို့ ကျန်တာက ဘာအပြစ်မှ မရှိတဲ့ သူ့ယောက်ျားကို ကျုပ်တို့က အမျိုးအဖြစ် မသတ်မှတ်တော့ဘူးလား။ မပေါင်းသင်း မဆက်ဆံတော့ဘူးလား။ ဒါက ဆွေမျိုးအဖြစ်နဲ့ ဥပမာပေးတာပါ။

ကျနော်ကတော့ မြန်မာ မိဘကမွေး မြန်မာအချင်းချင်းယူ မြန်မာသားသမီးတွေမွေးပြီး အမျိုးဂုဏ်စောင့်ပါတယ်ဆိုတဲ့ မြန်မာ စစ်ခေါင်းဆောင်ကြီးတွေက မြန်မာပြည်ကို ကောင်းကျိုးမပေးဘဲ ကမ္ဘာ့အလယ်မှာ အမွဲဆုံး၊ အနိမ့်ကျဆုံး၊ သိက္ခာမရှိဆုံး တိုင်းပြည်ဖြစ်အောင် လုပ်နေတာထက်စာရင်တော့ မြန်မာအချင်းချင်း ယူမထား၊ မြန်မာချင်း မညားသော်လည်း တိုင်းပြည်အရေးကို မိသားစုအရေး၊ ကျန်းမာရေး၊ အသက်အန္တရာယ်ဘေးတွေထက် ပိုဦးစားပေးပြီး အလုပ်လုပ်နေသူ ကြိုးစားနေသူ ဒေါ်အောင်ဆန်းစုကြည်ကို ပိုလေးစားတယ်။ ပိုချစ်တယ်။ ပိုမြတ်နိုးတယ်။ ပိုလို့ပင် တန်ဖိုးထားတယ်ဗျာ။

ကဲ ခင်ဗျား ဘာပြောချင်သေးလဲ…။

အားလုံးကို လေးစားလျှက်…

Good Idea

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။

   Send article as PDF