မပြောဘူး မပြောဘူးနဲ့ နေနေတာ.. ခုတော့ မနေနိုင်တော့ဘူး ပြောတော့မယ်..

စီးပွားရေးတက္ကသိုလ်က ဖိုင်နယ်လ်ကျောင်းသူ သီရိတို့အကြောင်းပေါ့.. နောက်ဆုံးနှစ်ဆိုတော့ ထုံးစံအတိုင်း စာတမ်းတင်ရတယ်မဟုတ်လား.. စာတမ်းရေးဖို့ကို တစ်ယောက်တစ်ခု မရေးရဘဲနဲ့ ၈ ယောက်တစ်ဖွဲ့စီဖွဲ့ပြီး စာတမ်းတစ်စောင်တင်ရတယ်တဲ့.. စာတမ်းတစ်စောင်အတွက်ဆိုရင် Gurdian ဆရာမ တစ်ယောက်စီရှိတယ်.. အဲ့ ဆရာမလက်အောက်မှာမှ တခြားကြီးကြပ်သူ ဆရာမ ၅ ယောက်လောက် ထပ်ရှိတယ်ပေါ့.. ကျောင်းသူကျောင်းသားတွေက အဲ့ ၅ ယောက်ထဲက ကိုယ်အဆင်ပြေရာဆရာမနဲ့ အဆင်ပြေသလို တိုင်ပင်ဆောင်ရွက်ကြရတယ်..

စာတမ်းကြီး စပြီ ဆိုကတည်းက ဆရာမAက ဆရာမBနဲ့ မတည့်လို့ Aကို စာတမ်းအကြမ်းပြထားဖူးရင် Bက မကြည့်ပေးဘူး ဆိုတာမျိုးတွေ.. စာတမ်းအတွက်အချက်အလက်တွေ လိုက်ယူတဲ့အခါ C နဲ့ ကြုံလို့ မေးမြန်းလုပ်ထားတဲ့ဟာတွေကို D ကသိတော့ အဲလိုမဟုတ်ဘူး.. အဲ့ဆရာမက ငါ့ကိုကျော်တာလား.. ငါပြောသလိုပဲလုပ်ဆိုပြီး အစအဆုံး ပြန်ပြင်ခိုင်းတာတွေ.. D ကို စာတမ်းအကြမ်းသွားပြတော့ တမင်သက်သက် မှင်နီတွေ မှင်ပြာတွေတားပြီး လျှောက်ပြင်ခိုင်းထားတာတွေကို ဟိုးထိပ်ဆုံးက Gurdian ဆရာမကြီးကို သွားပြတဲ့အခါ “ဘယ်သူက နင်တို့ကို မှင်နီတွေနဲ့ လာပြခိုင်းလို့လဲ.. ငါ့ဆီပြချင်ရင် ငါ့ဆီပဲပြ.. ဘာမှ ဟိုအားကိုး ဒီအားကိုး လုပ်စရာမလိုဘူး”လို့ အော်ထုတ်လို့.. စာတမ်းတစ်စောင်လုံး အသစ်ပြန်ကူးပြီး ပြရလို ပြရ.. ဆရာမတွေ အမျိုးမျိုးပညာပြတာကို လှိမ့်ခံရတာပေါ့..

တစ်ခါဆို ဆရာမ D က စစ်ပေးပြီးသားတွေ ပြင်ပေးပြီးသားတွေ မှတ်ချက်တွေပါတဲ့ စာရွက်တွေကို ဆရာမကြီးကို သွားပြတဲ့အခါ D ရေးပေးထားတာတစ်ချို့ကမှားနေတယ်တဲ့.. အဲ့အခါကျတော့ ဆရာမကြီးက D ကို ခေါ်ပြောတာပေါ့.. သူကလည်း မှားသေးတယ်.. မှားလို့ ဟိုက ခေါ်ပြောတဲ့ဟာကို သီရိတို့ကို စိတ်တိုပြီး ဘယ်လိုလုပ်လဲဆိုရင်.. အတန်းထဲမှာ “blah blah ကုမ္ပဏီအကြောင်း စာတမ်းတင်တဲ့အဖွဲ့ ထွက်လာ”လို့ အတန်းရှေ့ကိုခေါ်ထုတ်ပြီး.. စာတမ်းစာရွက်တွေကို ဒါတွေမှားနေတယ်.. ဒါလည်းမကြိုက်ဘူး.. ဒါကိုပြန်ပြင် ဆိုပြီး တစ်ခါပြော တစ်ခါလွှတ်ပစ်နဲ့ အတန်းထဲမှာ စာရွက်တွေပလူပျံသွားတာပဲတဲ့.. ၈ ယောက်သား ဆရာမလွှတ်ပစ်လိုက်တဲ့ စာရွက်တွေကို လိုက်ကောက်ပြီး စိတ်ညစ်လိုက်ကြတာ ပြောမနေပါနဲ့တော့..

အဲလိုနဲ့ပေါ့ အခက်ခဲတွေအများကြီးနဲ့ စာတမ်းကိုပြီးအောင်လုပ်.. စာတမ်းပြီးတော့လည်း Gurdian ဆရာမတွေကို (သူတို့ကိုယ်တိုင် ပါးစပ်ကထုတ်ပြောတဲ့ တံဆိပ်နဲ့) ပိုက်ဆံအိတ်တွေဘာတွေ ကန်တော့ပေါ့လေ.. စာတမ်းကိစ္စပြီးပြီဆိုပါစို့.. နောက်တော့ စာမေးပွဲချိန်ရောက်တော့ စာမေးပွဲတွေဘာတွေဖြေ.. အောင်စာရင်းထွက်ခါနီးကျတော့ ဘာထပ်ဖြစ်သလဲဆိုတော့..

သီရိတို့က ကျူရှင်ကို ကျောင်းက ဆရာမတစ်ယောက်ဦးစီးတဲ့ ဝိုင်းမှာ တက်တယ်.. ပြီးတော့ အောင်စာရင်းထွက်ခါနီးတိုင်း အဲ့ဆရာမက သူ့ ကျောင်းသားတွေကို ခေါ်တွေ့ပြီး အောင်စာရင်းအခြေအနေကို ပြောပြလေ့ရှိတယ်တဲ့.. အကျများတယ်.. အအောင်များတယ်.. နင်တို့ ဖြေနိုင်ကြရဲ့လား.. ဟိုကောင်.. နင်တော့ ဆပ်ပလီထိမယ်ထင်တယ်.. စာပြန်လုပ်ထား.. ဘာညာ ပေါ့.. အဲလိုတွေ ကြိုသိရပြီးရင် သီရိတို့က ဆရာမကို မုန့်လေး သစ်သီးလေးတွေ ကန်တော့ရတယ်ပေါ့ကွယ်.. အခု နောက်ဆုံးနှစ်စာမေးပွဲအောင်စာရင်းအတွက်လည်း ထုံးစံအတိုင်းပေါ့.. ဆရာမဆီသွားပြီး သတင်းမေးတာပေါ့.. ဒီတခါလည်း သွားရော ဆရာမက.. “အောင်ချက်တွေနည်းတယ်.. အကျများတယ်.. ဆပ်ပလီတွေလည်း အများကြီးပဲ.. သီရိ နင်တို့လည်း အခြေအနေမကောင်းဘူး.. ဖြစ်နိုင်ရင် စောစောစီးစီး ကြိုလိုက်ထား.. ဆရာမလုပ်ပေးမယ်.. တစ်ယောက် ၉ သောင်းပဲပေး”လို့ တောင်းပါလေရောတဲ့..

အစက သီရိတို့က ထင်လိုက်တာ.. တစ်ယောက် ၉ သောင်းဆိုတဲ့သဘောက.. ကန်တော့ရမယ့် ဆရာမ ၂ယောက်ကို တစ်ယောက် ၉ သောင်းစီ ကန်တော့ရမယ်ပြောတာ ထင်လိုက်တာ.. အဲလိုသာဆိုရင် သူတို့အဖွဲ့က ၉ ယောက်ရှိတဲ့အတွက်.. ဆရာမ ၂ ယောက်စာဆိုရင် ကျောင်းသားတစ်ယောက်ကို ၂ သောင်းစီပဲ ကျမယ်ပေါ့.. အဲလိုထင်လိုက်ကြတာ.. တကယ်က ဘယ်ဟုတ်မလဲ.. ကျောင်းသားတစ်ယောက်ကို ၉ သောင်းစီ တောင်းတာတဲ့..

“အမလေး.. ဘယ်ပေးနိုင်မှာလဲ.. ၉ သောင်းဆိုတဲ့ ငွေက ခုလိုအချိန်မျိုးကြီးမှာ နည်းတာမှမဟုတ်တာ.. ပြီးတော့ ၉ သောင်းပေးမှ စာမေးပွဲအောင်မယ်ဆိုတော့ သီရိတို့က အသုံးမကျလို့လား. ငွေပုံမပေးဘဲ အောင်နိုင်တဲ့ အရည်အချင်းမရှိတော့ဘူးလား.. ခုနေ အိမ်ကို ၉ သောင်းသွားတောင်းပြီး အဲလိုပေးမှ စာမေးပွဲအောင်မယ်လို့ သွားပြောတော့ အိမ်ကရော ကြည်ကြည်ဖြူဖြူပေးပါ့မလား.. မပေးလို့ အောင်စာရင်းမထွက်ပေးရင် ဘယ်လိုလုပ်ကြမလဲ” .. အာ – ၉ ယောက်သားတိုင်ပင်နေကြရင်း ဆူညံပွက်လောကိုရိုက်သွားတာပဲ.. ဆရာမကလည်း ၂ ရက်အတွင်း ဆုံးဖြတ်ပြီး ငွေလာပေး.. မဟုတ်ရင် လုပ်ရကိုင်ရမမှီတော့ဘူး.. တီချယ်က စိုက်ထားပေးရမှာ ဘာညာနဲ့ ပြောတော့.. အတော်လေးကို ဦးနှောက်တွေခြောက်ပြီး စိတ်ညစ်နေကြရတယ်.. တိုင်ပင်နေတာနဲ့ပဲ ငွေကိုအချိန်မှီမပေးဖြစ်ပဲ အောင်စာရင်းထွက်တဲ့နေ့ရောက်သွားတယ်..

တကယ်လည်း အောင်စာရင်းထွက်ရော.. ဆရာမကို မစောင့်နေဘဲ.. ကိုယ်တိုင် တိုးခွေ့ပြီး သွားကြည့်ကြတာ.. အောင်နေတယ်.. ဒါပေမယ့် တဖွဲ့လုံးမဟုတ်ဘူး ၂ ယောက်ကျကျန်ခဲ့တယ်.. ဘယ်လိုမှ မကျနိုင်တဲ့ ၂ ယောက်.. အဲဒိတော့ သီရိတို့ ခေါင်းစားပြီပေါ့.. ပိုက်ဆံက ပေးရမှာလား.. မပေးရဘူးလား.. တကယ်ပဲ ပိုက်ဆံလာမပေးလို့ အောင်စာရင်းမှာ မပါအောင်လုပ်တာလား.. အဲ့ဆရာမကရော တကယ် အဲ့လောက်လုပ်နိုင်လားမသိ.. အချင်းချင်းပြန်တိုင်ပင်မယ်လုပ်တော့.. သီရိရယ် ကျတဲ့ ၂ ယောက်ရယ်.. နောက် ဖူးဖူးရယ်ပဲ ရှိတော့တယ်.. ကျန်တဲ့ အောင်တဲ့လူတွေက ပိုက်ဆံမပေးဘူးဆိုပြီး လာလည်းမတွေ့တော့ဘူး.. ဖုန်းဆက်လည်း မကိုင်တော့ဘူး..

ကျချင်လည်းကျ ပိုက်ဆံတော့မပေးတော့ဘူးဆိုပြီး အကုန်လုံးတော့ တင်းခံနေတာပဲ.. ဘာဆက်လုပ်ရမယ်မှန်းလည်း မသိဘူး.. ဆရာမဖြစ်ပြီးတော့ အဲလိုကြီး ငွေတောင်းရဲတာလည်း အံ့သြပ.. တခြားကျောင်းတွေမှာရော အဲလိုပဲလားမသိဘူး.. မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အတော်ကို ခြစားပျက်စီးနေပြီလို့ ထင်တယ်.. တနေ့က ပဲခူးကိုသွားပြီး ဘုန်းတော်ကြီးပညာသင်ကျောင်းက ကလေးတွေကိုမြင်တော့ အတော်လေး စိတ်မကောင်းဘူး.. ငွေတွေအပုံလိုက်ပေးရတဲ့ သင်တန်းတွေကို အပ်ထားပြီး တက်လည်းမတက် စိတ်လည်းမဝင်စား ဂလေလုပ်နေတဲ့ ဆောင့်ကြွားကြွားလေးတွေကို ခေါ်ပြချင်တယ်.. စာတတ်ချင်လွန်းလို့ ဒုက္ခသုက္ခတွေအများကြီးခံပြီး ကျောင်းတက်နေရတဲ့ ကလေးတွေကကျတော့ ကံဆိုးတာလား.. ဘဝအကျိုးပေးပေါ့လို့ လွှဲချရမလား..

ဘာမှကို မသိတော့ပါဘူး.. 

About nangnyi

has written 3 post in this Website..