အမေ …

အမေ့ကို မင်ဒဲလားကပြောတယ်

သူတို့လည်း ဒီမိုကရေစီကို

နံရံတွေကြားထဲကပဲ

တည်ဆောက်လာရတာတဲ့

အမေ့ကို ကင်ဒေးဂျုံကပြောတယ်

သူတို့လည်း ဒီမိုကရေစီကို

သေနတ်ပြောင်းတွေရှေ့မှာပဲ

ရင်းယူလာခဲ့ရတာတဲ့

အမေ့ကို လားမားကြီးကပြောတယ်

သူတို့လည်း ဒီမိုကရေစီကို

ဖိနှိပ်မှုတွေအောက်မှာ

ကျင်ယူနေရတုန်းပါတဲ့

အမေ …

ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်

ရန်ကုန်မှာ

ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု …

ဘာကိုမှ ဂရုမပြုတဲ့

ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်

ရန်ကုန်မှာ

လူသန်းခြောက်ဆယ်အတွက်

ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့

ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်

ရန်ကုန်မှာ

ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ အလေးဂရုပြုရတဲ့

ငါတို့ “အမေ” ရှိတယ်လို့

ဒါပေမယ့် အမေ

ကျွန်တော်တို့က

အမေ မကြောက်တဲ့

သေနတ်ပြောင်းကိုကြောက်တဲ့

အမေ့သားတွေ

ကျွန်တော်တို့က

အမေ မုန်းတဲ့

ဖိနှိပ်မှုနဲ့ အသားကျနေတဲ့

အမေ့သမီးတွေ

ကျွန်တော်တို့က

ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ

ဒီလူတွေက

အမေ့ရင်ကို လေးစေတဲ့အခါ

အမေ့သွေးကို အေးစေတဲ့အခါ

အမေ့နားကို ခါးစေတဲ့အခါ အမေ

ခွင့်မလွှတ်လိုက်ပါနဲ့ အမေ …

(မောင်ပွတ်)

ဒီကဗျာကို သံလွင်အိပ်မက် ကလောင်ရှင် (ကို)မောင်ပွတ်က သံလွင်အိပ်မက်နဲ့ (ကို)မိုးလှိုင်ညရဲ့ ကဗျာဘလော့ဂ်မှာ တင်ဆက်ထားပါတယ်။ အချိန်အခါနဲ့ တိုက်ဆိုင်နေလို့ ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။

form  ကမ္ဘာစိုးမင်း (Kabar Soe Min)fb

About karlanakar

has written 1 post in this Website..