” မလွမ်းစကောင်း လွမ်းစကောင်း (ရှေးကမန်းတလေး အပိုင်း-23)”

ကျနော်တို့မန်းလေးက တကယ်တမ်းပြောရင် အတော်လေးကို ပူတဲ့မြို့လို့ပြောရင်ရပါတယ်။အခြားသော ပူပါတယ်လို့ပြောတဲ့မြို့တွေကို ရောက်ဘူးပေမယ့် မန်းလေးပူတာနဲ့မတူပြန်ပါဘူး။
မန်းလေးနွေကတော့ တိုက်နေတဲ့လေက ကိုပူနေတယ်ထင်ပါတယ်။ဟောအေးပြီဆိုပြန်တော့ လဲ အသဲထဲထိကိုစိမ့်နေအောင် အရိုးထဲကို ရေခဲတုံးထည့်ထားသလိုကိုအေးတယ်လို့ပြောရင်ရပါတယ်။အဲဒါဟိုအရင်ကဆောင်းပါ ဒီဘက်နှစ်မှာတော့ ဒီလောက်မအေးတော့ ဘူးလို့ပြောရင်ရပါတယ်။ ကျနော်တို့ငယ်ငယ်က ကျောက်တော်ကြီးဘုရားပွဲကာလ သီတင်းကျွတ်ဆိုရင်ကို အတော်အေးလို့ အနွေးထည်လေးတွေဝတ်နေရပါပြီ။
ဟိုအရင်ကတော့ အနွေးထည်ဆိုတာ နိုင်ငံခြားဖြစ် မရှိသလောက်ပါ။
ဖလံနယ်အစလို အမွှေးပါတဲ့ အထည်စ ၊ဇင်စ၊မြန်မာချည်ထည်တွေကို စက်ချုပ်ဆိုင်မှာ အပ်လို့ ဂျာကင်ပုံ၊ချုပ်ဝတ်ကြပါတယ်။
တစ်ချိုကျတော့ လဲ ကုတ်အင်္ကျီပုံပေါ့လေ။နောက်မှလေဘေးထည်တွေပေါ်လာတဲ့အခါမှာ နိုင်ငံခြားအနွေးထည်တွေကို မြန်မာပြည်ကလူတွေ ဝတ်လာကြပါတယ်။
ဟိုအရင်ကတော့ ဆောင်းညတွေမှာ ဆိုရင်မီးပုံဘေးမှာ မီးလှုံရင်း ပဲမြစ်ပြုတ် ထန်းပင်မြစ်ဖုတ် ကန်စွန်းဥ တွေပြောင်းဖူးတွေကို မီးဖုတ်လို့ စကားတွေတပြောပြောနဲ့စားခဲ့ကြရတာကိုုု သိပ်သတိရမိပါတယ်။
တစ်ခါတစ်လေတော့ လဲ ခေါပုတ်ကိုမီးကင်ဆားလေးနဲ့တို့စားတတ်သပေါ့။
အခုများမတော့ မန်းလေးမှာ ဆောင်းတွင်းဆို မီးလှူံရတယ်ဆိုတာ ပုံပြင်လေးလိုဖြစ်သွားပါပြီ။
ဟောနွေရောက်ပြီဆိုတော့ အေးတဲ့အရိပ်ကိုရှာသလို အေးတဲ့ အစားအစာကို လည်း စားကြရပါတယ်။
ကျနော်တို့ ငယ်ငယ်က နွေအခါဆိုရင် ဖရဲသီးချိုချို အရည်ရွှမ်ရွှမ်းကိုစားရတာ သိပ်ကိုအရသာရှိပါတယ်။
လူကြီးတွေကတော့ ရင်အေးတယ် ဝမ်းအေးတယ်ဆိုပြီးစားခိုင်းပါတယ်။နောက် ဖရဲသီး အဝါရယ် အနီရယ်ကို အတုံးသေးသေးလေးတွေတုံးပြီး နွားနို့နဲ့သကြားထည့် ရေခဲထဲ့လို့ စားခဲ့ရတာကိုလည်း မှတ်မိနေပါသေးတယ်။နောက်မန်းလေးမှာနွေပေါက်မှ ဥဩနဲ့အတူရောက်လာတတ်တာကတော့ မန်ကျီးဖျော်ရည်အသယ်လေးတွေပါဘဲ။
ကုက္ကိုအရွက်စိမ်းစိမ်လေးတွေကို အပြည့်ပါတ်ထားတဲ့အိုးနှစ်လုံးကိုမြင်ရတာနဲ့တင်ရင်ထဲအေးလို့သွားပါတယ်။
တစ်အိုးက ထန်းညက်ရေ တစ်အိုးက မန်းကျည်းရေထည့်ထားတဲ့အိုးလေးတွေကို ဆိုင်းထမ်းနဲ့ထမ်းလာပြီး အရပ်တကာလှည့်လို့ရောင်းပါတယ်။
သောက်ခါနီးမှ အချိုးကျအောင် စပ် ရေခဲတုးံလေးတွေထည့်ပေးတဲ့ မန်းကျည်းအချဉ်နဲ့ ထန်းညက်အချို ကြားထဲကို အငံဓါတ်လေးစွက်ထားတဲ့ မန်းကျီးရေအေးအေးလေးကတော့ သောက်မိရင်လျှာလည်သွားမှာပါ။ကျုံးဘေးကို အုတ်ခုံတွေခင်းပြီးတဲ့နောက်ပိုင်းမှာတော့ ကျုံးပါတ်ပါတ်လည် အထူးသဖြင့်အနောက်ကျုံးလမ်းနဲ့ မြောက်ကျုံးလမ်းနံဘေးမှာ ညနေဆိုရင် မန်းကျည်းဖျော်ရေသည်လေးတွေရဲ့ တွန်းလှည်းလေးတွေကအစီအရီဖွင့်လာတာကိုတွေ့ရပါတယ်။
နောက်တော့ မန်းကျည်းရေတင်မကဘဲ အသီးတွေပါဖျော်ရည်တွေပါစုံနေအောင်တင်လာသလို နို့ချဉ်ဆိုင်လေးတွေပါတွေ့လာရပါတယ်။
အခုတော့ ဟိုးအရင်က နွေမှသာတွေ့ရတဲ့ဆိိုင်လေးများ က ရာသီမရွေးကျုံးဘေးမှာရှိနေတတ်ပါတယ်။
ဈေးချိုတော်ရုံဟောင်းကြီးတွေမဖျက်ခင်ကဆိုရင် 28လမ်းနဲ့ 84လမ်းဒေါင့်မှာ ပင်စည်ကြီးကြီး အရွက်ဖားဖား အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ကုက္ကိုပင်ကြီးအောက်မှာ ကုက္ကိုအကျီ်စိမ်းစိမ်းလေးတွေဝတ်ထားတဲ့ မန်းကျီးဖျော်ရည်အိုးလေးတွေကိုတွေ့ရတတ်ပါတယ်။ဟိုအရင်ကဒီကုက္ကိုပင်ကြီးအောက်မှာဈေးသယ်တွေရှိမယ် ဆိုက္ကားတွေ မြင်းလှည်းတွေ တွန်းလှည်းသမားတွေရှိမယ် အမိူက်ပုံရှိမယ် သူတောင်းစားတွေရှိမယ်။ဒီအပင်ကြီးကတော့ ဘယ်သူလာနေနေ ကြိုဆိုလျက်ပါဘဲ။
ရှေးရှေးတုန်းက အကြောင်းလေးပြန်တွေးမယ်ဆိုရင်……………………………
မန်းလေးဈေးချိုတော်ဆိုတာ ကုန်စည်စီးဆင်းမူ့အတွက် အဓိကကျတဲ့ အချက်အချာကျတဲ့ ဒေသဆိုရင်မလွဲပါဘူး။
အောက်ပြည်ကလာတဲ့ ကုန်တွေကို အထက်ပိုင်းက ရှမ်းပြည် တောင်ပိုင်းမြောက်ပိုင်း ပို့မယ် ဧရာဝတီမြစ်အထက်ဘက်ကအရပ်တွေပို့မယ် မြစ်ကြီးနားပို့မယ် ချင်းတွင်းမြစ်ကမ်းက ဒေသတွေကိုပို့မယ် ဘယ်ပို့ပို့ မန်းလေးကို မဖြတ်ဘဲသွားလို့မရဘူးဆိုတော့ မန်းလေးဈေးချိုတော်ကလဲ အရေးပါတဲ့ နေရာမှာ ရပ်တည်နေခဲ့ဘူးပါတယ်။
အရင်က မန်းလေးဈေးချိုတော် တည်နေရာကတော့ 84လမ်းနဲ့ 85လမ်းကြား 26လမ်းနာရီစင်ထိပ်ကစလို့28လမ်းမှာဆုံးပါတယ်။
ဈေးချိုတော်ရုံကြီး ကစုစုပေါင်း (12)ရုံရှိပါတယ် ။ ဒီ၉12)ရုံကို ( အေ ဘီ စီ)(ဒီ အီး အက်ဖ်) (ဂျီ အိပ်ချ် အိုင်) (ဂျေ ကေ အယ်လ်)ဆိုပြီး သုံးလုံးတတွဲ တွဲလို့ထားပါတယ်။
အနောက်ဖက်အစွန်ဆုံးရုံက အေရုံဖြစ်ပြီး အလယ်က ဘီ အရှေ့ဖက်အဖျားက စီရုံဖြစ်ပါတယ်။
အဲတော့ သုံးလုံးတစ်တွဲမှာ (အေရယ် ဒီရယ် ဂျီရယ် ဂျေရယ်) ကအနောက်ဖက်အစွန်ဆုံး
(ဘီရယ် အီးရယ် အိပ်ချ်ရယ် ကေ)ရယ်က အလယ်ခေါင်က ရုံတွေဖြစ်ပြီး
(စီရယ် အက်ဖ်ရယ် အိုင်ရယ် အယ်လ်ရယ်က အရှေ့ဖက်အစွန်ဆုံးရုံတွေဖြစ်ပါတယ်။
ဒီ သုံးလုံးတစ်တွဲကို26ဘီလမ်း မြောက်ဘက်ကစပြီး တောင်ဘက်အဆုံး28လမ်းအထိ လေးလုံးတန်းရက်ဆောက်ထားပါတယ်။
မြောက်ဘက်ဆုံးအေရုံအတွဲ ဒီရုံအတွဲ နှစ်ခုကြားကိုတော့ မြောက်မလွယ်ပေါက်ဆိုတဲ့ အပေါက်သေးသေးလေးနဲ့ခြားထားပါတယ်။
ဒီရုံနဲ့ ဂျီရုံကြားမှာတော့ အလယ်ပေါက်လို့ခေါ်တဲ့အပေါက်အကျယ်ကြီးရှိပြီးအဲဒီအပေါက် က 27လမ်းနဲ့တည့်တည့်ပါ။
ဂျီရုံနဲ့ ဂျေရုံကြားကိုတော့ တောင်မလွယ်ပေါက် နဲ့ပိုင်းခြားလို့ထားပါတယ်။
နောက် ဒီဈေးချိုတော် ဆယ့်နှစ်ရုံကြီးကိုလဲ ဈေးအသေးလေးတွေက ဝန်းရံလို့ ထားပါသေးတယ်။
26ဘီလမ်းနဲ့ 27လမ်းကြား 84လမ်းရဲ့မြောက်ဘက်မှာ မြောက်ဘက်တိုက်တန်းကြီးရှိပါတယ်။
27လမ်းနဲ့ 28လမ်းကြားမှာတော့ တောင်ဘက်တိုက်တန်းကြီးရှိပါတယ်။
26ဘီလမ်းဘက်ကနေ စလာမယ်ဆိုရင် ဈေးချိုရုံကြီးရဲ့အနောက်ဘက်လမ်းဘေးမှာ မွှေ့ယာတန်း၊ဝက်သားရုံ၊ငှက်ပျောတန်း၊လင်းရောင်ခြည်တန်း၊အောင်ဈေးတန်းတွေကို အစဉ်အလိုက်အတိုင်းတွေ့ရမှာဖြစ်ပါတယ်။
27လမ်းတည့်တည့်မှာတော့ ဈေးရုံးရှိပါတယ်။သူကတော့ အခုအချိန်ထိမပြောင်းမလဲ ရှေးမူမပျက် ပါဘဲ။
နောက်27လမ်းနဲ့28လမ်းကြားမှာတော့ ပန်းတန်း ထိုးမုန့်တန်း ရွှေထည်ပစ္စည်း အတုတွေငှားတဲ့ဆိုင်တန်း၊
ပဒေသာရုံ ဆိတ်သားရုံနဲ့ ငါးရုံတွေရှိပါတယ်။
ပဒေသာရုံအနောက်ဖက် 85လမ်းပေါ်မှာတော့ သံဖြူတန်းရယ် ငပိတွေဆားတွေရောင်းကြတဲ့ ပွဲရုံအသေးလေးတွေပါ။
သူ့နောက်မှာတော့ ငပိငါးခြောက်နဲ့ ကြက်သွန်ငရုတ်တွေရောင်းကြတဲ့ ကိုင်းတန်းဈေးနဲ့ ကွမ်းရွက်တို့ ဘဲဥတို့ ရောင်းကြတဲ့ ထီးတိုင်ဈေးရှိပါတယ်။
ဈေးချိုတော်ရဲ့အနောက်ဖက် ရွှေတစ်ချောင်းမြောင်းဘေးဖြစ်တဲ့ 86လမ်း ရဲ့အရှေ့ဖက်မှာရောအနောက်ဖက်မှာရော ကလေးစားစား လူကြီးစားစား ကြိုက်တဲ့လူစားလို့ရတဲ့ မုန့်စုံကိုဖောက်သည်ပြန်ပေးတဲ့ဆိုင်လေးတွေ အကျီဟောင်းလုံချည်ဟောင်းတို့ လေဘေးထည်တို့ရောင်းတဲ့ဆိုင်လေးတွေကလည်း တန်းစီနေတာပါ။
ဒီလိုဈေးပေါင်းတွေခနေတဲ့ မြန်မာတစ်ပြည်လုံးရဲ့ဝမ်းဗိုက်လို့ တင်စားနိုင်တဲ့ နေရာဆိုတော့ လဲ ဥပုဒ်နေ့လိုဈေးပိတ်တဲ့နေကလွဲရင် မနက် ဝေလင်းဝေလင်း ကစလို့ အလင်းရောင်ပျောက် အမှောင်ရောက်ချိန်ထိ အသက်ဝင်လှုပ်ယှား ခဲ့တဲ့ နေရာလေးပါဘဲ။
ဒီဈေးချိုတော် ကိုလာပြီး ပစ္စည်းဝယ်တဲ့အခါ ရှာရဖွေရတာလွယ်ကူအောင် ရောင်းချတဲ့ ပစ္စည်းတွေ တူညီတာကို တစ်ရုံထဲမှာစုပေးထားပါတယ်။
အေရုံမှာဆိုရင် ဆန်နဲ့ပါတ်သက်တာရမယ် ဘီရုံမှာဆိုရင် အလှကုန်ပစ္စည်းလို့ ခေါ်တဲ့ ကျူလယာလိုင်း စီရုံဆိုရင် စာအုပ်ဆိုင်
ဒီရုံဆိုရင် စက္ကူတို့ ပန်းစက္ကူ ယပ်တောင်တွေရောင်းတဲ့ဆိုင်တွေရှိပါတယ်။
မြန်မာဆေးတွေက တစ်ရုံ ချည်ထည်တွေ ဆိုးဆေးတွေကတစ်ရုံ အဝတ်အထည်တွေပိုးထည်တွေက တစ်ရုံ ရွှေဆိုင်တန်းက တစ်ရုံ ကုန်စုံရောင်းတဲ့ဆေးလိပ်တို့ဆပ်ပြာတို့က တစ်ရုံ နံစော်တဲ့ ငပိငါးခြောက်ကတစ်ရုံ မြန်မာ ဘယဆေးတွေလိုဖလဆေးပစ္စည်းဖိုထိုးတဲ့ ပစ္စည်းေတွေရောင်းတာကတစ်ရုံ သူပစ္စည်းနဲ့ သူ သလဲသီးများလို အကန့်အကန့်လေးတွေခွဲထားတာ အတော်လေးကို စနစ်ကျပါတယ်။
အဲဒီဈေးချိုတော်အဟောင်းကြီးနဲ့ ပါတ်ဝန်းကျင်မှာ ရှိတဲ့ ဆိုင်ခန်းပေါင်းများစွာမှာ လူပေါင်းများစွာက နှစ်ပေါင်းများစွာ နေ့စဉ်နဲ့အမျှ ကျင်လည်လှုပ်ယှားလားခဲ့ကြပါတယ်။
ဒီတော့လဲ ကျနော်တွေးမိတာလေးကတော့ လူတစ်ဦးချင်းစီမှာ ဇာတ်လမ်းလေးတပုဒ်စီတော့ ရှိခဲ့မှာအမှန်ပါဘဲ။
ကာယကံရှင်များသာ သိလိုက်သော လူနည်းနည်းသာ သိလိုက်သော လူအတော်များများသိလိုက်သော အစရှိတဲ့
ပျော်စရာ နာကျဥ်းစရာ မမေု့နိင်စရာ လွမ်းမောဖွယ်ရာ ရင်နင့်စရာ ဇာတ်လမ်းပေါင်းများစွာကို မြင်တွေ့ကြားနေခဲ့ရပေမယ့်
ပြန်လည်ပြောပြခြင်းမရှိနိုင်တဲ့ ဈေးချိုတော် ထဲက ဆိုင်ခန်းလေးတွေဖြစ်မယ်ထင်ပါတယ်။
အခုအချိန်မှာတော့ နှစ်တစ်ရာတောင်မပြည့်လိုက်ရဘဲဇာတ်သိမ်းသွားရှာတဲ့ဒီဈေးချိုတော်ရုံဟောင်းကြီးနဲ့အတူ ဇာတ်လမ်းပေါင်းများစွာလဲ ပါဝင်သွားပြီဖြစ်မှာပါ။
ဒါပေမယ့် ပါဝင်ပါတ်သက်ခဲ့ကြတဲ့ ဈေးချိုသူ ဈေးချိုသားတွေရဲ့ရင်ထဲမှာတော့ ပုံပြင်လေးတွေ ကျန်နေမယ်လို့ ထင်မိပါတယ်။ ဒီဈေးချိုတော်ကြီးကို ဖျက်ပြီး အသစ်ပြန်ဆောက်မယ်လို့ သတင်းတွေထွက်လာတော့ အားလုံးရဲ့စိတ်ထဲမှာ တော့ သောကတွေ ဝေကုန်ပါတယ်။စိတ်ထဲမှာတော့ မဖြစ်လောက်ပါဘူးဆိုတဲ့ ယုံကြည်ချက်သေးသေးလေးနဲ့ ငြင်းကြခုံကြနဲ့ပေါ့။မင်းပေါက်စိုးပေါက်လူများကလည်း ဒီလိုတော့ ဘယ်ဖြစ်မလဲ အသနားခံစာတင်မှာပေါ့ လို့အားပေးစကားပြောကြနဲ့ တော်တော်လေးကိုလှုပ်လှုပ်ရွရွဖြစ်ကုန်ပါတယ်။ဒါပေမယ့် တောင်ဘက်တိုက်တန်းနဲ့မြောက်ဘက်တိုက်တန်းကို စဖျက်ပါတယ်။အဲဒီအချိန်ရောက်တော့ ကျန်တဲ့ဈေးချို(12)ရုံကလည်းရင်တမမနဲ့နေရတာပါ။နောက်တော့လည်း မြောက်ဘက်က(6)ရုံအဖျက်ခံလိုက်ရပါတယ်။သူတို့ကတော့ဆိိုင်ခန်းတွေအစားရပါတယ်။အစကတော့ တောင်ဘက်က(6)ရုံက မဖျက်သေးပါဘူး။ နောက်တော့ သူတို့လည်းအဖျက်ခံလိုက်ရပါတယ်။ဒါပေမယ့် ဆိုင်ခန်းအစားမရလို်က်ပါဘူး။လုံးဝဘုံပျောက်သွားပါတယ်။ဘုံပျောက်တယ်ဆိုတာ ဘဝပျက်တာနဲ့ အတူတူပါဘဲ။ဒီတောင်ဘက်ခြမ်းကဈေးရုံဆောက်ထားတဲ့နေရာက ဘာမှမလုပ်ဘဲကွက်လပ်ကြီးကိုအကြာကြီး ပစ်ထားတာပါ။အဲဒီကွက်လပ်ကြီးထဲမှာ ဆိုင်ကယ်အပ်တာလက်ခံတယ် လက်ဖက်ရည်ဆိုင် ထမင်းဆိုင်တွေရှိတယ် အသီးအနှံတွေရောင်းတဲ့ ယာယီဆို်င်ခန်းတွေ တော့ဖွင့်လိုက်ပါသေးတယ်။                                                           အခုတော့ မန်းမြန်မာ ပလာဇာဖြစ်သွားပါပြီ။

အခုအချိန်မှာတော့ အရင် အလယ်ပေါက်မြောက်ဘက်ကတော့ အဆင့်မြင့်ဈေးချိုတော်ဖြစ်သွားပြီး အဲဒီဘက်ခြမ်းက(6)ရုံကတော့ အဆင့်မြင့်ဈေးချိုတော်ပေါ်မှာပါသွားပေမယ့် 27လမ်းတောင်ဘက်ခြမ်းက (6)ရုံကတော့ လုံးဝအစပျောက်သွားပါတယ်။.
အခုအဲဒီနေရာကတော့ လောလောဆယ် မန်းလေးမှာ အမြင့်ဆုံးလို့ဆိုနိုင်မယ့် 25ထပ်အဆောက်အဦးဖြစ်လာမယ့် မန်းမြန်မာ ပလာဇာက အစားထိုးလို့ နေရာယူသွားပါတယ်။
ဒီတော့လဲ 20ရာစု ဇာတ်လမ်းအသစ်ကလေးတွေ ပေါ်ပေါက်လာမှာကလဲ အမှန်ပါဘဲ။
အရင်ကအုတ်ထုထူူထူကြီးနဲ့တစ်ထပ် တိုက်လေးတွေဖြစ်တဲ့ဈေးချိုတော် တိုက်တန်းတွေနေရာမှာတော့ သုံးထပ်အဆောက်အဦးတွေဖြစ်လာပါတယ်။                                          ဟိုအရင်ကျနော်တို့ခပ်ငယ်ငယ်ကတော့ တစ်ဖက်ကိုအချိန်တစ်မျုးိပြတတ်တဲပ နာရီစင်ကြီးကို သူများမေးရင် တစ်ဖက်ကမြန်မာစံတော်ချိန် တစ်ဖက်က ဂရင်းနစ်စံတော်ချိန် တစ်ဖက်က တစ်ရုပ်ပြည်စံတော်ချိန် နောက်တစ်ဖက်ကတော့ အမေရိကန်စံတော်ချိန်လို့ အညံ့မခံဘဲ ခပ်နောက်နောက်လေးဖြေတတ်ပါတယ်။အရင်ကတော့ ဈေးချိုနာရီစင်ကြီးက ဈေးချိုတော်ကို ငုံ့ကြည့်ပြီးစောင့်ရှောက်နေခဲ့ပေမယ့် အခုအချိန်မှာတော့  အရွယ်ရောက်နေတဲ့ အဆင့်မြင့်ဈေးချိုတော်ကြီးကို  နာရီစင်ဘိုးဘိုးကမော့ကြည့်နေရပါပြီ။                                     ခေတ်မှီတိုးတက်တယ်လို့ဘဲယူဆပါတယ်။

ဟိုအရင်ကတည်းက မန်းလေးမြို့လေးပြင်လေးရပ်မှာ ဈေးလေးတွေအများကြီးရှိပါတယ်။ရပ်ကွက်ကြီးတစ်ခုမှာ ဈေးတစ်ခုလောက်တော့ရှိနေသလိုပါဘဲ။အပွင့်လင်းဆုံးပြောရရင်တစ်ချို့သောဈေးတွေကတော့ အပြောနဲ့သာကြားဘူးနေတာ မရောက်ဘူးပါဘူး။ယောက်ျားလေးကို ဗျ။ ကိုယ်စိတ်ဝင်စားတဲ့သူရှိတဲ့ဈေးတွေကို သာ မရောက်ရောက်အောင် သွားတာကိုးဗျ.။မန်းလေးမှာထင်ရှားတဲ့ ဈေးလေးတွေကိုပြောရမယ်ဆိုရင်တော့ …………..
မြောက်ပြင် စည်သာလမ်းအတိုင်းမြောက်ဘက်ကိုသွား မန်းလေးတောင်ဘက်ကို ခွဲသွားတဲ့လမ်းဆုံ မန်းလေးတောင်နဲ့တဲ့တဲ့လောက်မှာ အရပ်အခေါ်မိဘဈေးလို့ ခေါ်ပေမယ့် မီးထဲကို ပါသွားတဲ့ဈေးကို အစားထိုးပြီး ပြန်ဖွင့်ထားလို ့ မီးပါဈေးလို့ခေါ်တယ်လို့ လဲ ကြားရဘူးပါတယ။် လမ်း80အနောက်ကျုံးလမ်းနဲ့တဲ့တဲ့ မြောက်ကျုံးလမ်းကို ကျော်လိုက်တာနဲ့တွေ့ရတာကတော့ ငယ်ငယ်က နာမယ်ကြားတာနဲ့တင်ကြောက်ခဲ့ရတဲ့ဈေးလေးတစ်ခုရှိပါတယ်။ဘာမှမသိခင်ကတော့ အဲဒီဈေးနာမယ်ပြောတာနဲ့မလိုက်ဘူး ဖြစ်သွားတာပါဘဲ။ အဲဒီဈေးက တော့ သူရဲဘူတာဘေးမှာ ဖွင့်တဲ့ သူရဲဈေးပါ။ သူရဲကောင်းတွေနေတဲ့အရပ်ကို တင်စားထားတာဖြစ်ပေမယ့်  သရဲဈေးလို့ အသံထွက်တော့ ကြောက်မိတာပေါ့နော်။

အဲဒီသူရဲဈေးကနေ တောင်ဘက် လာ 19လမ်းရောက်ရင် အနောက်တဲ့တဲ့ဆင်းရင် 83လမ်းရောက်တာနဲ့ညောင်ပင်ဈေးကိုတွေ့မှာပါ။ရှေးမူမပျက်တွေ့ရသေးတဲ့ဈေးထဲမှာညောင်ပင်ဈေးလဲပါ ပါသဗျာ။ဟိုအရင်ကလို အကာမပါ အမိုးသက်သက်နဲ့ သစ်သားနဲ့ဆောက်ထားတဲ့ဈေးကြီးအတိုင်းရှိနေသေးလို့ပါဘဲ။ဒီဈေးလေးကမြောက်ပြင်နဲ့ ရွေတစ်ချောင်းအနောက်ဖက်က လူတွေအားထားရာဈေးပါ။ဒီဈေးလေးနဲ့တွဲရက် ရွှေတလေးဘုရားကတော့ ဈေးသူဈေးသားများ ကိုးကွယ်ရာပါဘဲ။

နောက်ညောင်ပင်ဈေးကနေတောင်ဘက်ဆက်သွားရင်တော့ ဈေးချိုတော်ကိုမရောက်ခင်လေး86လမ်းအရှေ့ဘက်ခြမ်းမှာ မန်းသီရိဈေးကိုတွေ့ရမှာဖြစ်ပါတယ်။အခုတော့ ဒီဈေးကလဲ ခေတ်မှီအုဌ်တို်က်ကြီးနဲ့ အထပ်မြင့်မြင့်ဈေးလေးဖြစ်သွားပါပြီ။အဲဒီမန်းသီရိဈေးနဲ့ မျက်နှာခြင်းဆိုင်မှာတော့ ဈေးချိုတော်ဖြစ်ပါတယ်။တကယ်လို့များ 26ဘီလမ်းကိုကျော်ပြီးရင်အနောက်ဘက်ကိုချိုး 89လမ်းရောက်ရင် တောင်တည့်တည့်ဆက်လိုက်သွားရင် ဘီးလူမညောင်ပင်ဈေးလို့ ခေါ်တဲ့ ပြည်ကျော်ဈေးကိုရောက်မှာပါ။အရင်က အဲဒီဈေးတောင်ဘက်နားလေးမှာ ညောင်ပင်ကြီးတစ်ပင်ရှိပါတယ် အဲဒီညောင်ပင်အောက်ခြေမှာ  ဘီလူးမထိုင်နေတဲ့အရုပ်တစ်ရုပ်ရှိလို့ အလွယ်ဘဲ ဘီလူးမညောင်ပင်လို့ ခေါ်ကြပါတယ်။အဲဒီညောင်ပင်ရဲ့မြောက်ဘက်နားမှာ ရှိတဲ့ဈေးကို ဘီလူးမညောင်ပင်ဈေးလို့ ခေါ်ပါတယ်။အဲဒီဈေးနောက်မှာတော့ မန်းလေးမြို့ကို ပဲတော်ဆက်တဲ့ ပဲသယ်တွေရှိတဲ့ ပဲဝင်းရှိပါတယ်။အဲဒီပဲဝင်းကတော့ မီးခဏခဏလောင်ဘူးပါတယ်။အဲဒီပဲဝင်းကနေ အနောက်ဘက်ဆက်ဆင်းသွားရင် ပုဏားဈေးကိုရောက်သွားမှာဖြစ်ပါတယ်။ 84လမ်းမအတိုင်းတောင်ဘက်ကိုသွားလိုက်လို့ 38-39လမ်းကြားမှာတော့ အရင်က ရွာဟိုင်းဈေးလို့ ခေါ်ပေမယ့် အခုတော့ မန်းမြို့ဈေးလို့ပြောင်းခေါ်ထားတဲ့ဈေးရှိပါတယ်။ 84လမ်းမကနေ38လမ်းအတိုင်းအပေါ်တက်သွားရင် 82-83ကြား 35-36လမ်းကြားမှာတော့ ရှေ့ကတည်းကအခေါ်ကို ခုထိမပြောင်းတဲ့ ညွန့်ပေါင်းဈေးပါဘဲ။82လမ်းအတိုင်းတောင်ဘက်သွားလို့42လမ်းရောက်ရင်တွေ့ရမှာကတော့ ဘုရားကြီးဈေးဖြစ်ပါတယ်၊ နောက် မြို့ဟောင်းဘူတာ နားမှာတော့ အရင်ကအတိုင်းရှေးမူမပျက် သစ်သားဆိုင်ခန်းလေးတွေနဲ့ မြို့ဟောင်းဈေးဖြစ်ပါတယ်။နောက် မန်းလေးတက္ကသို်လ်နယ်မြေမှာတော့ တပ်ဈေးလေးရှိပါတယ်။နောက် မြောက်ဘက်ပြန်သွားရင်တွေ့ရမှာကတော့ 73-72လမ်းနဲ့ 30-31လမ်းကြားက မင်္ဂလာဈေးပါဘဲ ။အရင်က သစ်သားနဲ့ ဆောက်ခဲ့တဲ့ဈေးရုံတွေက အခုတော့ ခန့်ထည်တဲ့ အုဌ်တိုက်အထပ်အမြင့်အဆောက်အဦးကြီးဖြစ်သွားပါတယ်။နန်းရှေ့သူ နန်းရှေ့သားများရဲ့အားထားရာ 19လမ်းပေါ်မှာ ရှိတဲ့နန်းရှေ့ဈေးကလဲ အရင်က သစ်သားဆိုင်ခန်းတွေနေရာမှာ အဆင့်မြင့် အုဌ်တိုက်ကြီးဖြစ်ကုန်ပါပြီ။ဒီလိုပြောင်းလဲ လို့ ဆောက်လိုက်တဲ့ဈေးတွေမှာ ရှိတဲ့ ဈေးသူဈေးသားတွေမှာ မိုးလုံလေလုံ အဆောက်အဦးတွေဖြစ်ပေမယ့် ငွေတော့ ကုန်သွားတာပေါ့ဗျာ။ဒီလိုအဟောင်းကိုဖျက်လို့ အသစ်ဆောက်တာတွေကို သိပ်တော့မဆန်းပါဘူး။ သူ့နဂိုရ်နေရာမှာဘဲပြန်ဆောက်တာများပါတယ်။                                                                                                                                                                                                                                             ထူးဆန်းသွားတာကတော့ တရုပ်တန်းဈေးပါ။ 79လမ်းနဲ့လမ်း80 28လမ်းနဲ့ လမ်း30ကြားမှာ ရှေးကထဲက ရှိခဲ့တဲ့ တရုပ်တန်းဈေး အတွင်းထဲက ဆိုင်များကတော့ နေကုန်ဖွင့်ပေမယ့် အပြင်ဘက်တန်းလမ်းမပေါ်မှာ ဖွင့်ကြတဲ့ဆိုင်များကတော့ ယာယီဆိုင်လေးတွေဖြစ်တော့ မနက်5နာရီလောက်ဆိုဆိုင်ခင်း နေ့လည် 11နာရီဆိုသိမ်းကြရတဲ့ဆိုင်လေးတွေဖြစ်ပါတယ်။ဟင်းချက်စရာ ဈေးသက်သက်မဟုတ်ဘဲ မှောင်ခို အဝတ်အထည်တွေကို လက်လီလက်ကားဖြန့်တဲ့ဈေးလဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ တရုပ်ကလာတဲ့ အဝတ်အထည် အသုံးအဆောင်ပစ္စည်းတွေဖြန်ချိရာ အချက်အချာဈေးအဖြစ်ကိုပြောင်းလဲခဲ့ပါတယ်။ဒါပေမယ့် အရင်ဈေးဟောင်းကို အသစ်ဆောက်မယ်ဆိုပြီးး မူလ ဈေးအတွင်းက ဆိုင်ခန်းတွေကို ဖယ်ခိုင်းပြီး ဈေးကြီးကို ပထမ သိမ်းလိုက်ပါတယ်။အဲဒီနေရာကဆိုင်ခန်းတွေ ဖယ်ခိုင်းပြီး 79လမ်းမပေါ်မှာ 27လမ်းက စလို့ 32လမ်းလောက်ထိ အရှည်လိုက်ကြီး ဆိုင်ခန်းတွေဆောက်လိုက်ပါတယ်။အဲဒီအခါမှာ မနက်ပိုင်းသာဖွင့်ရတဲ့ဈေးကနေ အထည်သယ်တွေအတွက် နေကုန်ဈေးဖြစ်သွားပါတယ်။အင်မတန်မှ စည်ကားခဲ့တဲ့ဈေးကြီးတစ်ခုလဲဖြစ်သွားခဲ့ပါတယ်။နောက်အဲဒီဈေးနားကို ညပိုင်းမှာ ညဈေးတန်းဖြစ်သွားပါတယ်။ ကားပစ္စည်းအဟောင်းတွေ ရောင်းကြဝယ်ကြတဲ့ အရင် 26ဘီလမ်း 27လမ်းကြား 82လမ်းက ကြက်တန်းကို 34လမ်း 78လမ်းနားကိုပြောင်းပေးလိုက်တော့ အဲဒီနားက ပိုလို့စည်ကားသွားပါတယ်။ဒါပေမယ့် ဒီတရုပ်တန်းဈေးကို 78လမ်း 33-34လမ်းကြားကို ပြန်ပြောင်းခိုင်းပြီး တရုပ်တန်းဈေးကနေ ရတနာပုံဈေးဖြစ်သွားပါတယ်။ ကြက်တန်းကလဲ ဧရာဝတီမြစ်ကမ်းနံဘေးက မရမ်းခြံဆိပ်ကမ်းမှာ တိုက်ခန်းတွေဆောက်လို့ပြောင်းခိုင်းလိုက်ပါတယ်။ဒီကားပစ္စည်းရောင်းတဲ့ နောက်ကျောမှာတော့ ပန်းသယ်တွေ စုဝေးရာ ပန်းဒိုင်ဖြစ်လို့သွားပါတယ်။နောက်မန်းလေးမြို့ နေရာအနှံ့အပြားမှာ အခွန်လွတ်ဈေးဆိုတာလေးတွေက မွစိတက်အောင်ပေါ်လာပြန်ပါတယ်။ တရုပ်တန်းဈေးက ရွှေ့သွားတာမှန်ပေမယ့် အခုတော့27-29လမ်းကြား 81လမ်းပေါ်မှာတော့ ဒီတရုပ်တန်းလမ်းကို မခွဲနိုင်သူဈေးသည်လေးများ တော့ လစ်ရင်ချရောင်းလာဖမ်းရင်ထွက်ပြေးလို့ ရှေးမူမပျက် ကျန်နေခဲ့ပါသေးတယ်၊

ဒီတရုပ်တန်းဈေးကနေရတနာပုံဈေးဖြစ်သွားပြီး မကြာခင်မှာဘဲ မန်းလေးမြို့မှာ ဒုတိယမြောက်စူပါမတ်ကက် ဖြစ်တဲ့ စကိုင်းဝပ် ဆိုတာပေါ်ထွက်လာပါတော့တယ်။မန်းလေးမြို့အတွက် ပထမဆုံးသော စူပါမတ်ကက်ကတော့ 28-29ကြား လမ်း80ပေါ်က ဘလေဇွန်ပါဘဲ။ ဖြစ်ချင်တော့ ဒိစကိုင်းဝပ်နဲ့ရတနာပုံဈေး အဟပ်တည့်လို့ စည်ကားလို့ အရောင်းအဝယ်တွေကောင်းလို့အခြေကျမယ်လို့ ကြံကာရှိသေးတယ် ဒီရတာနာပုံဈေးကြိးက မီးလောင်သွားတော့ မီးလောင်တဲ့ဆိုင်ရော မလောင်တဲ့ဆိုင်ရော ဘုံပျောက်လို့ မန်းလေးမြီု့ရဲ့ ဈေးသည်တွေတတိယအကြိမ်မြောက်ဘဝပျက်ကြရပြန်ပါတယ်။နောက်တော့ ဒီဆိုင်ခန်းတွေကို 77လမ်းတစ်လျောက် 27လမ်းကစလို့ လမ်း30အထိတစ်ပိုင်း 34လမ်း 78လမ်းမှာတစ်ပိုင်းယာယီဆိုင်ခန်းတွေဖွင့်ပေးလိုက်ပါတယ်။အခုတော့ မီးလောင်သွားတဲ့နေရာမှာ ဒိုင်းမွန်းစူပါမတ်ကက်စင်တာဆိုတဲ့ အဆောက်အဦးခန့်ခန့်ကြီးကဆောက်လို့ပြီးသွားပါပြီ။ ဒီရတနာပုံဈေးမီးမလောင်ခင်မှာ 78လမ်း 38လမ်းဒေါင့်မှာ 78စူပါမက်က် စီးတီးမတ်ဆိုတာအောင်မြင်စွာပေါ်ထွက်လာပါတယ်။ သူ့နောက်မှာတော့ ရွှေဖြူပလာဇာ ၊ဂရိတ်ဝေါပလာဇာနဲ့ ရူဘီမတ်တွေအသီးသီးပေါ်လာပါတယ်။

ထူးထူးခြားခြားထပ်ပြီးပေါ်လာတဲ့ ဈေးတန်းလေးကတော့ 34-35ကြား 76လမ်းပေါ်က တရုတ်ပစ္စည်းတွေရောင်းတဲ့ တရုပ်တန်းဈေလေးပါဘဲ။မနက်3နာရီလောက်ကစဝင်တဲ့ ကုန်စိမ်းတွေကိုလက်ကားဖြန့်ဘို့ စရောင်းတာကနေ ဆယ်နာရီလောက်မှာ မှ ဈေးတန်းကကွဲသွားပါတယ်။ညနေကြပြန်တော့ 5နာရီလောက်ကစပြီးပြန်ဖွင့်လို့ ရောင်းတဲ့ ညဈေးတန်းလေးတွေဖြစ်သွားပြန်ပါတယ်။အဲဒီညဈေးလေးမှာတော့ တရုပ်မုန့်တွေ တရုပ်အသီးအနှံတွေ အစုံရနိုင်တဲ့ တရုပ်တန်းဈေးအသစ်လေးပါဘဲ။

တကယ်တော့ မြို့ရယ်လို့ ဖြစ်လာရင်ဈေးရှိမယ်။ ဈေးရှိရင်စည်ကားမယ် ဆူညံမယ် ညစ်ပတ်မယ်။ဒါပေမယ့် လဲ မရှိမဖြစ်မို့ ပစ်ပယ်လို့မရပါဘူး။ဒီဈေးကို အမှီပြုလို့လုပ်ကို်င်စားသောက်သူတွေရှိမယ်။ဒီလိုဈေးတစ်ခုပျက်သွားမယ် အပြောင်းအလဲဖြစ်သွားမယ်ဆိုရင် စားဝတ်နေရေးခက်ခဲသွားမယ့် မိသားစုပေါင်းများစွာရှိတာကတော့ အသေအချာပါဘဲ။ ရှေးကတည်းက ရှိခဲ့တဲ့ဈေးတွေက လူဦးရေများလာသလို ပိုလို့စည်ကားသထက်စည်ကားလာသလို ဈေးအသစ်တွေလဲပေါ်လာပါတယ်။မြို့သစ်မှာဆိုရင် မြနန္ဒာဈေး ၊မြရည်နန္ဒာဈေးတွေကနောက်ပေါ်လာတဲ့ဈေးအသစ်တွေပါ။

ဒီလိုဈေးတွေ ခဏခဏပြောင်းတာ တွေကြုံလာရတော့ တစ်ချို့ဆိုင်တွေကဈေးမှာ မဖွင့်တော့ ဘဲ ကို်ယ်အိမ်မှာကိုယ်ဖွင့်တဲ့ ဆိုင်တွေများသထက်များလာပါတယ်။အိမ်မှာဖွင့်တော့ ကိုယ်ကြိုက်တဲ့အချိန်ထိဖွင့်လို့ရတယ်။စရိတ်သက်သာတယ်ဆိုတော့ အိမ်မှာဖွင့်တဲ့ဆိုင်တွေ တစ်စထက်တစ်စများလာပါတော့တယ်။နောက် အသစ်ပေါ်လာတဲ့ ဆိုင်တွေက ဈေးချုိုပေါ်ကဆို်င်တွေနဲ့တန်းတူဈေးသက်သာအောင်ရောင်းနိုင်လာတဲ့အခါမှာ ဈေးချိုတော်က ဆိုင်တွေရဲ့အခန်းကဏ္ဍက အရင်ကထက်စာရင်မှေးမှိန်သွားပါတော့တယ်။အသစ်တွေပေါ်လာတဲ့အခါမှာ အဟောင်းတွေဖယ်ရစမြဲဆိုတာ လောက ရဲ့ထုံးစံဖြစ်ပါတယ်။အစစ ပြောင်းလဲလာတဲ့မန်းလေးမြို့မှာလဲ ဟိုအရင်က ရှိခဲ့ဘူးတဲ့ အထင်ကရအိမ်တွေ ဝို်င်းတွေကို ပြန်မြင်ယောင်မိပါတယ် ။အခုအချိန်မှာ ထီးဆိုင်သီချင်းလေးထဲကလို “ပိုင်ရှင်အသစ်ရဲ့လက်ထဲမှာပျော်နေတဲ့  “အိမ်နေရာမြေနေရာတွေထဲ့ အရင်က အထင်ကရနေရာတွေကို ပြန်သတိရမိပါတယ်။ဟိုအရင်ကဆိုရင် ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြတဲ့ နေရာလေးတွေထဲက အမှတ်ရသလောက်ပြန်ပြီး တွေးကြည့်မယ်ဆိုရင်  အရင်ဆုံးမျက်စေ့ထဲပြေးမြင်တဲ့အိမ်နေရာလေးကတော့ ………………………………………………………………


    Pages: 1
  • 2

One comment

  • unclegyi1974

    November 24, 2010 at 3:11 pm

    ဟုတ်ပါတယ် ဈေးချိုဖျက်တုန်းက မြို့ထဲတိုက်နဲ့နေတဲ့
    ဈေးချိုသူ မြို့သစ်ရောက်သွားပါတယ်
    နောက်ရတနာပုံဈေးမီးလောင်တော့ မြို့သစ်ကနေ
    ပျောက်သွားပါတယ်
    ကိုပေါက်ပြောတဲ့ဘဝပျက်သွားတဲ့သူတွေအတွက်
    ကိုယ်လည်းစိတ်မကောင်းယုံကလွဲပြီးဘာမှလည်း
    မတတ်နိုင်

Leave a Reply