ကမ္ဘောဒီးယားရှိ မြန်မာသံဝန်ထမ်းများ ဦးသိန်းစိန်ကို တွေ့ဆုံပှုံ ဓာတ်ပုံ - ဧရာဝတီဘလော့


ကျနော်တို့မြန်မာတွေဟာ သတ္တိရှိတယ် ခေါင်းမာတယ်လို့ သတင်းမွှေးပါတယ်၊ ကြည့်ပါလား လူမျိုးအမည်ကိုက မြန်လည်းမြန် မာလည်းမာတဲ့ မြန်မာတဲ့၊ လက်ရုံးရည် ကျန်းမာသန်စွမ်းမှုကို လွန်စွာ အားကိုးခဲ့ပုံရပါတယ်။ ရေမြေတောတောင် သဘာဝခြင်းလည်း နီးစပ်၊ ကိုးကွယ်ရာ ဘာသာတရားခြင်း လည်းတူတဲ့ ထိုင်းလူမျိုးတွေလို မဟုတ်ဘဲ၊ ကိုယ့်ရန်သူက ဘာကောင်ဖြစ်ဖြစ် ပြန်ချတာ သမိုင်းမှာ အထင်အရှားပါ။ ရလဒ်အနေနဲ့ စုတ်ပြတ်သတ်အောင် ခံရတာတော့ တပိုင်းပေါ့လေ။ ပြောချင်တာက မဟုတ်မခံ ငါသာမှန်၏ဆိုတဲ့ ဖိုက်တာမိုက်တီးများပါ။ နေမဝင်အင်ပါယာသခင် ဗြိတိသျှတွေကိုလည်း အညံ့မခံတွန်းလှန်၊ လွတ်လပ်ရေး ရပြန်တော့လည်း အိမ်နီးချင်းနိုင်ငံတွေလို ဓနသဟာယအဖွဲ့ ထဲမှာတောင် မဝင်ခဲ့ဘဲ ကိုယ့်မင်းကိုယ့်ချင်းဘဝကို တည်ထောင်ခဲ့ကြတာပါ။
ဒီနေ့ဧရာဝတီဘလော့ စာမျက်နှာမှာ ကြက်ဖွတ်ခေါင်းဆောင် စစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆိုသူ ဗိုလ်သန်းစိန် ကမ္ဘောဒီးယားကို သွားလည်တော့ မြန်မာသံရုံး အမှုထမ်းတွေရဲ့ ကြမ်းပြင်ပေါ်မှာ ညီညာဖျဖျ ထိုင်ပြီး ကျိုးနွံဝပ်တွား အရိုအသေပေးမှုကို ခံယူတဲ့ပုံကိုတွေ့မိပါတယ်။ သူတပါးကို ရဟန်းသံဃာ မဟုတ်ဘဲ၊ မိဘဘိုးဘွားမဟုတ်ဘဲနဲ့ လက်အုပ်ချီတာ ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုမှာ အလွန်ရှားပါတယ်။ ရှေးကတော့ မင်းညီမင်းသားတွေ၊ မှူးကြီးမတ်ရာတွေကို သာမန်ပြည်သူတွေက လက်အုပ်ချီ ဘုရားထူး ရပါတယ်။ အင်္ဂလိပ်များမင်း အလှည့်ကျတော့လည်း ဘယ်နေမလဲ မြန်မာတွေကို အရင်ခေတ်ကလိုပဲ ဘုရားထူးခိုင်း၊ လက်အုပ်ချီခိုင်းတာပေါ့။
ဒီလို နိုင်ထက်စီးနင်း ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင် အပြုအမူတွေ ပျောက်ကွယ်ခဲ့တာ သူ့ကျွန်ဘဝ လွန်မြောက်ခဲ့တဲ့ ကိုလိုနီခေတ် အပြီးကထဲဖြစ်ပြီး ပြန်ပေါ်လာတာကတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် မြန်မာတို့ စစ်ကျွန်ဘဝကို ထပ်မံကျရောက်စဉ်ကထဲက ဖြစ်ပါတယ်။ အရင် မဆလ ဦးနေဝင်းလက်ထက်ကလည်း ငှက္ကကြီးဆိုပြီး သူ့ရှေ့မှာ လက်အုပ်လေးတွေချီရတာ ဓာတ်ပုံတွေထဲမှာ တွေ့ဖူးသလိုပါပဲ။ အလွန် ဆိုးဝါးလာတာကတော့ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ။ အိုင်ဒီယာကတော့ တပ်ရှုပ်ကြီးဗိုလ်သန်းရွှေလက်ချက်လားမသိ၊ ဘာလို့လည်းဆိုတော့ သူက စိတ်ဓာတ်စစ်ဆင်ရေး ပါရဂူလုပ်ခဲ့ဖူးတော့ လူတွေစိတ်ကိုဘယ်ကစ ချိုးနှိမ်ရမလဲဆိုတာ သိထားလို့ပါ။ စတာတော့ ဗိုလ်ခင်ညွှန့်က စခဲ့တယ်ထင်ပါတယ်။ တပ်ရှုပ်ကြီးက လူကြားထဲ သူ့မျက်ခွက်ကြီးကို မပြရဲလို့ ဗိုလ်ခင်ညွှန့်ကို မြောက်ပေးပြီး နေ့တိုင်း လူကြားထဲမှာ ဂွေးတက်အောင် ကခိုင်းပါတယ်။ သူ့ကိုကြိုဆိုရသူများက လက်အုပ်လေးတွေချီပြီးစောင့်ရတာ စစ်အစိုးရခေတ် ဖက်ရှင်ဖြစ်လာပါတယ်။ တပ်ထဲမှာလည်း တပ်ရင်းမှူးကိုစလို့ ငယ်သားတွေက အဘလို့ နှုတ်ကျိုးနေအောင် ခေါ်ရတဲ့ ကာယကံရော ဝစီကံရော ငြိမ်ဝပ်ပိပြားနေအောင် ပုံစံရိုက်သွင်းတာပါ။
အိမ်နီးနားချင်းထိုင်းနိုင်ငံမှာတော့ တဦးနဲ့တဦး လက်အုပ်ချီပြီး ဆဝါဒီခပ်လို့ နှုတ်ဆက်တယ်၊ ဂျပန် ကိုရီးယားတွေလည်း တဦးနဲ့တဦးတွေ့ရင် ခါးလေးကိုင်းလို့ အပြန်အလှန် နှုတ်ဆက်ကြပါတယ်။ အတုယူ လေးစားစရာပါ။ ကျနော်တို့ မြန်မာတွေကြတော့ရော ဒီလိုအစဉ်အလာမျိုး ရှိခဲ့ပုံမရပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီးမွန်း နာဂစ်ကိစ္စနဲ့ မြန်မာပြည်လာတော့ ဒုက္ခသည် စခန်းကို သွားလေ့လာစဉ် လက်အုပ်ချီ နှုတ်ဆက်တဲ့ ဒုက္ခသည်များကို ပြန်လည်လို့ လက်အုပ်ချီတာ တွေ့ရလို့ ကြည်နူးမိပါတယ်။ အပြန်အလှန် လေးစားခြင်း၊ တန်းတူရည်တူရှိခြင်း၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားခြင်းတို့ဆိုတာ လူမျိုးတိုးတက် ကြီးပွားဖို့လိုတဲ့ အခြေခံအချက်တွေပါ။ မိမိကိုယ်ကို တန်ဖိုး ထားတတ်မှ သူတပါးကိုလည်း လေးစားရကောင်းမှန်း သိပါတယ်။ သူတပါးဆိုတဲ့ နေရာမှာလည်း လူ့သားတယောက်ရဲ့ တန်ဖိုးကို အာဏာ၊ငွေကြေးနဲ့ မဖြတ်ဘဲ လူ့တန်ဖိုးကျင့်ဝတ်ကို စံပြုနိုင် ရပါမယ်။ ဟိုလူ့တမျိုး ဒီလူကျတော့တဖုံ၊ အပြင်ဘန်းက တမျိုး အတွင်းစိတ်က တဘာသာ မဖြစ်ရ၊ မဖြစ်အောင် စိတ်ဓာတ်ကို မွေးယူပေးရပါမယ်။ ဒါတွေမပြောဘဲနဲ့ အောင်မြင်ကြီးပွားဖို့ဆိုတာ ဖြစ်နိုင်ခြေ သုညပါ။ ဘာတွေမှားနေသလဲ၊ ဘာတွေပြင်ဖို့လိုအပ်သလဲဆိုတာ မျက်မှန်စိမ်း မတပ်ဘဲ သိဖို့၊ ထောက်ပြဖို့က အရေးကြီးပါတယ်။ နို့မဟုတ်ရင်တော့ သဲထဲရေသွန် ဆိုသလို ရေးတာပဲ လက်ညောင်း၊ ပြောတာပဲလေကုန်၊ ဖတ်သူပဲခေါင်းနှောက် မျက်စိမှုန်ရုံ ရှိပါလိမ့်မယ် ခင်ဗျား။

ယူအန် အတွင်းရေးမှူးချု့ပ် ဘန်ကီးမွန်း နာဂစ်မုန်တိုင်း ဒုက္ခသည်များကို တွေ့ဆုံစဉ်

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး