A unique teacher, အတုမရှိ ဗုဒ္ဓမြတ်စွာ (၂)

kyawmonkhantNovember 21, 20101min580


သကျမင်းသားငယ်တစ်ယောက်ထက် ဘဝကို ယဇ်မူးပျော်ရွှင်ဘွယ် ကောင်းသူ ဘယ်သူရှိသေးလဲ? စိတ်ကူးယဉ်တိုင်းရနိုင်တဲ့ စည်စိမ်းချမ်းသာ တွေနဲ့ခြံရံထားတဲ့သူ့ကို စိုးရိမ်တကြီးရှိလှတဲ့ သူ့ခမည်းတော်က ဒုက္ခတွေနဲ့ ရုပ်ဆိုးအကျည်းတန် ခပ်လှမ်းလှမ်းမြင်ကွင်းတွေကိုတောင် မမြင်ရအောင် ကာကွယ်ထားခဲ့ပါတယ်။သူ့ နေ့အချိန်တွေကို ညှိုးနေတဲ့ရော်ရွက်ဝါတွေ တမင်တကာ ခြွေလှစ်ဖယ်ရှားထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်သာမှာ ကုန်လွန်စေခဲ့ပါတယ်။ သံစဉ်ချိုတဲ့ငှက်တွေရဲ့ သီချင်းဆိုသံနဲ့ ရေပန်းတွေရဲ့ ရေကျသံတွေဟာ နာဝင်ပီယံဖြစ်စေပါတယ်။ သူနဲ့ သူအဖော်များကို နေ့ခင်းပို်င်း အပူရှိန်ပြင်းပြင်းက ကာကွယ်ပေးထားတဲ့ အေးမြတဲ့ ဥယျာဉ်စိမ်းစိမ်းထဲမှာ စပါယ်ပန်းရနံ့ ပန်ခြုံပန်းရုံများရဲ့ ရနံ့ထုံထားတဲ့ လေနုအေးလေးက နေရာယူထားပါတယ်။ ညအချိန်မှာဆိုရင် ဒေါင်းအမွေးအတောင်များနဲ့ လုပ်ထားတဲ့ ကြီးမားလှတဲ့ ယပ်တောင်ကြီးကို ညင်သာဖြေးညှင်းစွာ လှုပ်ခပ်ပေးလို့ လေနုလေးများ ဆော့ကစားရာ ကြီးကျယ်ခမ်းနားလှတဲ့ ခမ်းမကြီးထဲမှာ နံ့သာမီးအိမ်များရဲ့ နူးနူးညံ့ညံ့ ခပ်မှိန်မှန် အရောင်အောက်မှာ ကွေ့ကွေ့ကောက်ကောက် ကကြိုးကဟန် တွေကို လှုပ်ရမ်းနေတဲ့ ကခြေသည် မိန်းမငယ်တွေကို ငို်က်မြည်းမှုကို ဖြစ်စေတဲ့ တေးသွားက ညင်သာစွာ လှုပ်သိပ်သည့်တိုင် ကြည့်ရှုခံစားရင်း ငယ်ရွယ်သူတို့ရဲ့ ငြိမ်းချမ်းတဲ့ အိပ်ပျော်မှုထဲမှာ စီးဝင်သွားပါလေတော့တယ်။
ကခြေသည်တွေဟာ ကော်ဇောခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့မောပန်းနွမ်းနယ်နေတဲ့ ကိုယ်အင်္ဂါအစိတ် အပိုင်းတွေကို အနားပေးနေကြပါတယ်။ စောင်းသမရဲ့ လက်ချောင်းတွေကလဲ စောင်းကြိုးကနေ သွေဖီနေကြပြီ၊ အားလုံးဟာ မှိတ်တုတ် မှိတ်တုတ်လင်းနေတဲ့ မီးအိမ်လေး ငြိမ်းသွားသလို ငြိမ်သက်သွားကြပါတယ်။
ပေါ့ပါ့ပါးပါးနဲ့ နေ့စဉ်ပူပင်ကြောင့်ကြမဲ့တဲ့ ဘဝဟာ နေ့စဉ် တပုံစံ တည်းပါဘဲ။ ဒါဆိုရင် မင်းသားငယ်ဟာ ဘာကြောင့် မပျော်ရွှင်ရတာလဲ? ရှေ့ဘဝတစ်ခုကရခဲ့ဘူးတဲ့ အသိထူးတစ်ခုကြောင့် ဒီဘဝကြီးမှာ မပျော်ပိုက် တာလား? နန်းတော်အုတ်တံတိုင်း အပြင်ဘက်ကလောကကြီးဟာ ပျော်စရာမရှိ၊ လှပမှုမရှိ၊ သိမ်မွေ့မှုမရှိဘူးလို့ သူ သံသယဖြစ်ခဲ့ပြီလား? ဒါမှ မဟုတ် ဒီထက် ကြီးကျယ်မြင့်မြတ်တဲ့ အရာတစ်ခုအတွက် ကိုယ်တိုင်ရွေး ခြယ် တာဝန်ပေးအပ်ထားပြီးသားဆိုတာကို မသိစိတ်မှာ ခိုအောင်း နေခဲ့ပြီလား?
ကျွန်ုပ်တို့ မသိပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ သူ့အမြင်အာရုံမှာ နိမိတ်ကြီးလေးပါးနဲ့ တွေ့တဲ့ နေ့တစ်နေ့ကို ရောက်လာခဲ့ပါတယ်။ သူ့ဘဝ တစ်ခုလုံးလဲ ပြောင်းလဲသွားခဲ့ပါတယ်။ ပထမဆုံးအကြိမ်မှာ သူအို သူနာ သူသေတို့ကို တွေ့ပါတယ်။ အဲဒီနောက်မှာ ဘဝရဲ့ စစ်မှန်တဲ့သဘာဝတရားရဲ့ ဒီထုတ်ဖော်ချက်က အတိုင်းအတာကို ကျော်လွန်တဲ့ ဝမ်းနဲပူဆွေးမှုကိုဖြစ် စေခဲ့ပါတယ်။ ၎င်းတို့ရဲ့ ကမ္ဘာနာအတွက် ကုစားရာကိုတွေးတောဆင်ခြင်ရင်း သူ့ရဲ့ ဒုက္ခရောက်မျက်လုံးဟာ လေးခုမြောက် နိမိတ်ကြီးတစ်ခုနဲ့ တွေ့ကြုံခဲ့ရ ပါတော့တယ်။ အဲဒီဟာရဲ့ အဓိပ္ပါယ်ကို သူနားမလည်ခဲ့ပါဘူး။ ဖားထေးချုပ်စပ် ထားတဲ့ အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းတုံးနဲ့ လက်ထဲမှာလဲ ခွက်(သပိ်တ်)တလုံးကို ကိုင်ဆောင်ထားတဲ့သူဟာ အရင်က ဘယ်တုန်းကမှ မမြင်ခဲ့ဘူးတဲ့ အရာတစ်ခုဖြစ်လို့နေပါတယ်။ အဲဒီအဓိပ္ပါယ်ကို သူသိလာတဲ့အခါ သူ့ကြမ္မာနဲ့ပတ်သက်လို့နားလည်မှုဟာ သူ့အတွက် ပြဿနာပြေလည်မှုဆီသို့ အရုဏ်သန်းလာခဲ့ပါတော့တယ်။ လွတ်မြောက်မှု ရှာဖွေသူအတွက် မဖြစ်မနေလျှောက်လှမ်းရမည့် ခက်ခဲကြမ်းတမ်းတဲ့ လမ်း တစ်လမ်းပါ။ ခမည်းတော်ဖန်တည်းထားတဲ့ပျော်ရွှင်လှပ အထိမခံရွှေပုဂံ ကမ္ဘာလေးဟာ ရုတ်တရက် ပြိုကွဲခဲ့ပါလေပြီ။ လောကဟာ သူ့ကို နောက်ထပ် ဆုပ်ကိုင်ထားနိုင်စွမ်းမရှိတော့။
ထိုညမှာ သူ့အိပ်စက်ခြင်းဟာ မသက်မသာရှိလှ၏။ မရဏခြောက်အိပ် မက်ရဲ့ ခြောက်လှန့်မှုနဲ့ သူနိုးထပြီး ပတ်ဝန်းကျင်ကို ကြည့်မိ၏။ ကခြေသည် မိန်းကလေးများက တုန်းလုံးပက်လက်၊ သူတို့ရဲ့ လက်ခြေတွေက ညှိုးရော်နေ တဲ့ ပန်းကုံးပွင်ဖတ်တွေကြားမှာကိုးရိုးကားယား၊ မလုံမလဲ အဝတ်တွေက ဖရိုမရဲ၊ စိုထိုင်းထိုင်းဆံစတွေက ပါးပြင်တွေပေါ်မျာ တွဲလောင်းကျနေသည်။ တချို့က အိပ်ပျော်ရင်း ပိုးမွှာများ အကိုက်ခံရသလို ဆပ်ခနဲဆပ်ခနဲ လှုပ်လျှက်၊ တချို့ကတော့ ဟောက်လျှက်၊ တချို့ကြတော့ နှုတ်ခမ်းနီနီကြားမှ သွားရည် တမြားမြားကျနေပြီး ပါစပ်ဟောင်းလောင်းပွင့်လျှက် အိပ်ပျော်နေ ကြသည်။ သူ့အတွက်တော့ သူတို့ကို အရှိအတိုင်း ပထမဆုံးအကြိမ်တွေ့နေ ရတာဖြစ်သည်။ အလောင်းကောင်တွေ သူ့ကို ဝိုင်းထားသလိုခံစားရသည်။ မီးအိမ်များရဲ့ ငြိမ်းလုလုအလင်းရောင်အောက်မှာ သူတို့ဟာ သက်မဲ့ စက်ဆုတ်ဖွယ်ရာ လဲလျောင်းနေကြသည်။ လောကကြီးရဲ့ ဝမ်းနည်းမှုအားလုံ ဟာ မင်းသားလေးရဲ့ နှလုံးသားကို လွှမ်းခြုံလို့သွားပါတော့တယ်။
သို့သော်လည်း သူ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အခုအချိန်ထိ မလွယ်ကူသေးပါ။ သူဇနီးငယ်ငယ်ချောချောလေးက သားတစ် ယောက်မွေးဖွားပေးခဲ့ပြီလေ။ ကလေးငယ်ကို ဘယ်လိုနာမည်ပေးမလဲ မေးတော့ ရာဟုလာ “ နှောင်ကြိုး´´ လို့ သူပြန်ပြောခဲ့ပါတယ်။ ဘယ်လိုခါးသီး တဲ့ မချိတင်ကဲ ဝေဒနာနဲ့ သူဒီလိုစကားလုံးမျိုးကို မြွက်ဟဖြစ်ခဲ့ပါလိမ့်။ ဒါဟာ သူ့ဘဝကိုဖျက်ဆီးမည့် အချစ်နှောင်ကြိုးနောက်တစ်ခု ပါဘဲလေ။
လူသား နတ်ဒေဝတာ ဘယ်နှောင်ကြိုးကမှ သူ့ကို မချီနှောင်နိုင်ခဲ့ပါ။ အဲဒီညမှာဘဲ အားလုံးတိတ်ဆိတ်ငြိမ်သက်နေဆဲအချိန်မှာ သလွန်မှ သူထ လိုက်တယ်။ ကခြေသည် မိန်းကလေးများရဲ့ ဖရိုဖရဲဖြစ်နေတဲ့လက်ခြေတွေ ကြားထဲက ခမ်းမအပြင်ဘက်ကို ဦးတည်နေတဲ့ လမ်းကို တိတ်ဆိတ်စွာရွေး ချယ်ခဲ့တယ်။ အခုအချိန်မှာ သူတို့ဟာ သူ့အတွက်တော့ စက်ဆုတ်စရာတွေ ပါဘဲ။ သူ့အာရုံတွေ နိုးကြွလာဘို့ အလှတစ်ခုတည်းက ဘယ်တော့မှ စွမ်းအား မပေးနိုင်တော့ဆိုသည်ကို သဘောပေါက်နားလည်လာခဲ့သည်။ နူးညံ့သိမ်မွေ့တဲ့ အသားအရေတွေအစား မရဏမင်းရဲ့ အရိုးဖြူဖြူတွေကို သူတွေ့မြင်လာခဲ့သည်။ ပျက်စီးမှု အနံ့အသက်တွေက သူ့နှာခေါင်းပေါက်မှာ ရောက်ရှိနေကြပြီ။
ရင်ခွင်ထဲမှာ ကလေးငယ်ကို ဖက်ထားပြီး ယသောဓရာဟာသူမအခန်း ထဲမှာ အိပ်ပျော်လို့နေတယ်။ တိတ်ဆိတ်စွာ သူတို့ကို သူကြည့်လိုက်တယ်။ တော်တော်ကြာတော့ ခန်းစည်းဇာကို ပြန်ပိတ်လိုက်ပြီး လှည့်ထွက်လာ ခဲ့တယ်။
ည သန်းခေါင်အချိန်မှာ လျှို့ဝှက်စွာ နန်းတော်ကခွါခဲ့တယ်။ အခြားလူသားတွေ သိပ်ကို ဆန္ဓရှိတောင့်တနေတဲ့ အရာများမှ ရှောင်ခွါ ထွက်ပြေးသူတစ်ယောက် မြင်းစီးလို့ ထွက်ခွါလာခဲ့တယ်။ အဲဒီနောက်မှာတော့ ရှည်လျှားခက်ခဲကြမ်းတမ်းတဲ့ ရှာဖွေရေးနှစ်များ စတင်ခဲ့ပါတယ်။ ရည်မှန်းချက်တွေ မြှုပ်နှံထားတဲ့ ဆန္ဓအလျောက် တိုင်းပြည်က ထွက်ခွါခဲ့တဲ့နှစ်တွေပါဘဲ။