စိတ်ညစ်တဲ့အခါ ဖြေဖျောက်နည်း

manawphyulayNovember 21, 20101min560

ခုတစ်လော စိတ်ညစ်နေတာကို ပျော်အောင် ဖျောက်ရင်း ကျောင်းတုန်းက သူငယ်ချင်းတွေကို သတိရနေမိတယ်။ နင်တို့ကရော ငါကို သတိမှရသေးရဲ့လား။ ကျောင်းတက်ခဲ့စဉ် လေးနှစ်အတွင်း ငါလေ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ခံစားခဲ့ရတယ်သိလား။ ငါ့မှာ ငါ့အပေါ်အရမ်းကောင်းတဲ့ သူငယ်ချင်းတွေလို မောင်နှမတွေလို ဆက်ဆံတဲ့သူတွေနဲ့ တွေ့ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါလေ နောင်တစ်ချိန်မှာ ဒီလိုဘဝကို ပြန်မရတော့ဘူးဆိုတာ သဘောပေါက်မိခဲ့ပါတယ်ဟာ။ ခုတော့ ကျောင်းကြီးကိုလည်း လွမ်းတယ်။ နင်တို့ကိုလည်း သတိရတယ်။ ငါ့အပေါ်မှာ ကျောင်းပြီးတဲ့အထိ ကလေးတစ်ယောက်လို နင်တို့ မြင်နေတုန်းနော်။ ဟော ဟိုတစ်လောက ထပ်တွေ့ကြတော့ နင်တို့က ငါ့ကို ပြောတယ်။ နင် ခုထိ လူကြီးမဖြစ်သေးပါလားတဲ့။ ဟွန်း ငါ တော်တော် စိတ်တိုသွားတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ တွေ့တဲ့လူတိုင်းက ငါ့ကို လူကြီးလိုမှ မသတ်မှတ်ကြတာ။ ကျောင်းတုန်းကဆို နင်တို့အပေါ် ငါ တော်တော်ဆိုးခဲ့တယ်နော်။ ဒါပေမယ့် နင်တို့တွေ အပြုံးမပျက်ခဲ့ဘူး။ ပရယ်တီကယ်လုပ်ရင်လည်း ငါ့ကို စာမေးရင် နင်တို့ ဝိုင်းဖြေပေးကြတယ်နော်။ ဘယ်သွားသွား နင်တို့ ငါကို မျက်စိအောက်က အပျောက်မခံကြဘူး။ ခုတော့ ငါ တစ်ယောက်ထဲ လျှောက်သွားနေပြီ သူငယ်ချင်းတို့ရေ…. အဲဒီအချိန်တုန်းက ငါ အရမ်းပျော်တယ်။ ကျောင်းကြီး ပိတ်မှာ ကြောက်ခဲ့တဲ့ငါ ခုတော့ ကျောင်းနဲ့ဝေးခဲ့တာ ၉ နှစ် ပြည့်တော့မယ်နော်။ နင်တို့လည်း တစ်နေရာရာမှာ ပျော်နေကြမှာပေါ့။  ငါလေ စိတ်ညစ်တဲ့အခါတိုင်း နင်တို့နဲ့ ကျောင်းတက်ရတာကော လျှောက်လည်ရတာကော ပြန်စဉ်းစားပြီး ပျော်မိတယ်။ အဲဒီအခါကျရင်လေ အရမ်းစိတ်ချမ်းသာတယ်။ ငါ မှတ်မိသေးတယ်သိလား။ ဒုတိယနှစ်ကလေ ဖြိုးကြီး နင်တို့အားလုံးကို နောက်တာ ပြန်စဉ်းစားမိသေးတယ်။ အာစီတူးထဲက ပရယ်တီကယ်ပြီးတော့ ပြန်တော့လေ ကားပေါ်အကုန်တက်ကြတော့ ဖြိုးကြီးလေ ကားစက်နှိုးလို့မရဘူးလို့ ပြောတော့ ငါတို့အားလုံး ကားပေါ်က ဆင်းပြီး တွန်းမယ်လုပ်တော့ ဖြိုးကြီးက ကားမောင်းတဲ့နေရာကနေ ငါ့ကို လှမ်းဆူတယ်လေ။ ကလေးက ကလေးလိုနေတဲ့ ကားပေါ်မှာထိုင်နေလို့ ဖြိုးကြီးက ပိတ်ဟောက်တော့ ငါလည်း တွန်းမယ်လေလို့ ပြောမိတယ်။ အဲဒီမှာ နင်တို့အားလုံးကပါ ဝိုင်းပြီး ကလေးက နေရာတစ်ကာမပါရဘူးတဲ့ ထပ်ပြောပြီး ဝိုင်းဆူလို့ ငါလေ ကားနောက်ခန်းမှာ ခပ်ကုပ်ကုပ်နဲ့ထိုင်နေရတယ်။ ကားကလည်း နင်တို့အကုန်ဝိုင်းတွန်းတာ မနှိုးဘူး။ ငါလည်း အရမ်းအားနာလာတယ်။ ဖြိုးကြီး ငါလည်း တွန်းမယ်လေလို့ ပြောတော့ ငါ့ကို ကားခေါင်းကနေ အသာနေလို့ ပြောပြီး ဘီးလှိမ့်နေတာ အာစီတူးရှေ့က ကားမှတ်တိုင်ကို ရောက်လာပြီ…. အဲဒီအချိန်မှာ မှတ်တိုင်မှာလည်း ကျောင်းသူကျောင်းသားတွေ အပြည့်ပဲ ကားစီးဖို့စောင့်နေကြတာ တွေ့ရတယ်။ သူငယ်ချင်းတွေလည်း မမောနိုင် မပန်းနိုင် တွန်းနေကြတုန်း ဖြိုးကြီးက ငါ့ကိုလှည့်ပြီး လှမ်းပြောတယ်….. ကိုင်ထားလို့ ငါ့ကို လှမ်းပြောပြီး ဗြုန်းဆို ကားက ဝူးခနဲစောင့်ထွက်လိုက်တော့ နင်တို့အားလုံးလေ ကားမှတ်တိုင်မှာ ကို့ယို့ကားယားတွေ မှောက်ရက်လှဲကုန်ကြတာကို တွေ့တော့ ငါလေ ဖြိုးကြီးရဲ့ လက်ချက်မှန်း သိလိုက်ရတယ်။ ပြီးတော့ ပြောသေးတယ် ငါက တမင်မမောင်းတာတဲ့။ တော်တော်အကျင့်ယုတ်တဲ့ကောင်လို့ ငါက ပြောတော့ အကုန်လုံးက ဘာမှမပြောရှာပါဘူး ဟောဟဲလိုက်နေကြတာလေ။ ငါမှာ သူများတွေ ရယ်တော့ လိုက်ရယ်မိသေးတယ်သိလား။ နင်တို့အားလုံးက ငါတို့ကိုစတာ အကြောင်းမဟုတ်ဘူး။ နင့်ကို အဲလို မစရင် ပြီးတာပဲတဲ့။ တကယ်ပါ ငါလေ သတိရမိတယ်။  မျိုးကြီးလည်း ဘာထူးသေးလဲ သင်္ဘောတက်သွားထဲက ရောက်တဲ့နိုင်ငံတိုင်း သူ့မိန်းမဆီ ဖုန်းမဆက်ပဲ ငါ့ကို လှမ်းပြီး နေကောင်းရဲ့လား။ နေရတာ အဆင်ပြေလား အမြဲ လှမ်းလှမ်းမေးတာ ခုချိန်ထိပါပဲလေ။ မမကြီးကိုရောပေါ့။ မမနီလာဟာ ငါ့အပေါ်ဆို ခုထိ အမေနေရာမှာရော အမနေရာမှာရော နေပေးခဲ့တာလေ။  ပြောရင်းနဲ့ သတိရလာပြီဟာ နောက်မှ ထပ်ပြီး ပျော်စရာလေးတွေ တွေးတော့မယ် ခုတော့ စိတ်ညစ် နည်းနည်းပြေနေပါပြီ သူငယ်ချင်းတို့ရယ်… (ကျောင်းတုန်းက လေးနှစ်လုံးလုံး မောင်နှမ။ သူငယ်ချင်းတွေအဖြစ် လက်တွဲလာခဲ့တဲ့ သူငယ်ချင်း အယောက် ၂ဝ ကို လွမ်းဆွတ်သတိရခြင်း)