သူငယ်ချင်း မိတ်ဆွေ

manawphyulayNovember 23, 20101min922

သူငယ်ချင်း၊၊ ၊၊

“သူငယ်ချင်း”ဆိုတဲ့ မြန်မာဝေါဟာရကို ပါဠိစာပေမှာ‘သဟာယက’လို့ခေါ်ပြီး၊ အင်္ဂလိပ်မှာတော့ Friend, သီရိလင်္ကာလို ‘ယာလုဝ’လို့ခေါ်ပါတယ်၊၊ လူတိုင်းအတွက် အပေါင်းသင်း သူငယ်ချင်းဆိုတာ အရမ်းအရေးကြီးသလို ရှိဖို့လည်း လိုအပ်ပါတယ်၊၊
အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေမရှိတာဟာ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ဝင်ဆံမှု နည်းတာကို ပြရာလည်းရောက်ပါတယ်၊၊ လူတစ်ယောက်မှာ မိသားစုအသိုင်းအဝိုင်းကောင်းရှိဖို့ လိုအပ်သလို သူငယ်ချင်း မိတ်ဆွေကောင်းရှိခြင်းသည်လည်း တိုးတက်ဖို့ လမ်းကောင်း ဖြစ်ပါတယ်၊၊

နေ့စဉ်ဘဝ နေထိုင် လှုပ်ရှားမှုတွေမှာလည်း သူငယ်ချင်း မိတ်ဆွေကောင်းရှိသူတွေဟာ တကိုယ်တည်း သမားတွေထက် ပိုအောင်မြင်တတ်ပါတယ်၊၊ ဘဝပျော်ရွှင်မှု အပိုင်းကဏ္ဍတွေမှာဆိုရင် သူငယ်ချင်း မိတ်ဆွေ ကောင်းရှိသူများမှာ သူတကာထက် ပိုပျော်ရွှင်ရတတ်ပါသေးတယ်၊၊ တစ်ကိုယ်တည်းသမား တွေ အတွက်တော့ အဆိုးအကောင်းခံစားချက်ကို မျှဝေစရာလည်း မရှိ၊ တိုင်ပင်စရာလည်း မရှိနဲ့ အ တော်ကို ခြောက်သွေ့တဲ့ဘဝမျိုးပါ၊၊

အောင်မြင်တဲ့ ဘဝ၊ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လိုသူဟာ သူငယ်ချင်းကောင်း ရှိကို ရှိရပါမယ်၊၊ စီးပွားရေးလောကမှာတော့ Social ကောင်းသူဟာ အရင်းနှီးငွေကြေးမလိုဘဲကို အောင်မြင် တတ်တာကို တွေ့ရပါတယ်၊၊ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဟာ ဘဝအတွက်တင် လိုအပ်တာ မဟုက်ပါဘူး၊ သံသရာအတွက်လည်း အရေးပါ ပါတယ်၊၊

ပါဠိစာပေမှာ “သူငယ်ချင်းကောင်း မိတ်ဆွေကောင်း အမှီရသူဟာ ဘဝလိုအပ်ချက် အားလုံးကို ပြီးစေတယ်”လို့ ဆိုထားပါတယ်၊၊ တခါက အရှင်အာနန္ဒာက မြတ်စွာဘုရားကို လျောက်ပါတယ်– “မြတ်စွာဘုရား သူငယ်ချင်းကောင်း မိတ်ဆွေကောင်းကို ပေါင်းသင်းခွင့်ရသူဟာ ဘဝရဲ့အကျိုး တဝက်ကို ပြီးစေပါတယ်”လို့လျောက်တင်ပါတယ်၊၊
မြတ်စွာဘုရားက အရှင်အာနန္ဒာရဲ့လျောက်တင်ချက်ကို မမှန်သေးဘူးလို့ ပယ်ချပါတယ်၊ “အာနန္ဒာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းကို ပေါင်းသင်းခွင့် ရသူဟာ ဘဝရဲ့ အကျိုးတဝက်ကို ပြီးစေတာ မဟုက်ဘူး၊ ဘဝရဲ့ အကျိုးအားလုံးကို ပြီးစေတယ်”လို့ ပြောပြပါတယ်၊၊

အရှင့်ရဲ့ဘဝမှာတော့ သူငယ်ချင်းကောင်းကို ပေါင်းသင်းရတဲ့အတွက် ‘ရွှံဖွက်’သာသာ ဘဝကနေ နိုင်ငံခြားမှာ ပညာသင်နိုင်တဲ့အထိ မြင့်တက်လာတာကို ကိုယ်တွေ့ခံစား နေရပါတယ်၊၊ သူငယ်ချင်း မိတ်ဆွေဟာ အကောင်းအတွက်တင် မဟုတ်ပါဘူး၊ အဆိုးဘက်မှာလည်း နည်းတူ ကြည့်တတ်ရမှာ ဖြစ်ပါတယ်၊၊ ပါဠိစာပေမှာတော့ ဒါနဲ့ပတ်သက်ပြီး “အပေါင်းအသင်းမှာ အလွန်ပျော်မွေ့သူသည် ပျက်စီးဖို့လွယ်သူ ဖြစ်သည်”လို့ ဆိုထားပြန်ပါတယ်၊၊

သတိထားစရာပါ၊ တခါတရံ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇ မိသားစုနောက်ခံသမိုင်း အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ မကောင်းတဲ့ သူငယ်ချင်းကို ပေါင်းမိရာက ဘဝပျက်သွားသူတွေလည်း အများကြီးပါ၊၊ ရှေ့မှာတင်ပြခဲ့တဲ့ အဆိုတွေကို ပြောင်းပြန်စဉ်းစားကြည့်ရင်—“သူငယ်ချင်း အပေါင်းမှားသူဟာ ဘဝတိုးတက်မှု အကျိုးအားလုံးကို ဆုတ်ယုတ်ပျက်ပြားစေတတ်တယ်”ဆိုတဲ့ အတွေးအခေါ် တစ်ခုကိုရရှိနိုင်ပါတယ်၊၊

ပုဂံရာဇဝင်မှာတော့ အပေါင်းအသင်းမှားလို့ ပျက်စီးရသူအဖြစ် “မဏိစန္ဒာရဲ့ဘဝရှင် စောလူးမင်း”ကို သမိုင်းစာမျက်နှာမှာ လေ့လာနိုင်ပါတယ်၊၊ မိသားစုကိုယ်စီရှိကြတဲ့ ကိုယ့်တိုင်း ကိုယ့်ပြည်မှာနေစဉ်က သူငယ်ချင်း အစစ်၊ အတုဆိုတာကို စာထဲမှာလောက်ပဲ သတိထားမိတာပါ၊ ရေခြားမြေခြား နိုင်ငံခြား လိုနေရာမျိုးကို ရောက်လာတော့မှ သူငယ်ချင်း အစစ်နဲ့ အတုဆိုတာကို ပိုပြီးသိလာရပါတယ်၊၊ နိုင်ငံ ခြားမှာ ရောက်နေသူတွေအတွက် သူငယ်ချင်း အရေးပါမှုက ပိုပြီးသိသာပါတယ်၊၊

ကိုယ့်အရင်ရောက်နေတဲ့ Senior သူငယ်ချင်း မိတ်ဆွေကောင်းကောင်းရဲ့ လမ်းညွှန်မှု၊ ကူညီမှုကို ရသူတွေဟာ အကုန်ကျသက်သာပြီး၊ လိုချင်တဲ့ စီးပွားရေး ပညာရေးနှင့် ဗဟုသုတပိုရပါတယ်၊၊ သူငယ်ချင်းအတု အယောင်ကို အားကိုးမိရင်တော့ ပါသမျှကုန်ပြီး လိုချင်တဲ့ စီးပွားရေး ပညာရေးကို မရရုံမျှမက ဘဝပါပျက်ပြီး၊ အိမ်ပြန်တပ်ခေါက်ရတဲ့ သူတွေလည်း များလှပါတယ်၊၊

ဒါကြောင့် မိမိဘဝအတွက် ဤမျှအရေးပါတဲ့ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းကို ရွေးချယ်ပေါင်း သင်းတတ်ဖို့ လိုအပ်ပါတယ်၊၊ တကယ်ကျ—လူတစ်ယောက်ကို အချိန်အတိုင်းအတာ တခုအထိ ပေါင်း သင်းဆက်ဆံကြည့်လိုက်ရင် ရေရှည်မှာ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လာနိုင် မလာနိုင် သိ သာပါတယ်၊၊
တချို့နေရာနဲ့ အခြေအနေတွေမှာဆိုရင် ကိုယ်နဲ့စိတ်တူ အတွေးခေါ်တူ ညာဏ်ရည် ညာဏ်သွေးတူတဲ့ ယုံကြည်ရလောက်တဲ့ သူငယ်ချင်းကောင်းမျိုးကို ရှာမရဖြစ်နေတတ်ပါတယ်၊ အဲလိုအခါမျိုးမှာတော့ တစ်ယောက်တည်းနေတာ အကောင်းဆုံးပါပဲ၊၊ မြတ်စွာဘုရားက သူငယ်ချင်း ပေါင်းသင်းမှုနဲ့ ပတ်သက်ပြီး ဒီလိုသင်ပြထားပါတယ်၊ “အကယ်၍ ယုံကြည် စိတ်ချရမှု၊ ကိုယ်ကျင့်တရား ကောင်းမှု၊ လေးနက်တည်ကြည်မှုရှိတဲ့ သူငယ်ချင်းမျိုးကို ရှာတွေ့ခဲ့မယ်ဆိုရင် စိတ်ရော ကိုယ်ပါနှစ်ပြီး ပေါင်းသင်း သင့်တယ်၊ အခက်ခဲအားလုံးက ကျော်နိုင်ပြီး၊ ဘဝတိုးတက်လာပါလိမ့်မယ်”တဲ့၊၊

“အကယ်၍ ယုံကြည်စိတ်ချလို့လည်းမရ၊ ကိုယ်ကျင့်တရားလည်း မကောင်း၊ ပေါ့ရှပ်ရှပ်လည်းနိုင်တဲ့ သူတွေကိုချည်း တွေ့နေမယ်ဆိုရင်တော့ တစ်ယောက်တည်းနေတာ အကောင်းဆုံးပါ”တဲ့၊၊ ဘုရားစကားမို့ မှန်တယ်ဆိုတာထက် အတွေ့အကြုံအရကိုမှန်တဲ့ သင်ပြချက်ဖြစ်တယ်ဆိုတာကို စာဖတ်သူ ခံစားမိမယ် ထင်ပါတယ်၊၊

ငါးပိစိမ်းထုပ်ထားတဲ့ အဝတ်နဲ့ စံပယ်ပန်းထုပ်ကြည့်ပါ၊ စံပယ်ရဲ့ သင်းပြန့်တဲ့ အမွေးနံ့ လုံးဝပျောက်သွားတာကို တွေ့ရပါလိမ့်မယ်၊၊ ဘဝမှာလည်း ဒီလိုပါပဲ၊ ပင်ကိုယ်ဗီဇမည်မျှ ဖြူစင်စေကာမူ ဟိတ်ဟန်ကောင်းပြီး ယုံကြည်လောက်တဲ့ သူမျိုးကို ပေါင်းသင်းမိသူတွေဟာ တိုးတက်မှုရ မလာတတ်ပါဘူး၊၊ ဘဝအတွက်ရော သံသရာအတွက်ပါ အရေးပါတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းကို ရွေးချယ်စီစစ်ပြီး ပေါင်းသင်းစေလို့တဲ့ စေတနာနဲ့ ဒီစာတမ်းကို ရေးဖြစ်တာပါ၊၊

အရှင့်ရဲ့ သူငယ်ချင်း ဒေါက်တာဦးဇင်းတပါး ပြောဘူးတဲ့ စကားလေးကိုလည်း ဝေငှချင်ပါသေးတယ်၊ သူက ဒီလိုပြောပြပါတယ်– “ လူတစ်ယောက်ကို ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ပေါင်းသင်းဆက် ဆံလို့ ရသလောက်သာ ပေါင်းသင်းသင့်ပြီး၊ မရတော့တဲ့အခါ လုံးဝကင်းအောင် နေလိုက်တာ အကောင်းဆုံးပါ”တဲ့၊၊ ဆိုလိုတာက လူနှစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ကြာလာရင် အတွေးခေါ်တွေ၊ အယူအဆတွေ ကွဲလွဲလာတတ်ပါတယ်၊ အဲဒီအခါမှာဆိုရင် အယူအဆ၊ အတွေးခေါ် မတူတော့တဲ့အတွက် ပေါင်းသင်း ဆက်ဆံနေရတာ အဆင်အပြေတော့ပါဘူး၊ ဒီလိုအခြေနေမျိုးမှာ ကျိတ်မှိတ်သည်းခံပြီး ပေါင်းသင်းနေရတာထက် လုံးဝကင်းသွားအောင် နေလိုက်ကြတာက ပိုကောင်းပါသတဲ့၊၊

2 comments

  • unclegyi1974

    November 23, 2010 at 1:06 pm

    မဖြူက သူငယ်ချင်း နဲ့ မိတ်ဆွေကိုတွဲရေးလိုက်တာကိုး
    ကျွန်တော်တို့သိတာ သူငယ်ချင်းဆိုတာ ငယ်သူငယ်ချင်း
    ငယ်ငယ်ကတည်းကကျောင်းနေဖက်ကိုသူငယ်ချင်း
    ကြီးမှသိကျွမ်းပြီးခင်မင်သူကိုမိတ်ဆွေ
    ဒါကြောင့် သူငယ်ချင်းကောင်းမိတ်ဆွေကောင်းဆိုရင်
    ပိုမှန်မလားလို့

Leave a Reply