အမေဒေါ်အောင်ဆန်းစုကြည်ရဲ ့သေတမ်းစာ

Good IdeaNovember 24, 20101min1146


ကျနော့်မေးလ်ထဲကို ကဗျာတပုဒ်ရောက်လာပါတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ ဆိုတဲ့ ကဗျာလေးပါ။
ကဗျာက အရမ်းကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးထားသလား ထင်ရပါတယ်။ သူမရဲ့ သဘောထားတွေ စိတ်ထားတွေနဲ့ တထပ်တည်းပါ။ သို့သော် ရေးသူနာမည်က မသဒ္ဓါဖြစ်နေပါတယ်။

အဲတော့ ပြောချင်တာက ဒီကဗျာကို မိတ်ဆွေများ ဖတ်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်။ သို့သော ်ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က မသဒ္ဓါကို ရေးခိုင်းတာလား၊ မသဒ္မ္ဓါကိုယ်တိုင်ပဲ ခံစားပြီး ရေးဖွဲ့ထားတာလား ကျနော်လုံးဝ မသိပါ။ သိအောင် အခု စုံစမ်းနေပါတယ်။ သိရတဲ့အခါ နောက်ဆက်တွဲ ထပ်မံတင်ပြပေးပါမယ်။ အခုတော့ ဖတ်ရှုခံစားနှင့်ကြပါဦး။

အားလုံးကို လေးစားလျှက်…

Good Idea
*ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။*

*ကွေးသောလက်များ
ဆန် ့မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေဝ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။*

*တနေ ့တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*

*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို အာဇာနည်လို ့မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိူးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။*

*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ ့ မပူဆွေးကြပါနဲ ့
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ ့။
ကျွန်မ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။*

*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို ့လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*

*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြ ိုလ်ပေးပါ။*

*ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသငြ်္ဂိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို ့အတွက် မြေဩဇာကြွေးပေးပါ။*

*နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ် (သို ့) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာ အဝတ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။*

*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*

ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိူး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*

*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘဝမှာ မွေးရကျိူးနပ်ပါတယ်။
အမေ့ဘဝအတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။*

*ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*

*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*

*ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိူးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။*

*ပြည်တွင်းပြည်ပ..
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို ့ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။*

*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျွန်မ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို ့ပေးအပ်ခဲ့တယ်။*

*အနှစ် ၂ဝ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ဝန်ကြီးချုပ်
ကျွန်မ၏ တဝမ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။*

*ဖေဖေ့မျက်နှာနဲ ့
ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓဝင်မိချောင်းမျက်ရည်။*

*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိူလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။*

*ကျွန်မ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ ့။
မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ ့မှာ..ဒေါင်းမျိူးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို ့ မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။*
*မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)*

6 comments

  • bigcat

    November 24, 2010 at 6:06 am

    ဒီကဗျာက ဒေါ်စုရဲ့ကဗျာမဟုတ်ပါ။ သူ့ကို အကျယ်ချုပ်သက်တမ်းတိုးလိုက်စဉ်က ထွက်လာတာထင်ပါတယ်။ ဒေါ်စုကိုယ်တိုင်ရေးကဗျာဆိုတာကို ဖတ်ဖူးပါတယ်။ သူ့အမေကို တိုင်တည်ရေးတာပါ။ သေသေချာချာမမှတ်မိတော့ပါ။ အမေ့သမီးပဲဖြစ်ချင်တယ်ဆို့ စာသားပါပါတယ်။ ပိုလေးနက်တဲ့ အဓိပါယ်ပါလို့ ဒေါ်စုရေးတာ ဖြစ်နိုင်တယ်လို့ထင်ပါသည်။ သိသူများ ပို့စ်အနေနဲ့ တင်ကြစေလိုပါသည်။

  • kai

    November 24, 2010 at 6:14 am

    မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ (အောင်ဆန်းစုကြည်)

    သည်းစွာသောအနာကို ကုစားပါအံ့
    သမီး၏ လုံ့လဝီရီယဖြင့် နာလန်ထူပါစေအံ့…

    မွေးကျေးဇူးကို မသိတတ်သော
    ထိုသူတို့အား
    သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
    သမီးအားပေးပါလေ…

    တွေ့ရအံ့သော ဘေးရန်တို့ကို
    သမီးထီမည်မဟုတ်…

    တဘဝတွင် တခါသာသေရသည်ဖြစ်၍
    အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
    သမီး၌မထူးခြား…

    သမီး၏ စိတ်ကူးတို့သည်
    အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
    အသင်တို့သည်လည်း ပျော်မြူးကြရမည်…

    အခြားအခြားသော သူတို့၏
    ရှုတ်ချခြင်း
    ကဲ့ရဲ့ခြင်း
    မုန်းတီးရွံရှာခြင်း
    နာမည်ဖျက်ခြင်းတို့ကို
    သမီး အလျဉ်း ဂရုမပြု.

    မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
    ကျုးရင့်သံကိုသာ တောင့်တပါ၏…

    လောကတွင် မိခင်၏ကျေးဇူးကို
    အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

    အောင်ဆန်းစုကြည်

    ( ခေါင်းစဉ်က လွဲတယ်ထင်ပါတယ်..။ ဒေါက်တာလွဏ်းဘလော့မှာတော့ တယောက်ယောက်က ခေါင်းစဉ်အမှန်တင်ဘူးတယ်မှတ်တယ်..။ ပြန်ရှာဦးမယ်…)

  • kai

    November 24, 2010 at 6:22 am

    ဒေါ်အောင်ဆန်းစုကြည်ရဲ ့သေတမ်းစာကဗျာက ဒေါ်အောင်ဆန်းစုကြည်နဲ ့ဘာမှမဆိုင်ပါ..။ မသဒ္ဓါကိုယ်တိုင် သူ့ကိုယ်ပိုင်အယူအဆနဲ့ ခံစားပြီး ရေးဖွဲ့တာဖြစ်ပါတယ်..။
    အထင်အမြင်မှားစေတာမို ့.. မသဒ္ဓါလည်း အကြိမ်ကြိမ်ဖြေရှင်းနေရတယ်မှတ်ပါတယ်..။

  • thidar

    November 24, 2010 at 6:37 am

    ကဗျာနှစ်ပုဒ်စလုံးကောင်းပါ၏။ kai အားကျေးဇူးတင်ပါသည်။

  • paukpauk

    November 24, 2010 at 9:33 am

    အရမ်းကိုပြောင်မြောက်လှသော ကဗျာဖြစ်ပါသည်။

    သူငယ်ချင်းမနှစ်ဦးအားပေးဖတ်ရာတွင်…
    တစ်ဦးက မျက်ရည်ကျလို့ …
    တစ်ဦးမှာ တကယ်ငိုရပါသည်ဟုဝန်ခံခဲ့ပါသည်။

    ပြည်သူများလိုလားမျှော်လင့်နေသော နေ့တစ်နေ့
    သူမ သံသရာခရီးမထွက်ခွါမီ မြင်တွေ့သွားနိုင်ပါစေလို့သာ…။ ။

  • Cedric Diggory

    November 24, 2010 at 11:06 am

    ကဗျာအကြောင်းနားမလည်ပေမယ့် နှစ်ပုဒ်စလုံး တကယ်ကိုရင်နဲ့အမျှခံစားရပါတယ်။
    မျက်ရည်တောင်လည်မိပါတယ်။

    အမေစု သံသရာခရီးမှာ ဒုက္ခတွေအများကြီးခံခဲ့ရပေမယ့် ကောင်းသောလာခြင်းဖြစ်ခဲ့တယ်လို့ယူဆပါတယ်။

    ဆင်းရဲပင်ပန်းခံရကျိုးနပ်ပါစေ။

Leave a Reply