HIV/AIDS လူနာတွေ တောင်ဒဂုံ စောင့်ရှောက်ဂေဟာမှာ ဆက်လက် နေထိုင်သွားကြမည်

နွယ်ပင်November 25, 20101min371

NLD ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူငယ်အဖွဲ့ဝင်တွေ ဖွင့်လှစ်ထားတဲ့ တောင်ဒဂုံမြို့နယ် အတွင်းက HIV/AIDS စောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်နေကြတဲ့ လူနာတွေဟာ မနက်ဖြန် သူတို့နေထိုင်ခွင့် ဧည့်စာရင်း သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ ဒီနေရာမှာပဲ သူတို့ ဆက်ပြီး နေထိုင်သွားကြဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလူနာတွေကို ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ ဂေဟာဟာ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ စစ်အစိုးရ သတင်းစာတွေမှာ ရေးသား ဖော်ပြနေတာဟာလည်း မှန်ကန်မှု မရှိတဲ့အကြောင်း ဒီလူနာတွေကို ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်အဖွဲ့ဝင်တွေ ဦးဆောင်ဖွင့်လှစ်ထားတဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS စောင့်ရှောက်ရေး ဂေဟာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်ပြီး နောက်တနေ့မှာ ဒီလူနာတွေ ဧည့်စာရင်းသက်တမ်း ကုန်ဆုံးမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ပိုင်း သက်တမ်း ထပ်တိုးမပေးတော့ဘူးလို့ အာဏာပိုင်တွေက ပြောကြားခဲ့တာပါ။

အာဏာပိုင်တွေဘက်က သူတို့ဖွင့်ထားတဲ့ ဆေးခန်းတွေကို ဒီလူနာတွေ ရွှေ့ပြောင်းဖို့ စီစဉ်ပေမဲ့ လူနာတွေကတော့ အခုလက်ရှိ နေရာကနေ ဘယ်မှ မပြောင်းလိုကြဘူးလို့ ပြောပါတယ်။ ဒါကြောင့်လည်း အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဧည့်စာရင်းသက်တမ်း ကုန်ဆုံးတဲ့ နောက်ပိုင်းမှာလည်း လူနာတွေရဲ့ သဘောဆန္ဒနဲ့အညီ ဒီဂေဟာကို ဆက်လက် ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း လူနာတွေကို ဦးဆောင် ကြည့်ရှုပေးနေတဲ့ မဖြူဖြူသင်းက ပြောပါတယ်။

“အရင်အတိုင်းပါပဲ၊ ကျမတို့ အနေနဲ့က အရင်တုန်းကလည်း ဒီလို ပြဿနာမျိုးတွေ ခဏခဏ ကြုံခဲ့တဲ့ အခါကျတော့ အခုလက်ရှိ အခြေအနေကလည်း ဒီအတိုင်းပဲ ကျမတို့ ရပ်တည်နေမယ်။ လူနာတွေရဲ့ ဆန္ဒအတိုင်းပဲ၊ ဒီမှာ ရောဂါ လာရောက်ကုသ ခံယူနေတဲ့ ဝေဒနာသည်တွေရဲ့ ဆန္ဒအတိုင်းပဲ ကျမတို့ ရပ်တည်သွားမယ်။ အကုန်လုံးကတော့ ဒီသဘောထား တခုတည်းမှာပဲ ရှိတယ်။ အားလုံးရဲ့ ဆန္ဒအရ ကျမတို့ အနေနဲ့ အတင်းအကျပ် ဝေဒနာသည်တွေကို ဟိုပို့ ဒီပို့ ပို့ပိုင်ခွင့် မရှိသလို သူတို့ရဲ့ နေချင်တဲ့ နေရာမှာ နေပိုင်ခွင့် ဆိုတာလည်း ရှိတဲ့အတွက် အဲဒီအခွင့်အရေးပေါ်မှာပဲ ကျမတို့ ရပ်တည်သွားမယ်။”

အာဏာပိုင်တွေဘက်က ဧည့်စာရင်းသက်တမ်း ထပ်တိုးမပေးဘူးလို့ အခုလို ပြောနေပေမဲ့လည်း လူနာတွေဟာ နေ့စဉ်နဲ့အမျှ ထပ်တိုးလာနေတုန်းပဲလို့ မဖြူဖြူသင်းက ဆက်ပြောပါတယ်။

“အခုလက်ရှိ အခြေအနေကတော့ ကျမတို့ ဒီမှာရှိနေတဲ့ ဝေဒနာသည်တွေက ပိုပိုပြီးတော့ များလာတာ တွေ့ရတယ်။ အခုနောက်ပိုင်းဆို ထားစရာ နေရာတောင် မရှိဘူး။ အသစ်အသစ်တွေ ရောက်ရောက်လာတဲ့ အခါကျတော့ အခုဆိုရင် ထားဖို့ အခက်အခဲတောင် တော်တော်ဖြစ်နေတယ်၊ ဝေဒနာသည်တွေနဲ့ ပတ်သက်ပြီးတော့။ ကျမတို့ ရန်ကုန်မှာထားတဲ့ လူနာဦးရေ အားလုံး ၁၂ဝ ကျော်ပါတယ်။”

မဖြူဖြူသင်းတို့ အခုဖွင့်ထားတဲ့ HIV/AIDS ဝေဒနာရှင်တွေရဲ့ ဂေဟာဟာ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ညီညွတ်ခြင်း မရှိဘူးလို့ ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရ သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

မဖြူဖြူသင်းကတော့ ဒီလူနာတွေကို သူတို့ဘက်က ပညာပေးလုပ်ငန်းတွေ အသေအချာ လုပ်ကိုင်ပြီးမှ ဂေဟာမှာ နေထိုင်ခွင့် ပြုထားတာကြောင့် စစ်အစိုးရ သတင်းစာတွေမှာ ရေးထားတဲ့ အချက်အလက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ ပြောပါတယ်။

“အခု ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့လည်း သူတို့ပြောတယ်၊ ပတ်ဝန်းကျင်က လူတွေနဲ့လည်း ကူးစက်နိုင်တယ် ဆိုပြီးတော့။ ကျမတို့ လုပ်ဆောင်လာတာ အခု ဒီတနှစ်၊ နှစ်နှစ်မှ လုပ်ဆောင်လာတာ မဟုတ်ဘူး။ ၂၀၀၅ ခုနှစ်ကတည်းက ဒီအိမ်မှာ စပြီး လုပ်ကိုင်လာတာ။ ဒါပေမဲ့ ပထမဦးဆုံး အနေနဲ့ကတော့ ရပ်ကွက်ကလူတွေက HIV နဲ့ ပတ်သက်ရင် စိမ်းနေတဲ့ အခါကျတော့ သူတို့အနေနဲ့ စိုးရိမ်တာတွေ၊ ထိတ်လန့်တာတွေ ရှိခဲ့တာပေါ့။ ဒါ အစ ပထမပိုင်းမှာ။

“အခုနောက်ပိုင်းဆိုရင် ဒီရပ်ကွက် အနေနဲ့က ဒီလူနာတွေ အပေါ်မှာထားတဲ့ သူတို့ရဲ့ စေတနာတွေ အများကြီး ပြောင်းလဲသွားတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ရပ်ကွက်ထဲမှာ အလှူတွေဘာတွေ လုပ်တော့မယ် ဆိုရင်လည်း ဒီလူနာတွေကို ဦးစားပေးပြီးတော့ တအိမ်လုံးလာပါ ဆိုပြီးတော့ တရပ်ကွက်လုံးက ဖိတ်ကြတယ်။ အဲဒီလိုပဲ အိမ်နီးနားချင်း ပတ်ဝန်းကျင်တွေကလည်း လာပြီးတော့ လှူကြ တန်းကြတာ ရှိတယ်ဆိုတော့ သူတို့ပြောတဲ့ ပုံစံအတိုင်း လူနာတွေကပဲ အဆင့်ဆင့် ကူးစက်နေမယ်၊ ရပ်ကွက်ကိုလည်း ကူးစက်နေမယ် ဆိုရင်တော့ လူနာတွေလည်း လာမှာမဟုတ်ဘူး၊ အခုလို တိုးကြိတ်နေမှာ မဟုတ်ဘူး။

“နောက်တခုက ရပ်ကွက်က လူတွေကလည်း လက်ခံမှာ မဟုတ်ဘူး။ အခု ရပ်ကွက်က လူတွေကလည်း တကယ့်ကို လူနာတွေအပေါ်မှာ စာနာစိတ် အပြည့်နဲ့ ကူညီနေတာကို တွေ့ရတဲ့အတွက် သူတို့ထုတ်ပြန်တဲ့ သတင်းတွေက မှားယွင်းနေတယ်လို့ မြင်တယ်။”

အာဏာပိုင်တွေကတော့ သူတို့အနေနဲ့ တောင်ဥက္ကလာပ၊ ဝေဘာဂီနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ အထူးကုဆေးရုံတွေ ဖွင့်ထားတဲ့အပြင် မကြာသေးခင် လပိုင်းအတွင်းကပဲ သာကေတမှာလည်း အထူးကုဆေးရုံ ဖွင့်လှစ်ပြီး လူနာတွေကို ကြည့်ရှုစောင့်ရှောက် ပေးနေတာကြောင့် သူတို့ဖွင့်ထားတဲ့ အဲဒီဆေးရုံတွေကို ဒီလူနာတွေ ပြောင်းရွှေ့စေချင်ကြတာပါ။

ဒါပေမဲ့ လူနာတွေကိုယ်၌က အာဏာပိုင်တွေ ဖွင့်ထားတဲ့ အဲဒီ အထူးကု ဆေးရုံတွေကို မသွားလိုကြဘူးလို့ ဆိုပါတယ်။ တကယ်တော့ လူနာတွေအပေါ်မှာ သဘောထား မှန်မှန်ထားပြီး စစ်မှန်တဲ့ စေတနာနဲ့ ကြည့်ရှု စောင့်ရှောက်ပေးမယ် ဆိုရင် လူနာတွေဟာ အတင်း အဓမ္မ ပြောင်းရွှေ့ခိုင်းစရာတောင် မလိုဘဲ သူ့အလိုလို ရောက်လာကြမှာပါလို့ မဖြူဖြူသင်းက ပြောပါတယ်။

ငွန်ငယ်မိုး ” မှကူးယူဖော်ပြထားပါသည် ။ သတင်း…ဒီမိုဝေယံ..။

One comment

  • သီဟ

    November 25, 2010 at 10:14 am

    အထူးကု ဆေးရုံတွေကိုသာသွားလို့ကတော့နှစ်ရက်တောင်ခံမှာမဟုတ်ဘူးဆိုတာလူနာတွေလည်းသိတယ်လေ.

Leave a Reply