ခလရ ၇ရ တပ်သား မူဒိန်းမှု စ စစ်ပြီ

အာဂNovember 24, 20101min420

ကိုဝိုင်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁ဝ ခုနှစ် ၂ဝ နာရီ ၅ရ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရေနံချောင်းတွင် အမျိုးသမီးတဦးကို အဓမ္မပြုမှုဖြင့် စွပ်စွဲခံရသော ခလရ ၇ရ မှ တပ်သား မောင်မောင်ချေ၏ အမှုကို တပ်တွင်းတွင် ယနေ့ စတင်စစ်ဆေးခဲ့သည်။

အဓမ္မကျင့်ခံရသူ မိန်းကလေးမိဘများနှင့် မျက်မြင်သက်သေ သုံးဦးပါ တပ်တွင်း ဆင့်ခေါ်စစ်ဆေးခဲ့သည်ဟု ကာယကံရှင်၏ အမက ပြောသည်။

ဆင့်ခေါ်စာထဲတွင် “စစ်စည်းကမ်းဖောက်ဖျက်မှု၊ မူးယစ်ရမ်းကားမှု” ဟု တပ်ထားကြောင်းလည်း သူက ပြောသည်။

နိုဝင်ဘာ ၁၂ ရက်ညနေက ၁၉ နှစ်အရွယ် အမျိုးသမီး အိမ်နှင့် ကိုက် ၅ဝ ခန့်အကွာ ကွင်းအတွင်း နွားကျောင်းနေစဉ် အရက်မူးနေသော တပ်သား မောင်မောင်ချေက အဓမ္မကျင့်ခဲ့သည်ဟု တရားလိုများက စွပ်စွဲထားသည်။

အခင်းဖြစ်ပွားစဉ် အတူရှိသည့် ၅ နှစ်သမီး တူမဖြစ်သူက အော်ဟစ်သဖြင့် ရပ်ကွက်သားများ ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သည် ဆိုသည်။ ထို့နောက် ရဲစခန်းသို့ အပ်လိုက်ကြသည်။

အခင်းဖြစ်သည့်နေ့မှာပင် ခလရ ၇ရ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတင်မောင်ဦး တပ်သား မောင်မောင်ချေကို ရဲစခန်းမှ လာခေါ်ထုတ်သွားသည်ဟု ညောင်လှရဲစခန်းမှ တာဝန်ကျ ရဲတပ်ကြပ် တင်ထွန်းက အတည်ပြု ပြောကြားသည်။ စစ်တပ်နှင့်ဆိုင်သော အမှုဖြစ်၍ ရဲက ကိုင်တွယ်ရလေ့ မရှိပါ။

မကွေးခရိုင် ဆေးရုုံသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းတဦးက ဆေးစာ ရေးပေးလိုက်ကြောင်း ပြောသော်လည်း အသေးစိတ်ဖြေရန် ငြင်းဆိုသည်။

ခလရ ၇ရ အရာရှိများက ငွေလျော်ပြီး ကျေအေးရန် ညှိနှိုင်းခဲ့သော်လည်း ကာယကံရှင်များက လက်မခံခဲ့ကြောင်း ဆွေမျိုးတဦးက ပြောသည်။
ရေနံချောင်းတွင် မနှစ် သင်္ကြန်ကလည်း ခလရ ၇ရ နှင့် ညောင်လှရဲစခန်းမှ ရဲသားများ ခိုက်ရန်ဖြစ်ပွားကာ ဒုရဲအုပ်တဦး ဒဏ်ရာရခဲ့သော်လည်း ရဲက ပြန်အရေးမယူနိုင်ခဲ့ကြောင်း မြို့ခံတယောက်က ပြောသည်။