ဒါနပြုရသောအကြောင်း ၇-မျိုး

zinmyotunNovember 24, 20101min830

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ….ဒါနမဟပ္ဖလသုတ်…မှာဟောတော်မူခဲ့တာပါ

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ငဲ့ကွက်မှု ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊နှောင်ဖွဲ့အပ်သော စိတ်ရှိသည် ဖြစ်၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို ငဲ့ကွက်လျက် အလှူကိုပေးလှူ၏၊ ”ဤအလှူ၏ အကျိုးကို တမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင် ခံစားရ လိမ့်မည်” ဟုအလှူကို ပေးလှူ၏၊…………… (၁)

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်ကား အလှူကို မငဲ့ကွက်မူ၍ ပေးလှူ၏၊ မနှောင်မဖွဲ့မူ၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို မငဲ့ကွက်မူ၍ အလှူကို ပေးလှူ၏၊ ”ဤအလှူ၏ အကျိုးကို တမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင် ခံစားရလိမ့်မည်” ဟု အလှူကို မပေးလှူ၊ စင်စစ်မူကား ”အလှူပေးခြင်းသည် ကောင်းမွန်လှ၏” ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏ ။…………… (၂)

”အလှူပေးခြင်းသည် ကောင်းမွန်လှ၏” ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား ”အဖ, အဖိုးတို့သည် (အလှူကို) ပေးလှူဖူး၏၊ ပြုဖူး၏၊ ရှေးဖြစ်သော ဆွေမျိုးတို့၏ အနွယ် အဆက်ကို ယုတ်လျော့စေခြင်းငှါ မထိုက်” ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏။ပ။ …………(၃)

”အဖ, အဖိုးတို့သည် (အလှူကို) ပေးလှူဖူး၏၊ ပြုဖူး၏၊ ရှေးဖြစ်သော ဆွေမျိုးတို့၏ အနွယ် အဆက်ကို ယုတ်လျော့စေရန် မထိုက်” ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ် မူကား ”ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏ တို့သည်ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူ သည် မချက်ပြုတ်သော သမဏဗြာဟ္မဏတို့အား အလှူကို မပေးလှူဘဲ နေရန်မသင့်” ဟု နှလုံး သွင်း၍အလှူကို ပေးလှူ၏။ပ။ ………..(၄)

”ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏတို့သည်ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူ သည်မချက်ပြုတ်သော သမဏဗြာဟ္မဏတို့အား အလှူကို မပေးလှူဘဲ နေရန်မသင့်” ဟု နှလုံး သွင်း၍အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား ”ရှေးက ဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့ တို့၏ ကြီးမားလှသော ထိုယဇပ် ူဇော်မှုတို့သည် ဖြစ်ကုန် သကဲ့သို့ ဤအတူ
ငါ၏ ဤလှူဒါန်း ခွဲဝေမှုသည် ဖြစ်လိမ့်မည်” ဟု အလှူကို ပေးလှူ၏။……………..(၅)

”ရှေးကဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့၏ ကြီးမားလှသော ထိုယဇ်ပူဇော်မှုတို့သည် ဖြစ်ကုန် သကဲ့သို့ ဤအတူ ငါ၏ ဤလှူဒါန်း ခွဲဝေမှု သည် ဖြစ်လိမ့်မည်” ဟုအလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊နှစ်သက်မှု ဝမ်းမြောက်မှု ဖြစ်၏” ဟု အလှူကို ပေးလှူ၏။……………..(၆)

”ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှု ဖြစ်၏” ဟုအလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား (သမထ, ဝိပဿနာ) စိတ်၏ တန်ဆာ စိတ်၏ အခြံအရံဖြစ်သည့် အလှူကို ပေးလှူ၏။……………….. (၇)

……………………………………………………………………………

အဲဒီခုနှစ်မျိုးမှာ……….(၁) မှ (၆)သည် သာသနာပမှာလည်းရှိတဲ့အကြောင်းတွေပါ
နံပါတ်(၇) တစ်မျိုးတည်းသာ သာသနာတွင်းမှ ရှိတဲ့အကြောင်းပါ
ကျွန်တော်တို့ဟာ….သာသနာတွင်းက ဗုဒ္မဘာသာဝင်တွေဖြစ်သည့်အားလျှော်စွာ
နံပါတ်(၇)အကြောင်းဖြင့်သာ…..အလှူဒါနတွေကို ပြုသင့်ပါကြောင်း
ဆွေးနွေးအပ်ပါတယ်
အဲဒီလိုလှူပုံလှူနည်းကို အလျှင်းသင့်သလို ဆက်တင်ပြသွားပါ့မယ်
အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး အေးမြပျော်ရွှင်နိုင်ပါစေ။

ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။
ရုပ်နာမ်ဓမ္မသင်္ခါရတို့​
ကိုယ်ကဤပုံဖြစ်လိုတုန်လည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရုု့၍
ယခုကပင်လျှင် မအိုခင်က
ယခုကပင်လျှင် မနာခင်က
ယခုကပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားလော (ကျေးဇူးရှင် မင်းကွန်းဆရာတော်)