ကွန်ဖြူးရှပ် တက္ကသိုလ်

တလျှန်မှ ရန်းထိုင်သို့ စီးခဲ့ရတဲ့ သင်္ဘော

ငါးထပ် သင်္ဘော

ရန်းထိုင် ရထားဘူတာ

အဆင့်အနိမ့်ဆုံး ရထားတွဲ

ရထားပေါ်မှ မြင်ကွင်း

ရထားပေါ်မှ မြင်ကွင်း

အဆင့်အနိမ့်ဆုံး ရထား

တက္ကသိုလ်ဘေးက ခြံစည်းရိုး

ကျောင်းဝင်းအတွင်း

ကွန်ဖြူးရှပ် အဆိုအမိန့်နဲ့ ဆောင်ပုဒ်တွေရေးထားတဲ့ကျောက်ပြား

တက္ကသိုလ်ကျောင်းသူကျောင်းသားများ

ကျောင်းသားတွေ အပန်းဖြေတဲ့ နေရာ

ကျောင်းပရ၀ုဏ်

ရှေးရိုးရာပုံစံနဲ့ အနားယူတဲ့နေရာတစ်ခု

စာသင်ဆောင်တွေ

ကျောက်တုံးပုံစံဆန်းတွေလဲ အများကြီးပဲ

လောင်ဇူ ရုပ်ထုနဲ့ စာသင်ဆောင်များ

ကွန်ဖြူးရှပ်ကို တရုတ်လို ခုန်ဇယ် (kong zi, 孔子) လို့ခေါ်တယ်။ ဘီစီ ၅၅၁ ခုမှာ မွေးဖွားခဲ့ပါတယ်။ သူ့ဇာတိကတော့ ယခု ရှန်းတုန်း (Shandong) ပြည်နယ်၊ (Qufu) မြို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်ကျော် နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့ကလေးက ရွာကလေးတစ်ခုသာသာပဲရှိပါတယ်။ အဲဒီကိုသွားခဲ့ပုံက အမှတ်တရဖြစ်လွန်းလို့ သွားပုံသွားနည်းလေးကိုပါ ပြောပြချင်ပါသေးတယ်။ ကျွန်မတို့တွေက (Dalian) တလျှန်မြို့ကနေ (Yantai) ရန်းထိုင်မြို့ကို သင်္ဘောနဲ့ သွားပါတယ်။ အဲဒီ ၂ မြို့ကြားမှာ yellow sea ပင်လယ်တစ်ခုခြားနေပါတယ်။ တရုတ်ပြည်မှာ ပထမဆုံး သင်္ဘောစီးဖူးတာဖြစ်ပါတယ်။ သင်္ဘောကြီးက တော်တော်ကောင်းတယ်။ အထပ် ၅ ထပ်ပါတယ်။ အထဲမှာလဲ အိပ်ခန်းအဆင့်မြင့်ကနေ နောက်ဆုံး ပလက်စတစ်ထိုင်ခုံအထိပါတယ်။ မှန်နဲ့အလုံပိတ်သင်္ဘောဆိုတော့ သင်္ဘောသွားနေတာကို ခံစားလို့မရပါဘူး။ ည ၁၀ နာရီလောက်မှာ ထွက်ပြီး မနက် ၃ နာရီခွဲလောက် ရန်းထိုင်ဆိပ်ကမ်းကိုရောက်ပါတယ်။

ရန်းထိုင်ကနေ ကွန်ဖြူးရှပ်မြို့ကို ရထားထပ်စီးရအုန်းမှာပါ။ ရထားက မနက် ၉ နာရီမှာမှ ထွက်မှာဖြစ်ပြီး လက်မှတ်ကလဲ ကြိုမ၀ယ်ထားတော့ ဘူတာမှာပဲ အပေါ်ကပုံထဲကလို ခွေအိပ်ပြီး မိုးလင်းအောင် စောင့်နေရပါတယ်။ အဲဒီဘူတာကတော့ သာမန်တောကျကျ ဘူတာရုံကလေးပါပဲ။ မနက် ၇ နာရီထိုးတော့ လက်မှတ်စရောင်းတယ်။ ကံဆိုးစွာပဲ ထိုင်ခုံနဲ့ဝယ်မရလို့ ထိုင်ခုံမဲ့နဲ့ ရထားပေါ်တက်လိုက်ခဲ့ရပါတယ်။ တရုတ်ပြည်မှာ ကမ္ဘာ့အမြန်ဆုံးကျည်ဆံရထားကနေ အနှေးဆုံးရိုးရိုးရထားအထိ အမျိုးအစားပေါင်းစုံရှိတဲ့အထဲမှာ ကျွန်မတို့စီးလိုက်ရတဲ့ရထားကတော့ အဆင့်အနိမ့်ဆုံးဖြစ်ပါတယ်။ တညလုံးအိပ်ရေးပျက်တာရော ရထားက အဆင်မပြေတာရောကြောင့် ကျွန်မတို့လဲ တော်တော်စိတ်ညစ်ရတယ်။ ရထားက ညနေ ၅ နာရီမှ ရောက်မှာဆိုတော့ သူများတွေ လမ်းမှာဆင်းကြပါစေလို့ပဲ ဆုတောင်းနေရတာပေါ့ … အဲဒီလိုနဲ့ ထိုင်ခုံတစ်ခုံရရင် တစ်ယောက်တစ်လှည့်ထိုင်ရတယ်။

ကွန်ဖြူးရှပ် ဇာတိမြို့ရောက်တော့ ပထမဆုံး ကွန်ဖြူးရှပ် တက္ကသိုလ်ကို သွားလည်ပါတယ်။ တောမြို့ကလေးမှာ အဲဒီလောက်ကောင်းတဲ့ တက္ကသိုလ်ရှိနေတာ အံ့သြစရာပါ။ နံမည်ကြီးတက္ကသိုလ်တွေနဲ့ သိပ်မကွာတဲ့အတွက် ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ တရုတ်အစိုးရက ကွန်ဖြူးရှပ်ကျောင်းတွေကို ကမ္ဘာအနှံ့အပြားမှာ သွားရောက်ဖွင့်လှစ်ပြီး တရုတ်စာပေယဉ်ကျေးမှုကို ကမ္ဘာကသိအောင် အခမဲ့ဖြန့်ဖြူးနေပါတယ်။

နောက်ထပ် ပို့စ်တွေကျရင်တော့ ကွန်ဖြူးရှပ် ဘုရားကျောင်း၊ ကွန်ဖြူးရှပ် အုတ်ဂူနဲ့ သူမွေးဖွားရာနေရာတွေကို ဆက်လက်ဖော်ပြပေးရင်း သူ့ရဲ့ထင်ရှားတဲ့အတွေးအခေါ်တချို့ကိုလဲ ဘာသာပြန်ဖော်ပြပေးပါ့မယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....