ဒီတစ်ခါတော့ အုန်းသီး

လင်းဝေNovember 25, 20101min26717

မနေ့က ငှက်ပျောသီး အကြောင်းရေးမိလိုက်လို့ထင်ပါရဲ့။ ဒီနေ့ အုန်းသီးအကြောင်း သူငယ်ချင်းတစ်ယောက် က ပို့လိုက်တယ်။

သူ့မေးလ်ထဲကဟာကို နည်းနည်းပြုပြင်ပြီး တင်ပေးလိုက်ပါတယ်။

ကမာ္ဘကြီးမှာ ငှက်ပျောသီးစားပြီး အုန်းရည်သာသောက်နေလို့ရတော့မယ်ထင်ပါရဲ့။ ကမာ္ဘပျက်ကိန်းနီးလာလို့ကြောက်နေသူများ အသက်ရှင်ကျန်ခဲ့တဲ့အခါ ဘာမှာ စားစရာ သောက်စရာမရှိရင် စားဖို့သောက်ဖို့ ကြိုတင် သင်ကြားပေးထားတယ်မှတ်ပါ။

မြန်မာပြည်လို အရှေ့တောင်အာရှက တိုင်းပြည်မှာနေတဲ့သူတိုင်းလိုလို အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်။ ချိုမြမြ အီတီတီ ဖန်တွတွ အရသာ ရှိတယ်တဲ့ အုန်းရည်ကို လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းပါတယ်။ အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်။

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..

အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း

စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်.. အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ဝယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..

အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..  အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မဝင်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..

ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့  အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့

17 comments

  • ဆူး

    November 25, 2010 at 9:02 am

    အုန်းရေ ကို ငယ်ငယ်က ကြိုက်လို့.. ဦးပလာတာ ရောင်းတဲ့ အုန်းရေ တခွက် ၁ကျပ်နဲ့ သွားဝယ်သောက်တယ်။
    အုန်းနုနု အရည်ညှစ်ရင် အပြာရောင်သန်းတတ်သည်။
    အုန်းကြီး များများ စာ အပူကန်၏
    အဖတ်လိုက်ဝါးစားပါက သွားကြားညပ်၏။
    အုန်းသီး များများ စားမိပါက သွေးတိုးတတ်၏

  • kai

    November 25, 2010 at 9:25 am

    လော့စ်အိန်ဂျလိစ်ရဲ့ .. တရုတ်စူပါမားကက်တွေမှာ ..အုန်းသီနုနု .. အလုံးအတိုင်း(အခွံမာနွှာထားပြီး)ရောင်တယ်..။
    ဈေးသက်သာပါတယ်.။ ၂လုံး၁ဒေါ်လာလောက်ပါ..။
    အဲဒါ.. ထိပ်က အပေါက်နေရာကို .. အချွန်(တူ)နဲ့ထိုးပြီး ..ပိုက်တံသွင်း..စုပ်သောက်ကြတာပဲ..။
    အားတိုင်းယားတိုင်းသောက်ကြတာမို ့.. တော်တော်ရောင်းရပုံပေါက်ပါတယ်..။

    ကျုပ်ကတော့ .. တခါက ..ချောင်းဆိုးတာ တလလောက်အမြစ်မပြတ်ပဲဖြစ်နေတာမို ့..
    အင်္ဂလိပ်ဆေးလဲကုန်..။ ကွမ်းရွက်ပုံဆေးလဲမတိုးဖြစ်နေတာ…တရက်အုန်းရေ ၄-၅လုံးချလိုက်တာ ..၃-၄ရက်နဲ့..ပျောက်သွားပါတယ်..။
    ဘာမှန်းတော့မသိ..
    တကယ်..တကယ်…။

  • ဆူး

    November 25, 2010 at 9:32 am

    ဦးလေးခိုင် ချောင်းဆိုးတုန်း အုန်းရေသောက်တာ.. ဘယ်အချိန်လဲ.. အေးတဲ့ အချိန်မှာ ဆိုးတဲ့ ချောင်းလား.. ပူတဲ့ အချိန်မှာ ဆိုးတဲ့ ချောင်းလား။

  • kai

    November 25, 2010 at 10:29 am

    ူအယ်လ်အေရဲ့ … ဇူလိုင်ဆိုတော့ … ပူတဲ့အချိန်ပေါ့..။

  • လင်းဝေကျော်

    November 25, 2010 at 11:10 am

    လက်စသတ်တော့ ဆူးကလဲ ဗိန္ဓော ကျွမ်းတာပဲကိုး…

  • kopauk mandalay

    November 25, 2010 at 12:12 pm

    ငှက်ပျောသီးဖတ်ရတော့ ပျော်တယ် စားလို့ရသကိုး။
    အုန်းသီးကြတော့ ညစ်သွားတယ်
    ကျနော်ကိုပေါက် စားလို့မရဘူးတဲ့ဗျာ။

  • chityaaung

    November 25, 2010 at 3:32 pm

    အဲ…….ဒီမှာသီတင်းကျွတ်ခါနာနီးတော့အုန်းသီးဈေးတွေတက်သွားလိုက်တာ
    လူတိုင်းလိုလိုအုန်းသီးဝယ်ကြတယ်လေ…စားဖို့တော့မဟုတ်ပါဘူး……………
    ရိုးရာကိုင်မှာကြောက်လို့…….ခုဆိုတစ်လုံး1000-1500ဒါကျတော့မနှမျောကြဘူးနော်
    မြန်မာပြည်ကအုန်းသီးတစ်ဝက်ကျော်ဟာမစားရပဲနဲ့နတ်တင်တာနဲ့ကုန်တာပဲ……….
    ငှက်ပျောသီးကော…………အရင်တုံးကရေခဲ့ကြဖူးတယ်…အုန်းစိမ်းငှက်ပျောစိမ်းရောင်းရငွေက
    မြန်မာပြည်ရဲ့ရှိသမျှလူကုန်7ရက်လောက်ထမင်းကျွေးပစ်လို့ရသတဲ့….ဒီလိုစားကောင်း
    ဝါးကောင်းတဲ့အသီးတွေကိုနတ်တွေကြိုက်နေတော့လူတွေကသိပ်မစားရတော့ဘူး

    • kai

      November 25, 2010 at 9:34 pm

      အနော်ရထာမင်း အာဏာတည်မြဲရေးအတွက် နိုင်ငံရေးကစားသွားတာတွေလို့ ဖတ်ဖူးပါတယ်။
      သူသတ်ချင်တဲ့သူသတ်ပစ်ပြီး .. လူတွေမကြေမနပ်ဆူပူမှာစိုးလို့ နတ်ဖြစ်တယ်ဆိုပြီး နတ်ကွန်းနေရာပေးလို့ လူတွေအာရုံလွဲခဲ့တာပါတဲ့..။
      ယစ်ပူဇော်တဲ့နေရာ အကုန်အကျနည်းအောင် အဲဒီခေတ်ကပေါတဲ့ ငှက်ပျောသီး၊အုန်းသီး နဲ့နတ်ကိုးခိုင်းတာလို့ ဖတ်ဖူးပါတယ်.။

      ဆိုတော့ .
      ဒီခေတ်.. အာဏာပိုင်တွေက .. ငှက်ပျောသီးတလုံး၊ အုန်းသီးခွံတခုနဲ့သာ နတ်ကိုးကြဖို့ရာ အမိန့်ပြန်တမ်းထုတ်ဖို့ကောင်းတယ်ထင်မိပါတယ်.။

      အဲဒီကထွက်လာမဲ့ငွေ .. ဒေါ်လာမီလီယံပေါင်းများစွာတွေကို မြန်မာကလေးတွေဆေးကုစရိတ်အတွက် ရံပုံငွေထောင်ပြီး trust fund အဖြစ်ထည့်လိုက်ရင် အနာဂတ် သာယာကောင်းမွန်တဲ့ တိုင်းပြည်ဖြစ်လာမှာပဲ..။

  • unclegyi1974

    November 25, 2010 at 4:45 pm

    အပူနာ အအေးနာခွဲနိုင်ပြီ ဆိုတော့
    ဆူးကို အောင်လက်မှတ်ပေးဖို့ထောက်ခံပေလိုက်
    ပါမယ်

  • ဆူး

    November 26, 2010 at 2:29 am

    အုန်းသီး နတ်တင်တယ် ဆိုလို့.. အိမ်က အတွေ့အကြုံလေး ပြောအုန်းမှ..
    အိမ်မှာ နတ် ဆို ဘာ နတ်မှ အဖေက လက်မခံဘူး.. အဘွားက နတ်ယုံတယ်။ အဖေ ခရီးထွက်တုန်း အဘွားက အမေကို အုန်းသီး အတင်းချိတ်ခိုင်းတာနဲ့ ချိတ်လိုက်တာ. အိမ်မှာ ချိတ်ပြီးသား ဖြစ်နေလို့.. အဖေလည်း ဘာမှ မပြောဘဲ အိမ်မှာ အုန်းသီး ချိတ်တာ နှစ်ရှည်လများကြာလာပြီ။ နောက်ပိုင်း မိသားစုဝင်တွေ ဘာသာရေး အသိနဲ့ ပိုလုပ်တာတော့.. အိမ်က အုန်းသီး မနေနိုင် ဖြစ်တယ်နဲ့ တူတယ်.. အုန်းသီးကိုတော့ ဘယ်သူမှ မဟုတ်မမှန်တဲ့ စိတ်မထားပါဘူး။ သူဟာသူနေ.. ကိုယ်ဟာကိုနေ.. အိမ်မှာ ချထားတဲ့ အထုတ်တထုတ် မြင်ပါများတော့ ရိုးနေသလိုတောင် ဖြစ်နေပြီ။ နောက်ဆုံး အိမ်မှာ တင်တဲ့ အုန်းသီးက တော်တော် အလုံးလှတယ် စိမ်းနေပြီးတော့.. အလုံးက ဝိုင်းဝိုင်းလေး.. ထုံစံအတိုင်း နံသာဖြူလေး လူးပေးပြီး ချိတ်ပေးထားတာ.. နောက် ၁ပတ်လောက် ကြာတော့ အုန်းသီး အောက်မှာ ရေကွက်နေတယ်။ တနေ့သုတ်လိုက်.. နောက်တနေ့ သုတ်လိုက်နဲ့.. ပထမတော့ ပန်းအိုး ရေဖိတ်တယ် ထင်မိတယ်။ နောက်နေ့တွေ ဘာမှ မတိုက်မိဘဲ.. အုန်းသီး အောက် တည့်တည့်မှာ ရေအကွက်ကလေး ဖြစ်နေတော့.. အုန်းသီးက ကျတာ ဖြစ်မယ် သတိထားမိပေမဲ့ အုန်းသီး မှာ အပေါက် အကွဲ ရှာမတွေ့ဘူး.. ၁ပတ်လောက်နေမှ.. အုန်းသီး အညှာကလေး ကြွလာတယ်။ အဲဒီ အောက်မှာမှ.. အကွဲလေး သေးသေးလေး မြင်ရတယ်။ ဆူး ကတော့ အိမ်က အုန်းသီး ဖြုျတ်သာပစ်လိုက် ဘာမှ မဖြစ်ဘူး ဆိုပြီး ပြောလိုက်တယ်။ အမေကတော့ နဲနဲ စိတ်ရှင်းအောင် ဘုန်းကြီးသွားမေးမယ်တဲ့.. ဆရာတော် ပြောတာကတော့.. ရေလျှံတော့ ကောင်းတာပေါ့.. အုန်းသီးလည်း အိမ်မှ ထားမနေနဲ့ ရတယ်.. နေစရာ မရှိရင် ကျောင်းလွတ်လိုက်.. ရီပြီး ပြောတာနဲ့ .. အုန်းသီးလည်း အဆက်ပြတ်သွားတယ်။
    အုန်းသီး ကျွှမ်းကျင်သူတွေ မေးကြည့်တာတော့ အုန်းသီး က အဲလို အရည်လျှံထွက်တာ ဖြစ်ခဲ သလို ဖြစ်တယ်လို့တောင် မကြားဘူးဘူးလို့ ပြောကြတယ်။ နောက်ပြီး အုန်းသီး ဖြုတ်လိုက်တဲ့ အချိန်အထိ အရည် ရှိသေးတယ်။ အုန်းသီး အရည်လျှံကျတာ ၁ပတ် နီးပါး ၅ရက်လောက် ကို လုံးဝ ကွဲကြောင်း မမြင်ရဘဲ.. ကျပြီးမှ.. ၅ရက်နောက်ပိုင်း အညှာကြွာလာပြီး ရရက်လောက်မှာ အကွဲရာလေး မြင်ရတာ။ ကြုံဘူးသူ ရှိရင် ပြောပါအုန်း။

  • ဆူး

    November 26, 2010 at 2:30 am

    အုန်းသီးများ နတ်တင်ရင် အညှာ ကြွက်မြီး မကျိုးစေနဲ့ ဆိုတာ ပါသေးတယ်.. လူတွေက အကြောက် တရားတွေ စိုးမိုးနေကြတာ လွန်ပါရော။

  • Maung Dae`

    November 26, 2010 at 5:17 am

    အုန်းသီးကိုတော့ အလွန်ကြိုက်သဗျ… ထန်းလျက်လေးနဲ့စားရင် အရမ်းကောင်း..
    ငပလီရောက်တုန်းကများ.. တန်လိုက်တဲ့အုန်းသီး.. တစ်လုံး ၂၀ဝ ပဲရှိတယ်.. (ဒါတောင်ဈေးများတယ်တဲ့.. တစ်ချို့နေရာတွေမှာ.. ၁၅ဝ ပဲရှိတယ်တဲ့) တစ်နေ့ ၃ လုံး ၄လုံးစားတာ.. တော်သေးတာပေါ့.. ရေနိုင်အောင်ချိုးနိုင်လို့.. နို့မဟုတ်ရင် ကန်လိုက်မယ့်အပူတွေ…..

    အခုလဲ အိမ်မှာ ဘာနတ်အုန်းမှ မထားတော့ဘူး

  • shwemanthar

    November 26, 2010 at 8:34 am

    အုန်းရည်လဲသောက်တယ်
    အုန်းသီးလဲစားတယ်
    အပူလဲကန်တယ်
    ဒါလဲဆက်စားတာပဲ
    မြန်မာအစားအစာကိုး
    ဒါနဲ. လေးပေါက်ကဘာလို.စားမရတာလဲ

  • ဆူး

    November 26, 2010 at 9:06 am

    လေးပေါက် အသက်ကြီးလို့ မစားရတာပေါ့။ သွေးတိုးလို့နေမှာပေါ့.. မန်းဆိုမှတော့.. ရာသီဥတုက ပူတယ်.. သွေးကတက် နေကပူ ခေါင်းပွင့်ထွက်သွားမယ်။ လူငယ် အတွက်ဘဲ ကောင်းတယ်လေ.. လူကြီး တွေ အတွက်ကတော့ တန်ဆေး လွန်ဘေးပေါ့။

  • kai

    November 26, 2010 at 9:48 am

    ဆရာကြီးသော်တာဆွေကတော့ .. သူများအိမ်ကနတ်ကပ်ထားတဲ့ အုန်းသီး ဘောလုံးအမှတ်နဲ့ဖြုတ်ပြီးကန်လိုက်တာ… နတ်ကိုင်ခံရတယ်..။
    ၇၅ကျပ်.. အဲဒိခေတ်ကလျှော်လိုက်ရတာပြောတာ.. 🙂

  • ဆူးပြောသလိုအုန်းသီးအရည်လျှံတာ တစ်ခါမှ မမြင်ဖူးဘူူး။ ထူးဆန်ူးတယ်နော်၊ အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ် ဆိုတာ တကယ်လား၊ ဒါဆိုသွားတိုက်ဆေးမသုံးတော့ဘူးနော် ok လား?

  • လင်းဝေကျော်

    November 26, 2010 at 11:08 am

    ဆူးဆရာမ ( မြန်မာဗိန္ဓော အထူးရမ်းကု ) ကို သိလိုသမျှ မေးနိုင်ပါတယ်။
    အုန်းဆီကို ပါးစပ်ထဲပွတ်ရင် သွားများကို ခိုင်မာစေသော်လည်း
    ခံတွင်းနံ့ကို ပျောက်စေမည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ သွားတိုက်ဆေးမသုံးလိုက မသုံးပါနှင့်။
    သို့သော် လူကြားထဲတော့ ပါးစပ်ပိတ်ထားပါ။

Leave a Reply