ချစ်သူရဲ့ စကားခြောက်ခွန်း

zinmyotunNovember 25, 20101min611

မြတ်စွာဘုရားရှင်လက်ထက်တော်အခါကပေါ့……..
နကုလမာတာနဲ့ နကုလပိတာ ဆိုပြီးလင်မယားနှစ်ယောက်ရှိတယ်(မြန်မာလိုဆိုရင်တော့ နကုလရဲ့ အမေနဲ့ အဖေပေါ့)

နကုလပိတာဟာ အိပ်ရာထဲလဲနေပါတယ်။ ရောဂါဝေဒနာက ပြင်းထန်လွန်းလို့ သေခါနီးအချိန်ရောက်နေပြီဆိုပါတော့..။အဲဒီအချိန်မှာ
သူ့ဇနီးမယားဖြစ်သူ နကုလမာတာက အခုလိုလာပြောပါတယ်—

၁။ “သူကြွယ် သင်သည် ငဲ့ကွက်ခြင်းရှိလျက် မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိလျက်
သေခြင်းသည် ဆင်းရဲပါသည်၊ မြတ်စွာဘုရားကလည်း ငဲ့ကွက်ခြင်းရှိလျက်
သေသောသူကို ကဲ့ရဲ့တော်မူပါသည်။ `ငါသေရင် ငါ့ဇနီး နကုလမာတာဟာ သားသမီးတွေကို
ကျွေးမွေးစောင့်ရှောက်နိုင်မည်မဟုတ်၊ အိမ်ထောင်မှုကို
ထိန်းသိမ်းနိုင်မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် ဗိုင်းငင်ခြင်း၊
သိုးမွေးရှင်းခြင်း စသောအလုပ်များကို ကျွမ်းကျင်ပါသည်။
သားငယ်သမီးငယ်များကို ကျွေးမွေးစောင့်ရှောက်နိုင်သူ၊ အိမ်ထောင်မှုကို
ထိန်းသိမ်းနိုင်သူဖြစ်ပါသည်´´
(သူဌေးကတော်က ဗိုင်းငင်တတ်တယ်ဆိုတာက မတော်တဆမွဲသွားခဲ့ရင်တောင်
ဒီပညာတွေနဲ့ သားသမီးတွေကို ဝဝလင်လင်လုပ်ကျွေးနိုင်ပါတယ်လို့
အဆုံးအစွန်ထိပြောလိုက်ခြင်းဖြစ်ပါတယ်)

၂။ “သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည်
နောက်ယောကျာင်္းထပ်ယူလိမ့်မည်´ဟူ၍ မပူပန်ပါလင့်၊ သင်နဲ့ကျွန်မတို့သည်
လွန်ခဲ့သော (၁၆)နှစ်မှစ၍ လူတို့၏ဗြဟ္မစရိယ အကျင့်မြတ်ကို
ကျင့်သုံးနေခဲ့ကြသူများဖြစ်ပါသည်။´´
(နေ့စဉ်ရှစ်ပါးသီလကို စောင့်ထိန်း၍ မေထုန်မှုကို လွန်ခဲ့သော၁၆နှစ်ကထဲက
မပြုခဲ့ဘူးလို့ ဆိုလိုရင်းဖြစ်ပါတယ်။ ငါးပါးသီလက မိမိ၏ဇနီးမယား
လင်ယောကျာင်္းနှင့် ကာမစပ်ယှက်မှုပြုလို့ရသော်လည်း
ရှစ်ပါးသီလစောင့်ထိန်းလျှင် မည်သူနှင့်မျှ စပ်ယှက်လို့မရပါ)

၃။ “သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် မြတ်စွာဘုရားနှင့်
ရဟန်းသံဃာတော်တို့ကို ဖူးမြင်ခြင်း ပြုတော့မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊
ကျွန်မသည် သင်သေသွားပါက မြတ်စွာဘုရားနှင့် ရဟန်းသဃာတော်တို့ကို ပို၍ပင်
ဖူးမြင်လိုပါလိမ့်မည်။´´

၄။ “သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် သီလဖြည့်ကျင့်မှုကို
ပြုတော့မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် သီလဖြည့်ကျင့်မှု
ပြုလေ့ရှိသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း
မြတ်စွာဘုရားကိုယ်တိုင် သိတော်မူပါသည်´´

၅။ “သူကြွယ်သင်သည် `ငါ့ဇနီး နကုလမာတာသည် `အတွင်းဓာတ်၌
စိတ်ငြိမ်းချမ်းမှုကို မရသေး´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် အတွင်းဓာတ်၌
စိတ်ငြိမ်းချမ်းမှု ရရှိနေသည့် ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။
ယုံမှားသံသယရှိနေလျှင် ဤအကြောင်းကို မြတ်စွာဘုရားကို
မေးလျှောက်ကြည့်နိုင်ပါသည်´´

၆။ “သူကြွယ် သင်သည် `ငါ့ဇနီးနကုလမာတာသည် မြတ်စွာဘုရားသာသနာတော်၌
ထောက်တည်ရာမရရှာသေး´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် မြတ်စွာဘုရားသာသနာ၌
ထောက်တည်အားထားရာ ရပြီးသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။
ဤအကြောင်းကိုလည်း မြတ်စွာဘုရားကို မေးလျှောက်ကြည့်နိုင်ပါသည်´´လို့
အားပေးနှစ်သိမ့်ပေးပါတယ်။

ထူးဆန်းတာတစ်ခုက သေအံ့ဆဲဆဲလူနာဖြစ်တဲ့ နကုလပိတာဟာ သူ့ဇနီးနကုလမာတာရဲ့
နှစ်သိမ့်စကားကို ကြားပြီးတဲ့ နောက်ပို်င်း
ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ လမ်းလျှောက်နိုင်တဲ့ အနေအထားကို
ရောက်ရှိလာတဲ့အခါမှာ တောင်ဝှေးလေး ထောက်ကာထောက်ကာနဲ့ ဘုရားဆီသွားပြီး
ဒီအကြောင်းတွေကို ပြန်လည်လျှောက်ကြားခဲ့ပါတယ်။ သူကြွယ်ရဲ့လျှောက်ထားမှုကို
ကြားရတဲ့မြတ်စွာဘုရားဟာ……….

“သူကြွယ် သင်သည် နကုလမာတာလို ချစ်ခင်ကြင်နာစွာဖြင့် အားပေးဆုံးမစကား
ပြောကြားပေးတတ်တဲ့ ဇနီးမယားကို ရရှိခဲ့ခြင်းမှာ အရတော်လှပေ၏´´လို့
ချီးကျူးစကား မိန့်ကြားတော်မူခဲ့ပါတယ်။

ဟုတ်ပါတယ်..။ ဒီလို သေအံ့ဆဲဆဲ ခင်ပွန်းသည်ကို အခုလိုတည်တည်ငြိမ်းနဲ့
အားပေးစကားပြောကြားပေးတတ်တဲ့ ဇနီးမယားရရှိနိုင်ဖို့ဆိုတာ တကယ်ကို
ခက်ခဲလွန်းပါတယ်။ အနားမှာ တငိုငိုတရီရီနဲ့ ဘယ်လို့မှကို
မကောင်းနိုင်ပါဘူး။ သေမယ့်သူလည်း အသေမဖြောင့်နိုင်
ဘဝကူးမကောင်းနိုင်ပါဘူး။ ဒီလိုလုပ်တတ်တဲ့မိန်းမက နည်းနည်းလေး
တော်သေးတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါသေးတယ်။

မနေ့က ဆွမ်းစားသွားတော့ ဆွမ်းစားသွားရတဲ့ ဘေးအိမ်ကနေ “သေမှာဖြင့်လည်း
မြန်မြန်သေပါတော့..ရှင့်ကိုဆေးကုပေးရလို့ ရှိတာတွေလည်း အကုန်ကုန်ပြီ၊
သေမှာကို အေးအေးမသေဘူး၊ ကျန်ခဲ့တဲ့သူတွေကို ဒုက္ခဖြစ်အောင်
လုပ်နေသေးတယ်´´တဲ့..။

“သမာန်လူတစ်ယောက်ရဲ့ စကားအခွန်းတစ်ရာထက် ချစ်သူရဲ့စကားတစ်ခွန်းက
ပိုပြီးတန်းဖိုးရှိပါတယ်..တဲ့။ ဒါကြောင့် ကိုယ်တကယ်ချစ်တဲ့သူတွေကို
ဘယ်တော့မှ ဒုက္ခရောက်အောင် မပြောကြားပါနဲ့..တဲ့။´´

လူမှုဘဝတွေကို နေ့စဉ်ဖြတ်သန်းရင်ဆိုင်နေရတဲ့ လူတစ်ယောက်အဖို့တော့
အမြဲတမ်းကံကောင်းမနေနိုင်ပါဘူး။ ဒါကြောင့် ကံဆိုးနေတဲ့ ကိုယ်ချစ်သူကို
အားပေးစကား နှစ်သိမ့်စကားပြောကြားပေးတတ်ဖို့ တကယ်လိုအပ်ပါတယ်။
ချစ်သူရဲ့စကားဟာ အားဆေးတစ်ခွက်ပဲလို့ လူငယ်တွေကပြေကြတယ်မို့လား..။
ဒီစကားလည်း တကယ်ကိုမှန်ကန်ပါတယ်။ ဒါကြောင့် ချစ်သူကို
အားပေးနှစ်သိမ့်တတ်ပြီး ကောင်းရာကောင်းကြောင်းကို ညွှန်ပြနို်င်ကြပါစေလို့
ဆုတောင်းပေးရင်း ဒီတင်ပဲ အဆုံးသတ်လိုက်ပါတယ်။

……………………………………………………………………………………………….မိုးသု(မန္တလေး)

One comment

  • bigcat

    November 25, 2010 at 11:09 am

    ဘုရားလက်ထက်က လင်မယားရဲ့ ဇာတ်လမ်းက စာတွေမှာ သိပ်မတွေ့ဘူးခဲ့ပါ။ အသစ်ဇာတ်လမ်းကို မှတ်သားရလို့ ုကုသိုလ်ရော ဗဟုသုတရော ရပါသည်။ သာဓုပါခင်ဗျား

Leave a Reply