ကံကောင်းသူများ ဖြစ်ကြဖို့

manawphyulayNovember 26, 20101min470

“ ဖေဖေ၊ လူတစ်ယောက်နဲ့ တစ်ယောက် ကံချင်းမတူနိုင်သလို ပါရမီချင်း မတူနိုင်ဘူးလို့ လူတော်တော်များက ပြောနေကြတယ်။ ကံဆိုတာဘာလဲ၊ ပါရမီဆိုတာကရော

ဘယ်နှစ်ပါးရှိလဲဟင် ?”

“ သမီး ကံဆိုတာ ပါဠိသက် ကမ္မက ဆင်းသက်လာတာ။ အင်း ပြောရရင်တော့ သမီးရယ် အလုပ်လို့ ခေါ်တယ်။ မြတ်စွာဘုရားက “အကြင်သူသည် ကံကို ပြုငြားအံ့၊ ထိုကံ၏ အကျိုးကို

အကြင်သူသည် ခံစားရလတ္တံ့” လို့ ဆုံးမခဲ့ဖူးတယ်။ ဆိုလိုတာကတော့ ကိုယ်က ကောင်းမှုကို ပြုရင် ကောင်းတဲ့အကျိုးကို ခံစားရမယ်ပေါ့။ ဒါကြောင့်လည်း “ကိုယ်ပြုတဲ့ကံ

ကိုယ့်ဆီပြန်”လို့ ဆိုကြတယ်မလား။ ဘယ်အလုပ်ကိုပဲလုပ်လုပ် သမီး မှတ်ထားဖို့က စေတနာနဲ့လုပ်၊ စိတ်ကောင်းနဲ့လုပ်၊ ကိုယ်ချင်းစာတရားနဲ့လုပ်၊ ဝီရိယထည့်ပြီး ကြိုးစားပမ်းစားလုပ်။

ဒါဆိုရင် သမီး အမြဲကံကောင်းနေမှာ။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့ စကားလည်း ရှိတယ်လေ”

“ဟုတ်ပါတယ် ဖေဖေ။ သမီး ဒါကို ယုံကြည်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်မယ်။ ပြီးတော့ အောင်မြင်ရမယ်ဆိုတဲ့စိတ်ကိုလည်း သမီးရင်ထဲမှာ

စွဲစွဲမြဲမြဲထားပါတယ်။ နောက်ပြီး စိတ်ထားကောင်းရင် ကံကောင်းမှာပဲဆိုတာ သမီး လက်ခံထားမိတယ်။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း မကောင်းကောင်း သမီးဘက်က

သည်းခံသင့်တဲ့အတိုင်းအတာထိ တတ်နိုင်သရွေ့ သမီး ကောင်းအောင် နေသွားမှာပါ။ ဘုန်းဘုန်းအရှင်ရာဟုလာက cbox ထဲမှာ လာရေးသွားတယ်ဖေဖေ။ အရမ်းကြီး

သည်းခံနေရင်လည်း လူတုံးလူအ ဖြစ်သွားလိမ့်မယ်တဲ့။ ဪ ဒါနဲ့ ပါရမီဆိုတာကရော….”

“အင်း လောကမှာ သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုတဲ့ ဆိုရိုးစကားရှိတယ်သမီး။ ဒါပေမယ့် လူတွေက သည်းခံမှုဆိုတာ နားမလည်ကြဘူးလေ။ သည်းခံတာကို ဒီလူက လူတုံး

လူအပါလို့ ဝေဖန်ပြစ်တင်ကြတာလေ။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့သမီးရယ်။ အဲ ပါရမီကတော့ (၁၀) ပါးရှိတယ်။ အဲဒီ (၁၀) ပါးကတော့
၁။ ဒါနပါရမီ – စွန့်လွှတ်ခြင်း
၂။ သီလပါရမီ – ကိုယ်ကျင့်ကောင်းခြင်း
၃။ နေက္ခမ္မပါရမီ – တပ်မက်မှုကင်းခြင်း
၄။ ပညာပါရမီ – အမှန်အတိုင်းသိမြင်ခြင်း
၅။ ဝီရိယပါရမီ – ဇွဲလုံ့လရှိခြင်း
၆။ ခန္တီပါရမီ – သည်းခံခြင်း
၇။ သစ္စာပါရမီ – မှန်ကန်ခြင်း
၈။ အဓိဋ္ဌာန်ပါရမီ – ခိုင်မာသော ဆုံးဖြတ်ချက်ထားရှိခြင်း
၉။ မေတ္တာပါရမီ – မေတ္တာစိတ်ထားရှိခြင်း
၁၀။ ဥပေက္ခာပါရမီ – လျစ်လျူရှုထားခြင်း ဆိုတဲ့ ပါရမီ ၁ဝ ပါးရှိတယ်လေ။

သမီးလည်း ပါရမီ ၁ဝ ပါးကို အသိနဲ့သတိလေးကပ်ပြီး ဘယ်အရာကိုမဆို အသိတရားနဲ့လုပ်၊ ပညာနဲ့လုပ်၊ ဗြဟ္မစိုရ်တရားလေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခောတရား

လက်ကိုင်ထားပြီး လုပ်ပါ။ ဒါဆိုရင် သမီးဟာ အမြဲ ကံကောင်းနေမယ်လို့ ဖေဖေ ယုံကြည်စိတ်ချနေမယ် သမီး”

“ဟုတ်ကဲ့ပါဖေဖေ။ သမီး တတ်နိုင်သမျှ ကြိုးစားနေထိုင်သွားမှာပါ။ ဒီလိုသာ လူတိုင်းလူတိုင်း ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင် သမီးလိုပဲ သူတို့လည်း ကံကောင်းကြမှာပေါ့နော်”