ဇီးဒန်းခြေရာနင်းတဲ့အီတူး ယူရို ၁ သောင်း ဒဏ်ရိုက်ခံရ

Good IdeaNovember 25, 20101min830

အင်တာမီလန်အသင်း တိုက်စစ်မှူး ဆင်မြူရယ် အီတူး (နံပါတ် ၉) သည် ပြင်သစ် အသင်းခေါင်းဆောင်ဟောင်း ဇီဒန်းကဲ့သို့ပင် ပြိုင်ဘက်အသင်းသားရင်ဘတ်အား ခေါင်းဖြင့်ဝင်ဆောင့်ခဲ့သည့်အတွက် စီးရီးအေ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ယူရို ၁ သောင်းဒဏ်ရိုက်ခဲ့ပြီး စီးရီးအေ ၃ ပွဲ ကစားခွင့်ပိတ်ပင်လိုက်သည်။

ယခုလ ၂၁ ရက်နေ့က စီးရီးအေ ပွဲစဉ် ၁၃ အဖြစ် ချီယေဗိုနှင့် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် အင်တာတိုက်စစ်မှူး အီတူးက ချီယေဗိုအသင်း နောက်ခံလူ ဆီဆာကို ပထမပိုင်း ပွဲကစားချိန် ၃၈ မိနစ်တွင် ခေါင်းဖြင့်ဝင်ဆောင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲစဉ်တွင် လက်ရှိချန်ပီယံအင်တာက အိမ်ရှင်ချီယေဗိုကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဖြစ်ပွားပုံမှာ ချီယေဗို နောက်ခံလူ ဆီဇာက အီတူးခြေထောက်ထဲမှ ဘောလုံးကို လုယူရာတွင် အီတူး၏ မျက်နှာအား လက်ဖြင့်ထိမိခဲ့သည့်အတွက် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့နောက် အီတူးက ချီယေဗိုအသင်းဂိုးရှေ့သို့ ပြေးထွက်လာစဉ် ဆီဆာ၏ရင်ဘတ်ကို ခေါင်းဖြင့် ဝင်ဆောင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းဖြစ်ရပ်ကို ကွင်းလယ်ဒိုင်မမြင်လိုက်သည့်အတွက် ထိုပွဲစဉ်တွင် အီတူးအား တစုံတရာ အရေးမယူခဲ့ပေ။ ထို့ကြောင့် အီတူးမှာ ပွဲပြီးခါနီးအချိန်တွင် အင်တာအသင်းအတွက် နှစ်ိသမ့်ဂိုးတစ်ဂိုးပင်  သွင်းယူပေးခဲ့သေးသည်။

ယခုအခါ စီးရီးအေစည်းကမ်းထိန်းသိမ်းရေးက ဖြစ်စဉ်ဗီဒီယိုမှတ်တမ်းကို ပြန်လည်ကြည့်ရှုကာ အီတူးကို ပြစ်ဒဏ် ချခဲ့ခြင်းဖြစ်ပြီး အင်တာအသင်းက ယင်းအတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အသင်း၏ အားထားရသည့် တိုက်စစ်မှူး အီတူးပွဲပယ်ခံရခြင်းသည် စီးရီးအေတွင် နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားသည့် အင်တာအသင်းအတွက် ထိုးနှက်ချက်တခုဖြစ်ခဲ့ပြီး နည်းပြ ဘင်နီတက်ဇ်အတွက်လည်း ဖိအား ပိုများသွားခဲ့သည်။

ပြင်သစ်အသင်းခေါင်းဆောင်ဟောင်း ကမ္ဘာ့ဘောလုံး အကျော်အမော် ဇီဒန်းသည် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အီတလီအသင်း နောက်ခံလူ မတ်တာရာဇီ၏ ရင်ဘတ်ကို ခေါင်းဖြင့်ဝင်ဆောင့်ခဲ့သည့်အတွက် ဒိုင်လူကြီးက တိုက်ရိုက်အနီကပ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ယင်းဖြစ်ရပ်သည်လည်း ကမ္ဘာ့ဘောလုံးပရိတ်သတ်ကြား ပြောစမှတ်တွင် ကျန်ရစ်ခဲ့သည်။

အီတူးသည် ဆန်စီရိုတွင် ကစားမည့် ပါးမားနှင့်ပွဲ၊ အဝေးကွင်းတွင် ကစားရမည့် လာဇီယိုနှင့် ပွဲကြပ်အပါအဝင် ဆက်ဆီနာနှင့်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ရာ လတ်တလောတွင် အခက်အခဲများရင်ဆိုင်နေရသည့် နည်းပြ ဘင်နီတက်ဇ်အတွက် ပိုမိုအခက်ကြုံရဦးတော့မည်ဖြစ်သည်။

အားလုံးကို လေးစားလျှက်…

Good Idea