” မလွမ်းစကောင်း လွမ်းစကောင်း (ရှေးရှေးက မန္တလေး-အပိုင်း25)”ဇာတ်သိမ်း

ပြီးခဲ့တဲ့ရက် က ကျွဲဆည်ကန်ကို သွားရင်းနဲ့ အရင်က24နာရီ ဓါတ်ဆီဆိုင်နားမှာ ဆိုင်ကယ်တွေအုပ်စုလို်က်ကြီး ဓါတ်ဆီတန်းစီနေတာကိုတွေ့တော့ ကျနော်ငယ်ငယ် က အိမ်သုံးဘို့အတွက် ရေနံဆီတန်းစီခဲ့ရတာကို သွားသတိရလိုက်ပါတယ။်
ကျနော်တို့ငယ်ငယ်က ရေနံဆီမီးဖို အသုံးများကြပါတယ်။ အခုခေတ်ဂက်စ်မီးဖိုကို အိမ်တိုင်းသုံးသလိုပေါ့နော်။
အခု26ဘီလမ်းမကြီးနဲ့ 78လမ်းဆုံတဲ့ဒေါင့်မှာ အရင်ကအစိုးရဓါတ်ဆီဆိုင်လေးရှိပါတယ်။အဲဒီဆိုင်က အိ်မ်သုံးဘု့ိအတွက် လူတယောက်ကို ရေနံဆီတစ်ဂါလံကို တစ်ကျပ်ပြားငါးဆယ်နဲ့ရောင်းပေးပါတယ်။ကျနော်တို့ညီအကိုတစ်တွေကျောင်းပိတ်ရက်ဆိုရင် အိမ်ကို ရေနံဆီတစ်ဂါလံစီဝယ်ပေးပြီးမှ ထွက်ကစားခွင့်ပါမယ်ရပါတယ်။
အဲဒီတော့ မနက် (7)နာရီလောက်ဆို အိပ်ယာထ တစ်ယောက်ကို ရေနံဆီဂါလံသံပုံးလေးတွေကိုင်လု့ိ သွားတန်းစီကြပါတယ်။အဲဒီတုန်းကလည်း ကြားဖြတ်တန်းစီတိုးတဲ့သူတွေနဲ့ရန်ဖြစ်ကြရပါတယ်။တစ်ခါတော့ ကျနော်တို့ရှေ့မှာ အစက တစ်ပုံးထဲရှိတာ။ ကျနော်တို့ကပုံးကိုတန်းစီထားပြီးဆော့နေတုံးဒီပြင်လူတွေကခပ်တည်တည်နဲ့
ပုံးတွေကိုကြားဖြတ်စီသွားတာလဲတွေ့ရော စိတ်တိုတိုနဲ့ပုံးတွေကို ခြေထောက်နဲ့လိုက်ကန်တဲ့ပြီး အတန်းတွေဖျက်လိုက်တော့ ပြဿနာတွေတက်ကုန်တာ။
ကလေးဖြစ်နေတာရယ် အိမ်ကိုလဲသိနေတယ်ဆိုလို့ သာဝိုင်း အရိုက်မခံရတာ အိမ်ရောက်လဲရောက်ရော ပြဿနာဖြစ်ခဲ့တယ်ဆိုတာ အိမ်ကသိပြီးသားဆိုတော့ အဆော်ခံရတာပါဘဲ။
ကျနော်တို့ငယ်ငယ်က ကျောင်းပိတ်တဲ့နေ့များဆိုရင် အိမ်ကခိုင်းတဲ့အလုပ်တွေပြီးမှ သာ ဆော့ရပါတယ်။
အိမ်အတွက်သုံးရေတွေကို ဝင်းရှေ့က နေအိမ်က စဉ့်အိုးတွေပြည့်အောင်ဖြည့်ပေးရတယ်။
သမဝါယမဆိုင်ကပေးတဲ့ ဆန်ခွဲတမ်းကို သွားထုတ်ပေးရတယ်။
ကျနော်တို့ငယ်ငယ်ကတော့ လူသုံးကုန်ပစ္စည်းက ရှားပါးပါတယ်။
အရင်ကတော့ (ပပက)နောက်တာ့ (သမဝါယမ)ဘယ်လိုနာမယ်ပြောင်းပြောင်းဆိုရှယ်လစ်ခေတ်ဆိုတော့ ဘာမဆိုခွဲတမ်းနဲ့ပါဘဲ။
ရောင်းမကောင်းတဲ့ အရောင်းထိုင်းပစ္စည်းကို ရောင်းကောင်းတဲ့ လူကြိုက်များတဲ့ပစ္စည်းနဲ့တွဲ့ပေးတာထုံးစံလိုဖြစ်နေပါတယ်။
အဲဒီအချိန်တုန်းကတော့ ခွဲတမ်းရရင်ယူထား လိုတာကိုသုံးမလိုတာကိုရောင်းစားလိုက်နဲ့ဈေးဘိုးထွက်လာအောင်လုပ်ကြရပါတယ်။
ကျနော်တို့ ငယ်ငယ်ကတော့ ခွဲတမ်းရတယ်ဆိုတာထက် ပြန်ရောင်းစားလို့ဈေးကောင်းရမယ့်ဟာလေးများမဲပေါက်တယ်ဆိုရင် အတော်ကို ဝမ်းသာရပါတယ်။
ဒီလိုရှားပါးတော့လဲ မှောင်ခိုဆိုတာက ခေတ်စံနစ်ရဲ့လိုအပ်ချက်အရပေါ်ပေါက်လာတဲ့လူတန်းစားတစ်ရပ်ဖြစ်လာတယ်ဆိုတာလဲ မဆန်းပါဘူး။
အဲဒီအချိန်တုံးက အငြိမ့်တွေကလူရွှင်တော်ရဲ့ ပြက်လုံးထုတ်တဲ့ပစ်မှတ်တွေကတော့ သမဝါယမလူကြီးတို့ ပပကလူကြီးတို့ကတော့ ပစ်မလွဲဘူးလို့ပြောနိုင်ပါတယ်။
သူတို့ကလဲ အခွင့်အရေးယူကြတာကိုးဗျ။
အခုအချိန်မှာတော့ ပိုက်ဆံရှိတယ်ဆိုရင် လိုချင်တာအကုန်ဝယ်လို့ရနိုင်တဲ့ခေတ်ဆိုတော့လဲ ငွေရှာနိုင်အောင်သာကြိုးစားဘို့က ကိုယ့်တာဝန်ပါဘဲ။

နောက်ကျနော်တို့ ငယ်ငယ်က မန်းလေးမှာ ညပိုင်းဆိုရင်တရားပွဲတွေကျင်းပတတ်ပါတယ်။
ကျနော်မှတ်မိသလောက် ဓမ္မကထိက ဆရာကြီးဦးလှသိန်းရယ်ကြာနီကန်ဆရာတော်ဘုရားရဲ့တရားပွဲတွေများပါတယ်။ငယ်ငယ်တုန်းကတော့ နားလည်လို့လဲမဟုတ်ပါဘူး။
အဖွားနဲ့အဖော်လိုက်ရတာပါ။ဒါပေမယ့် တစ်လုံးစ နှစ်လုံးစခေါင်းထဲရောက်သွားတော့ တရားဆိုတာကိုရေရေရာရာနားမလည်ပေမယ့်လည်း နားထောင်ရတာ များတော့ နားရည်ဝလာပြီးဘာသာတရားဆိုတာ ရှိရမယ် လူကြီးကိုရိုသေရမယ် လိမ္မာယဉ်ကျေးရမယ်ဆိုတာကခေါင်းထဲမှာအလိုလိုရောက်သွားတယ်။
ဒါပေမယ့် ကလေးဆိုတော့ ကြာနီကန်တရားဟောတာနာမိရင် ရီစရာတွေကို ပိုမှတ်မိခဲ့တာများပါတယ်။
အခုခေတ်မှာတော့ ကလေးတွေကို ဘာသာရေးသင်တန်းတွေပေးနေသလို တရားပွဲတွေလဲနေရာအနှံ့ကျင်းပနေတာတွေ့ရတာ ဝမ်းသာစရာပါ။

ကျနော်တို့မန်းလေးသူမန်းလေးသားတွေက ကိုယ့်မြို့နဲ့ပါတ်သက်ရင် အားလုံးဟာ ဂုဏ်ယူစရာ အမှတ်ရစရာတွေချည်းဘဲလို့ထင်တတ်ပါတယ်။
မြို့ချစ်စိတ်လဲ ပြင်းထန်ကြသလို သံယောဇဉ်လဲအတော်ကြီးကြပါတယ်။
ကိုယ့်မြို့ကိုယ်ဒေသကိုယ် ချစ်တတ်ကြတာတော့ လူတိုင်းလို့ဘဲထင်ပါတယ်နော်။
ဒါပေမယ့်မန်းလေးက နည်းနည်းလေးတော့ပိုတယ်လို့ တော့ တစ်ခါတစ်လေထင်ပါတယ်။
ဒါပေမယ့် စိတ်ထဲမှာတော့ ကျေနပ်နေပါတယ်။
မြန်မာပြည်ရဲ့ကုန်ဘောင်မင်းဆက်နောက်ဆုံးစံမြန်းခဲ့တဲ့ မြို့လဲဖြစ်တယ်၊ရှေးတုန်းကတည်ဆောက်ခဲ့တဲ့ အဆောက်အဦးတော်တော်များများကျန်နေခဲ့သေးတယ်။
ပဒေသရာဇ်မင်းတွေစံမြန်းခဲ့တဲ့ နန်းမြို့တော်က အင်္ဂါအပြည့်အစုံကျန်နေသေးတဲ့ မြို့ဖြစ်တယ်။
မြန်မာပြည်မှာနာမယ်ကျော်ခဲ့တဲ့ ဆိုင်းဆရာ၊သီချင်းရေးဆရာ၊ဇာတ်မင်းသား၊ဇာတ်သဘင်ပညာရှင်၊စာရေးဆရာအစရှိတဲ့ အနုပညာသည်ပေါင်းများစွာလဲပေါ်ထွက်ခဲ့ဘူးတယ်။ဘောလုံး၊လက်ဝှေ့။ဘော်လီဘော၊ဘတ်စကက်ဘော အားကစား သမားကောင်းတွေလဲထွက်တယ်။
ဒီအတွက်လဲ စိတ်ထဲမှာတော့ ကျိတ်ပြီးဂုဏ်ယူမိတာပါဘဲ။

အပွင့်လင်းဆုံးပြောရရင် ကျနော်ဇာတိမြေ မန်းလေးနဲ့ ခွဲခွာသွားရင် အကြာဆုံးလေးငါးလပါဘဲ။
ဖုံထူ ပူအိုက်ခြင်ကိုက်ဆိုတဲ့ လူတွေမလိုချင်တဲ့ ဂုဏ်ဒြပ်တွေနဲ့ ပြည့်နေပေမယ့်ကိုယ့်ဇာတိမြေမှာဘဲနေချင်ပါတယ်။
ဇာတိမြေနဲ့ ခဏလေးဝေးတယ်ဆိုတာနဲ့ လွမ်းပါတယ်။
အဝေးမသွားဘဲနဲ့တောင်မှ ကိုယ်မြို့အကြောင်းကိုယ်ပြန်စဉ်းစားရင်လွမ်းစရာတွေကပေါ်ပေါ်လာပါတယ်။
မန်းလေးက ဘောလုံးနဲ့ပါတ်သက်ရင် အစွဲအလမ်းကြီးတတ်ပါသေးတယ်။
မန်းလေးမှာက ဘောလုံးကွင်းကောင်းကောင်းဆိုလို့ ဗထူးကွင်းတစ်ကွင်းဘဲရှိပါတယ်။
မလွန်ကွင်းကတော့ သိပ်မကောင်းပါဘူး။အခုတော့ ဒီမလွန်ကွင်းကလဲ ရေပေးရေးရုံးဖြစ်သွားပါပြီ။
ငယ်ငယ်တုးကဦးလေးတွေ ဘောလုံးပွဲသွားရင် ကျနော်အမြဲပါ ပါတယ်။
သူတို့က ဘောလုံးပွဲကိုအားပေးတာ ကျနော်က မုန့်လိုက်စားတာ။ဘော့လုံးကွင်းထဲရောက်ပြီဆိုတာနဲ့ ဆိတ်သားကင် အရင်ဝယ်ခိုင်းပါတယ်။အဲဒီခေတ်က ဆိတ်သားကင်က အခုလိုကလေးကစားစရာလောက်ရှိတာမဟုတ်ပါဘူး။တကယ်ကိုအကြီးကြီးပါ။ဆိတ်သားကင်ကို မဆလာတွေ ငရုတ်သီးတွေနဲ့သုတ်ထားပေးပြီအသားကင်ရဲ့ထိပ်ကအချွန်လေးမှာ ကြက်သွန်နီဥလေးတစ်လုံးကို ကိုက်စားဘို့တပ်ထားလိုက်ပါသေးတယ်။
နောက်အဲဒီဆိုင်မှာ စမူစာသုပ်လဲရပါသေးတယ်။စမူဆာသုပ်ကတော့ စမူဆာနှစ်ခုလောက်ကို အရင်ခြေလိုက်ပါတယ်။
နောက်ပြီးမှ မဆလာတို့ ပူစီနာတို့ ဂေါ်ဖီထုပ်တွေပါးပါးလေးလှီးထားတာကိုထည့်ပြီးရင်အဲဒီထဲကိုအာလူးသီးကိုအရည်စပ်စပ်လေးဖြစ်အောင်ချက်ထားတာကို ဆမ်းလိုက်ပါတယ်။စားလို့သိပ်အရသာရှိပါတယ်။
ဘောလုံးကွင်းထဲမှာထိုင်စရာနေရာရောက်ပြီဆိုတာနဲ့ ပွဲမစခင်လေးမှာ တော့ အကျီနီညိုရောင်နဲ့ ဘောင်းဘီရှည်နဲ့ လယ်ပင်းမှာပုံးလေးကိုလွယ်တဲ့ပြီး
(လာပါပြီခင်ဗျ သမ္မာအာဇီဝ အောင်ဇော်ဝင်းဗီတာမင်မြေပဲဆားလှော်)လို့အော်တဲ့အသံကြားရင် ထိုင်ရာကမထဘဲလက်ခုပ်သာတီးလိုက် ဝှီးကနဲ့အသံလေးနဲ့အတူ ကိုယ်ထိုင်တဲ့အနားလေးကို ရှည်မျောမျောကန့်တော့ချွန်ပုံမြေပဲဆားလှော်ထုပ်ကလေးရောက်လာမှာပါ။
နောက်မှ သူပစ်ပေးထားတဲ့သူတွေဆီကို ပိုက်ဆံလိုက်တောင်းပါတယ်။မှတ်မိတာမှ သူပစ်ပေးထားတဲ့လူတစ်ယောက်မကျန်ဆီက ပိုက်ဆံရအောင်တောင်းနိုင်ပါတယ်။
တစ်ခါတစ်လေခပ်နောက်နောက်လူက ခပ်တည်တည်နဲ့မပေးဘဲနေရင် တော့ အသာအယာတောင်းပါတယ် မပေးဘူးဆိုရင်လဲ ပြဿနာမရှာပါဘူး။
ဒီဗထူးကွင်းမှာ ဘောလုံးပွဲလာကြည့်သူတွေက ဘောလုံးဝါသနာပါသူလဲ ရှိသလို စိတ်ထဲကမကျေနပ်တာကို ဖောက်ခွဲပြီးဆဲဘို့လာသူတွေလဲရှိပါတယ်။
အမှတ်တရ ပြဿနာတက်တာကတော့ တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲ ဖိုင်နယ်ပွဲစဉ်တစ်ခုပါ။
ပြိုင်ဘက်ကတော့ ထုံးစံအတိုင်းရန်ကုန်နဲ့မန်းလေးပေါ့။
ပထမတစ်ခါ ကန်ရင်းပြဿနာတက်တော့ ဒုတိယအကြိမ်မန်းလေးဗထူးကွင်းမှာပြန်ကန်ကြရပါတယ်။
ပွဲကလည့် အကျိတ်အနယ် ပရိသတ်ကလဲ တစ်ဖက်နဲ့တစ်ဖက် အသဲအသန်အားပေးကြပါတယ်။
အိမ်ရှင်မန်းလေးကတော့ ထုံးစံအတိုင်းပိုပြီးအားသာတာပေါ့။
ပွဲပြီးခါနီးမှာ မန်းလေးဂိုးသမားက ဘောလုံးခုန်ဖမ်းလိုုက်တာက ခြေထောက်မြှောက်လိုက်တာကို ပင်နယ်တီပေးလိုက်တာကစလို့ မကျေမနပ်ဖြစ်ပြီးကစားသမားအချင်းချင်းလဲရန်တွေဖြစ် ပရိသတ်တွေကလဲ ကွင်းထဲကိုဆင်းလာပြီးဆော်ကြနှက်ကြပါတော့တယ်။
နောက်ပရိသတ်တွေက ကွင်းထဲကခုံတွေကို မီးတွေလဲရှို့ရော လုံခြုံရေးတွေဆင်းလာပြီး မျက်ရည်ယိုဗုံးတွေဖောက်ပြီးလူစုခွဲရပါတော့တယ်။
ဒါကတော့ ဗထူးကွင်းနဲ့အမှတ်တရ။
အဲဒီပွဲလဲပြီးရော မန်းလေးတိုင်းအသင်းသုံးနှစ်အပယ်ခံလိုက်ရပါတယ်။
သုံးနှစ်ပြည့်လို့ မန်းလေးတိုင်းအသင်းပြိုင်ပွဲပြန်ဝင်ရတဲ့နှစ်မှာ ဆီမီးဖိုင်နယ်မှာ ရန်ကုန်နဲ့ပြန်တွေ့ပါတယ်။
မန်းလေးအသင်းက ရန်ကုန်ကိုလဲနိုင်လိုက်ရော နောက်နေ့ထုတ်မန်းလေးသတင်းစာမှာ
(တာဝန်ကျေပါတယ်မန်းတိုင်းရယ်)ဆိုပြီး မန်းလေးတိုင်းအသင်းကို ဂုဏ်ပြုတဲ့စာတွေက သတင်းစာမှာ အပြည့်ဖြစ်သွားပါတယ်။
အကဲဆုံးကတော့ ဈေးချိုရွှေဆိုင်တန်းက မမတွေပါ။
ဒိုင်းရပြီးမန်းလေးကိုပြန်ရောက်တော့လဲ ကြိုလိုက်ကြတာ ဝက်ဝက်ကွဲ။
အဲဒီပွဲနဲ့အတူမန်းလေးအတွက်ပေါ်ထွက်လာတဲ့ ဘောလုံးသူရဲကောင်းကတော့ “ပေါက်စီ “ပါဘဲ။
နောက်ဘော့လုံးနဲ့အမှတ်တစ်ရပွဲတစ်ပွဲကတော့ ရန်ကုန်နဲ့မန်းလေး ဖိုင်နယ်ကန်ရတဲ့ တိုင်းနဲ့ပြည်နယ်ပွဲပါဘဲ။
အဲဒီအချိန်မှာ မန်းလေးမှာ တီဗွီရနေပါပြီ ပထမဆုံးသော တီဗွီကနေ တိုက်ရိုက်ပြတဲ့ပွဲလဲဖြစ်ပါတယ်။
အဲဒီနေ့ မတိုင်ခင်ကတည်းက မန်းလေးတစ်မြို့လုံးဘောလုံးပွဲကြည့်ဘို့ဘဲ စိတ်ထဲမှာ အစီအစဉ်တွေဆွဲနေကြပါတယ်။
ဘောလုံးပွဲလဲကန်တဲ့နေ့ရောက်ရော တစ်မြို့လုံးဆိုင်တွေပိတ်အလုပ်တွေရပ်လို့ တီဗွီရှေ့ကိုတစ်ယောက်မကျန်ရောက်ကုန်ပါတယ်။
ဘောလုံးပွဲကလဲ အကျိတ်အနယ် အပြင်ကကြည့်ရတဲ့သူများမှာလဲ ဟင်ကနဲဟာကနဲ။
မန်းလေးမြို့သူမြို့သားတွေမှာလည်း အဝေးမှာကန်တဲ့ပွဲကို မျက်စေ့နဲ့မြင်ရတာ ပထမဆုံး။
ဒါပေမယ့်ပွဲပြီးခါနီး 5မိနစ်အလိုမှာ ဂိုးအသွင်းခံလို်က်ရလို့ မန်းလေးရှုံးပါတယ်။
ပွဲလဲပြီးရော မန်းလေးတစ်မြို့လုးံတိတ်ဆိတ်ငြိမ်သက်သွားလဲတာ အပ်ကျသံတောင်ကြားရမတတ်။
မန်းလေးတစ်မြို့လုံးတကယ်ကို အသဲကွဲခဲ့တဲ့နေ့ပါဘဲ။
အမှတ်ရစရာဆိုတဲ့ထဲမှာ မန်းလေး အနောက်ဘက်ကျုံးဒေါင့်က ရေထဲမှာ အရင် က မြင်းစီးနေတဲ့ကြေးရုပ်ကြီးစိုက်ထားပါတယ်။
နောက် မန်းလေးမှာကျောက်အရောင်းအဝယ်လုပ်သူတွေ တစခေတ်ထချိန်မှာ အဲဒီနားမှာ စင်ကလေးဆောက်ပြီး ရေပေါ်စားသောက်ဆိုင်လေးနဲ့အတူ အခုခေတ်စင်တင်တေးဂီတရဲ့ရှေ့ပြေး သီချင်းအဆိုတော်မမတွေရဲ့တစ်ခေတ်ဖြစ်ခဲ့ဘူးတာလဲ အမှတ်တရပါ။
မန်းလေးမှာ တစ်မြို့လုံးအုတ်အော်သောင်းနင်းဖြစ်ခဲ့ဘူးတဲ့အဖြစ်အပျက်တွေအများကြီးရှိခဲ့ဘူးပါတယ်။
တကယ်ပြောရရင်တော့ ရင်နာစရာ အနိဌာရုံဇာတ်လမ်းတွေပါ။
ကျနော်တို့ငယ်ငယ် လမ်းသူရဲသီချင်းတွေခေတ်စားစ ပလေးဘွိုင်သန်းနိုင်တု့ိနာမယ်ကြီးတဲ့အချိန်။
မန်းလေးမြို့ မြိုမျက်နှာဖုံးတစ်ယောက်ရဲ့သမီးက မွေးနေ့ပွဲကျင်းပတဲ့အခါ အဲဒီရန်ကုန်ကတီးဝို်င်းကိုငှားပါတယ်။
ဖြစ်ချင်တော့ သူတို့ကအိမ်ထဲမှာတင် စင်ထိုးလို့ ဆိုကြတီးကြလုပ်ပါတယ်။
အဲဒီအခါမှာ ကြည့်ချင်ပေမယ့် မကြည့်ရတဲ့ အပြင်ဘက်က ပရိတ်သတ်တွေက ခဲနဲ့ဝိုင်းထုလို့ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ဘူးပါတယ်၊
နောက် မန်းလေး 34-35ကြားမှာ မန်းကျီးပင်တွေရှိပါတယ်။
တစ်ရက်မှာ မန်းကျီးပင်ကြီးက အလိုလိုလှူပ်နေတယ် လှူပ်ပြပါလို့အော်ရင်လှုပ်ပြတယ်ဆိုပြီး လူတွေဝိုင်းအုံလို့ကြည့်ရပါတယ်။
တစ်ရက်ထက်တစ်ရက်လူတွေများလာ ပြီးလမ်းတွေတောင်ပိတ်ဆို့ကုန်ပါတယ်။
လူတွေကလဲ ထင်ကြေးအမျိုးမျိုးပေးကြတာပေါ့။
နောက်မှ သိကြရတာက တော့ အဲဒီမန်းကျီးပင်က ကိုင်းတစ်ကိုင်းက ဓါတ်ကြိုးနဲ့ညိနေပါတယ်။
ဒီဓါတ်တိုင်နဲ့ဆက်နေတဲ့ ဟိုဘက်လမ်းက ဆိုက်ကားဂိတ်က ဆိုက်ကားသမားတွေက ဓါတ်တိုင်နဲ့ဆက်ထားတဲ့သံကြိုးကို ဝိုင်းလှုပ်တဲ့အခါ ဒီဘက်လမ်းက မန်းကျီးပင်ကလှုပ်လာတာ ကို သိသွားမှာ ကိစ္စပြီးသွားပါတယ်။
အဲဒီလူနောက်တွေခေါ်ပြီးသတိပေးခံရတယ်လို့သိရပါတယ်။
နောက်အဖြစ်အပျက်တစ်ခုကတော့ ကလေးမလေးတစ်ယောက်ကွယ်လွန်သွားတာ သချိုင်းကိုရောက်လို့မြေမြုပ်ပြီးမှ သူတို့အထဲကတစ်ယောက်က အထဲကညည်းသံကြားရတယ်လို့ အခိုင်အမာပြောလို့ ပြန်ဖော်မယ်လုပ်ကြတာနဲ့ ရဲအစောင့်အရှောက်နဲ့ထားခဲ့ရတာကလဲ မန်းလေးရဲ့အထူးသတင်းထဲမှာပါဘူးပါတယ်။
ကျနော်တစ်သက်မန်းလေးမြို့ရဲ့အသုဘထဲမှာ အစည်ကားဆုံးလူစိတ်အဝင်စားဆုံးကတော့ ရွှေမန်းတင်မောင်ကွယ်လွန်တုံးကပါ။
အောက်ပြည်အောက်ရွာမှာ ဇာတ်ကရင်းကွယ်လွန်သွားတဲ့ရွှေမန်းတင်မောင် ရဲ့ရုပ်ကလပ်မန်းလေးပြန်ရောက်တဲ့အခါ ကြည့်ချင်ကြတဲ့သူများကို ရုန်းရင်းဆန်ခတ်မဖြစ်အောင်ရဲများက အလှည့်ကျဝင်ပြီးကြည့်ရအောင်စီစဉ်ပေးခဲ့ရပါတယ်။
ရွှေမန်းတင်မောင် ကို အုဌ်စက်သချိုင်းမှာသင်္ဂြိုဟ်တဲ့ရက်က နေ့လည်မှ အသုဘချမှာကို မနက်8နာရီလောက်ကတည်းက ကြည့်ဘို့အသုဘချလာမယ့်လမ်းမှာစောင့်ကြပါတယ်။
နာမယ်ကျော် မင်းသားမင်းသမီးတွေ အနုပညာရှင်တွေက မှန်ခေါင်းနဲ့ထဲ့ထားတဲ့ရုပ်ကလပ်ကို ကြိုးနဲ့အလှည့်ကျဆွဲလို့ သချင်္ိုင်းကို ရောက်အောင်ပို့မယ်ဆိုတော့ ရွှေမန်းတင်မောင်ကိုကြည့်ချင်တာရော အနုပညာရှင်တွေကိုမြင်ဘူးချင်တာရော ရောပြီးလာကြည့်ကြတာပါ။
ကျနော့်တစ်သက် အစည်ဆုံးအသုဘလို့ထင်ပါတယ် ရုပ်ကလပ်ကသချင်္ိုင်းရောက်တာတောင် ကားတန်းက မြို့ထဲမှာရှိနေသေးတာကိုတော့ မှတ်မိနေပါသေးတယ်။
နောက် မန်းလေးက ဘုရားဖူးရာက ပြန်လာတဲ့ အဖွဲ့တစ်ဖွဲ့ သူတို့ကားအပေါ်ကို လမ်းဘေးက သင်းသတ်ထားတဲ့သစ်ပင်လဲကျလာလို့ သစ်ကိုင်းပိပြီးသေခဲ့ဘူးတာ၊
တစ်ခုသောဝါဆိုလပြည့်ရက်မှာ ပြင်ဦးလွင်က အပြန်မှာ သစ်ကိုင်းကျုးိကျလို့ မိသားတစ်စုကွယ်လွန်သွားတာ၊
စာသင်ကျောင်းတစ်ကျောင်းက ကလေးတွေ မုံရွာကိုသွားပြီးပျော်ပွဲစားထွက်လို့အပြန်မှာ သစ်ပင်ကိုဝင်တိုက်လို့ အစုလိုက်အပြုံလိုက်ကွယ်လွန်သွားတာတွေက
မမေ့နိုင်စရာ ရင်နာစရာဇာတ်လမ်းတွေပါ။
မြန်မာပြည်နိုင်ငံရေး အထူးခြားဆုံးအပြောင်းအလဲဖြစ်တဲ့ 8888မှာ စစခြင်းနေ့မှာ ဆန္ဒပြဘို့ထွက်လာတဲ့အဖွဲ့ကို လူတွေက အံ့ဩတကြီးနဲ့ရပ်ကြည့်ကြ သွားလေရာကိုဘေးကနေလိုက်ကြည့်ကြနဲ့။
နောက်တော့ လိုက်ကြည်တဲ့သူတွေက ဆန္ဒပြတဲ့အတန်းထဲကိုစီးမျောသွားတော့ လိုက်ကြည့်သူမရှိသလောက်ဖြစ်ပြီးကလေးလူကြီးမကျန် လူအုပ်စုလိုက်ကြီးဖြစ်သွားတာတွေ၊
တကယ့် 8888နေ့ရောက်တော့ လမ်းဘေးဓါတ်တိုင်တွေ မီးတိုင်တွေကိုအဆောက်အဦးတွေကို ခဲနဲ့ထုဖျက်ဆီးကြတာ က တကယ့်လမ်းဘေးက ကလေကခြေတွေဖြစ်နေတာကို မြင်ရတော့ စိတ်မကောင်းဖြစ်ခဲ့ရတာ။
လမ်းမပေါ်တွေမှာ အစာငတ်ခံဆန္ဒပြကြတာ။
နောက်သက်ဆိုင်ရာက မာရှယ်လောထုတ်လို့ အခြေအနေတစ်ရပ်ကိုထိန်းသိ်မ်းလို်က်တဲ့အခါ တစ်မြို့လုံးတိတ်ဆိတ်သွား၊လမ်းတွေကို ရေပေးရေးအတွက်ချထားတဲ့ပိုက်လုံးတွေနဲ့ပိ်တ်ကြဆို့ကြနဲ့ မြို့ပျက်ကြီးလိုဖြစ်သွား၊ဆိုင်တွေပိတ်။ဈေးတွေပိတ်။လုပ်ငန်းတွေအားလုံးရပ်၊
တနေ့လုပ်တနေ့စားသမားလေးတွေ ထမင်းစားဘို့အခက်အခဲဖြစ်ကုန်တာ၊
ဒါတွေဟာ ပြန်ပြုပြင်လို့မရတဲ့ တကယ့် သမိုင်းအစစ်အမှန်တွေပါဘဲ။

မန်းလေးဟာနှစ်ပေါင်းများစွာ သမိုင်းပေါင်းများစွာ အဖြစ်အပျက်ပေါင်းများစွာ ခေတ်ပေါင်းများစွာ စနစ်ပေါင်းများစွာထဲမှာ
ပျော်ရွှင်စရာ လွမ်းမောစရာ ရီမောစရာ ငိုကြွေးစရာ တသသလွမ်းချင်စရာ ပြန်မစဉ်းစားချင်လောက်အောင်ကိုမေ့ထားချင်စရာ
ဆိုတဲ့စရာပေါင်းများစွာကို ပွေ့ပိုက်လို့ဖြတ်သန်းလာခဲ့တဲ့မြို့ကြီးဖြစ်ပါတယ်။

အခုကျနော်ရဲ့ မလွမ်းစကောင်းဆိုတဲ့မန်းလေးအကြောင်းက ပြည့်စုံတယ်လို့မဆိုနိုင်ပါဘူး။
ကျနော်ဖြတ်သန်းရသလောက် ကျနော်သိသလောက် ကျနော်လက်လှမ်းမီသလောက်နဲ့လွမ်းပြရတာပါ။
ရင်ထဲမှာထင်ကျန်နေတဲ့ မန်းသင်္ကြန်၊လေးနှစ်တာခိုနားခဲ့ဘူးတဲ့ မန်းတက္ကသို်လ်၊
ပျော်ရွှင်စရာများနဲ့လွတ်လပ်ပေ့ါပါး စွာဖြတ်သန်းခဲ့ဘူးတဲ့ မူလတန်း အလယ်တန်း အထက်တန်းကျောင်းသားဘဝများစွာကျန်ပါသေးတယ်။

ဂုဏ်ယူစရာပြောရရင် မြန်မာသီချင်းများမှာ မန်းလေးအကြောင်းကို ရေးဖွဲ့ကြတဲ့ သီချင်းအတော်များပါတယ်။
ရှေးအကျဆုံးသီချင်းလေးကတော့

စိန်ပါတီရဲ့ မြနန္ဒာ
မစိမ်းစိမ်းရဲ့ရွှေမန်းဆီသို့ ၊
မအေးမြင့်ရဲ့ မန်းရာပြည့်
ရီရီသန့်ရဲ့ မန်းလေးကိုလိုက်ခဲ့မလား အကိုုုုုု (သို့်)စိမ်းရောင်စို
သုမောင်ရဲ့ မန္တလေးအလွမ်း
ခင်အုန်းမြင့်ရဲ့ ဖိတ်ခေါ်သံ
ဝင်းဦးရဲ့နန်းမြို့တော်
ဖြူသီရဲ့မန္တ္နလေးရောက်ရင်ဝင်ခဲ့ပါ
ခင်မောင်ထူးရဲ့ရွှေမန်းသူလေးကတော့
ကျနော်နှစ်သက်တဲ့သီချင်းလေးတွေပါ။
ကျနော်ကျန်နေခဲ့တဲ့အမှတ်ရစရာတွေအများကြီးရှိနေအုံးမှာပါ။
ဘာဘဲဖြစ်ဖြစ် မန်းလေးသားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်။
ဝမ်းလဲသာပါတယ်။
မန်းလေးကိုလဲ ချစ်ပါတယ်။
မန်းလေးသားမန်းလေးသူတွေလဲ ကျနော်နဲ့ထပ်တူဖြစ်မယ်လို့ ……………………………………..

12 comments

  • weiwei

    November 26, 2010 at 5:20 pm

    မန္တလေးကို သင်္ကြန်ကျောင်းပိတ်ရက်တွေမှာ မကြာခဏသွားလည်ဖြစ်ပါတယ် .. ၁၉၈၉ သင်္ကြန်တုန်းက တစ်လကျော်ကြာအောင်နေခဲ့ဖူးလို့ ကိုပေါက်ရဲ့ မန္တလေးအကြောင်းကို တစ်ပိုင်းတစ်စ ခံစားပေးရင်း မလွမ်းစကောင်း လွမ်းစကောင်းပါပဲ …

  • Maung Dae`

    November 27, 2010 at 3:41 am

    တကယ်လွမ်းရပါတယ် မန္တလေးရယ်.. အခု အဝေးကိုရောက်နေတော့ ဦးပေါက်ရဲ့စာလေးတွေကိုဖတ်ပြီး စိတ်ဖြေသာသလို ပိုလို့လည်းလွမ်းမိပြန်တယ်.. ခဏတော့ ပြန်လာဦးမယ် မန္တလေးရယ်.. အဲဒီတော့မှ မန္တလေးတောင်ပေါ်တက်ပြီး မန္တလေးတစ်မြို့လုံးကို အားရအောင်ကြည့်ပစ်လို်က်ဦးမယ်..

  • shwemanthar

    November 27, 2010 at 8:49 am

    အားလား
    လေးပေါက်ရယ် ရေးတတ်လိုက်တာ
    မန္တလေးသားစစ်စစ်ဖြစ်တဲ.ကျွန်တော်တောင်တော်တော်လွမ်းသွားတယ်။
    ဒါနဲ.
    မန္တလေးသူ မန္တလေးသားတွေအကြောင်းလဲရေးပါဦးလားဗျာ
    မန္တလေးမှာနိုင်ငံကျော်ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်
    တောင်းဆိုတာပါ

  • koyinmaung

    November 27, 2010 at 9:35 pm

    အာပေးသွားပါတယ် အထူးလဲကြိုက်နှစ်သက်ပါတယ် ၊မန်းလေးသားမဟုတ်တဲ့ကျွန်တော်တောင်ဘာလွမ်းမှန်းမသိဘဲလွမ်းနေမိတယ်။။

  • bigcat

    November 28, 2010 at 4:30 am

    ကျေးဇူးအရမ်းတင်ပါတယ် ဦးပေါက်ရယ် ရွှေမန်းသူတွေအကြောင်းကို မမေ့ဘဲ ရေးပေးသွားလို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 28, 2010 at 4:39 am

    ဟုတ်ကဲ့ပါခင်ဗျား
    ကိုပေါက် မန္တလေးမှ မလွမ်းစကောင်းလွမ်းစကောင်း ဇာတ်ထုပ်ကြီးကို အမှတ်စဉ် (၂၅) အရောက်တွင် ဇာတ်သိမ်းထားပါသဖြင့်
    နောက်ပိတ်ကို နှစ်ငါး အဖြစ် အခြားကြိုက်ရာတစ်လုံးဖြင့် ကစားနိုင်ပြီး
    နှစ် ငါး ကိုလည်း နှစ်လုံး တစ်ကွက်အဖြင့် ထိုးနိုင်ပါသေးသည်။
    ဆက်လက်၍ ကိုပေါက် မန္တလေး ၏ တပည့်အရင်း အိမ်မွေးခြံပေါက်
    ကျွန်တော် ကိုပု မန္တလေးမှ မသောက်စကောင်းသောက်စကောင်း မန္တလေးတောအရက်များ အကြောင်းကို
    ဆက်လက်၍ တင်ဆက်ပါမည့်ကြောင်း သတင်းကောင်းပါလိုက်ရပါတော့သည်။

  • kopauk mandalay

    November 28, 2010 at 11:15 am

    ကိုပု မှ မသောက်စကောင်း သောက်စကောင်း တင်ဆက်ပြီးပါက
    ကိုပေါက်မှနေ၍ မပေါက်စကောင်း ပေါက်စကောင်းအမည်ဖြင့်
    မြန်မာပြည်မှ လူတန်းစား မရွေးအကြိုက် 1-2-3ဆောင်းပါးတော်ကြီး အခန်းဆက်မပါဘဲ
    တကွက်ထည်းနှင့်တင်ဆက်ပါမည့်အကြောင်း…………………………….

  • Maung Dae`

    November 28, 2010 at 1:38 pm

    တစ်ကွက်တည်း ဆိုတော့.. ဘာကွက် လဲဟင် ဦးပေါက်…

  • kopauk mandalay

    November 28, 2010 at 3:02 pm

    အလိုက်တဲ့ မောင်ဒဲ့ရယ်
    ကိုပုနဲ့ကိုပေါက်ထဲမှာပါတာတွေ ကို ကပ်လိုက်ရင် ရပြီလေ။

  • unclegyi1974

    November 29, 2010 at 3:31 pm

    ဓာတ်ဆီတန်းစီတာဟိုတုန်းကခွဲတန်းပေးတာမို့လက်
    မခံစရာမရှိပါဘူး
    အခုကလွတ်လပ်စွာရောင်းပေးနေပါတယ်လို့
    ဆိုပြီးတန်းနေရတာကိုနားမလည်နိုင်ဘူးဦးပေါက်
    ရေ နဲနဲလောက်လင်းစမ်းပါအုန်း

  • kopauk mandalay

    November 29, 2010 at 3:36 pm

    လင်းတော့လင်းချင်ပါတယ် အခုတော့ မီးပျက်နေလို့။
    3မိနစ်လောက်တော့စောင့်ပေးပါနော်။

Leave a Reply