ထူးခြားဖြစ်စဉ် သတင်းတိုများ (၂) (November’s news)

whiteNovember 26, 20101min882

(၁) ယခုလ နိုဝင်ဘာလ( ၁၃) ရက်နေ့မှာ ပြည်သူလူထုရဲ့  ဒီမိုကရေစီတိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ခုနှစ် မေလ (၃၀) ရက်နေ့ ဒီပဲယင်းဖြစ်စဉ်အပြီးမှစ၍ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယခုလွတ်မြောက်ချိန်အထိ (၇) နှစ်နှင့် (၆) လကြာ ဆက်တိုက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

(၂) လွန်ခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း နေအိမ်မှာ ၁၅ နှစ်ကြာ အကျယ်ချုပ် ကျခံခဲ့ရပေမယ့် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဩဇာလွမ်းမိုးမှုကို ထိန်းထားနိုင်စွမ်း ရှိနေခဲ့ပါတယ်။  မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ပြယုဂ် တခုအဖြစ် ရှိနေသေးတယ်ဆိုတာ ရှင်းလင်းတဲ့အချက် ဖြစ်ပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတခု အဖြစ် ပြောင်းလဲရေးအတွက် ဆယ်စုနှစ် နှစ်ခုအကြာ သူ့ရဲ့ကြိုးပမ်းမှုတွေအပေါ် မြန်မာပြည်သူတွေရဲ့ထောက်ခံမှုဟာ လျော့ကျ မသွားခဲ့ပါဘူးဆိုတာကိုတော့ နောက်တစ်နေ့ သူ့ရဲ့ ဟောပြောပွဲက လူထုအားပေးမှုနဲ့အတူ သက်သေပြခဲ့ပါတယ်လို့ သိရပါတယ်။

(၃) မဝေးလှတဲ့ အနာဂတ်မှာ စစ်အစိုးရဟာ သူတို့ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ ရ ဆင့်ရဲ့ နောက်ဆုံး ၂ ဆင့်ကို ဆက်လက် အကောင်အထည် ဖော်ပါလိမ့်မယ်။ အဲဒါတွေကတော့ ရပ်ပေါင်း ၉ဝ အတွင်းမှာ လွှတ်တော်အသစ်ကို ပထမဆုံး ခေါ်ယူကျင်းပခြင်း နဲ့ နောက်ဆက်တွဲ သမ္မတရွေးချယ်ပွဲ ကျင်းပပြီး အရပ်သား အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေရေး အဆောက်အအုံတွေကို ဖွဲ့စည်းခြင်းကို ပြုတော့မယ်လို့လဲ သိရပါတယ်။

(၄) NLD လူမှု အထောက်အကူပြု အဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/ AIDS ဝေဒနာရှင်များကို အာဏာပိုင်များမှ ဖွင့်လှစ် ထားသော သာကေတ အဝိုင်းထိပ်မှ ဂေဟာသို့ လွှဲပြောင်းပေးရန် ရန်ကုန်မြို့မှ သက်ဆိုင်ရာ ဆရာဝန်ကြီးများက NLD လူငယ်တဦးဖြစ်သူ ကိုရာဇာကို ခေါ်ယူပြောဆိုကြောင်း သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁ရ ရက်က ယင်း ဝေဒနာရှင် များကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု အားပေးပြီးနောက်ပိုင်း ယခုကဲ့သို့ ပြောင်းရွှေ့ ခိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

(၅) စစ်အစိုးရ၏ သတင်းစာတွင် နိုဝင်ဘာလ ၁ရ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က စီးတီးစတား ဟိုတယ်အောက်ထပ် Star Net အင်တာနက်ဆိုင် အတွင်းရှိ ကွန်ပျူတာ စားပွဲအောက်တွင် စက္ကူဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ် ၂ ထုပ်အား စစ်ဆေးကြည့်ရာ ချိန်ကိုက်မိုင်း ၄ လုံးဖြစ်သည်ဟု ရေးသားထားကြောင်း သိရပါတယ်။

(၆) ယခုအခါ အင်တာနက်ဆိုင်တွေကို CCTV ကင်မရာ တပ်ခိုင်းထားတယ်လို့ သိရပါတယ်။။ ဒါကြောင့် Download၊ Upload လုပ်ရင် သတိထားဖို့၊ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ မလုပ်ဖို့ သတိလာပေးတယ်” လို့ အလုံမြို့နယ်ရှိ အင်တာနက်ဆိုင် တဆိုင်တွင် သုံးစွဲခဲ့သူတဦးက ဆိုကြောင်းလည်း ကြားသိရပါတယ်။

(၇) နိုဝင်ဘာလ ၂ဝ ရက်နေ နံနက် ရ နာရီဝန်းကျင်က မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ် အိမ်တော်ရာ ဘုရားဝင်း အတွင်း ဗုံးတလုံးပေါက်ကွဲသော ကြောင့် ဂေါပကအဖွဲ့ဝင်တဦးနှင့် တခြား အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် အိမ်တော်ရာ ဘုရားဝင်း အား ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

(၈) ရွှေပြည်သာ၊ ခရမ်း၊ သုံးခွ …. အစရှိတဲ့မြိုနယ်များမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တစ်ချို့မှာ ဒေါ်အောင်ဆန်းစုကြည်သတင်းပါတဲ့ DVB နဲ့ VOA ကို စလောင်းရှိတဲ့ဆိုင်တွေက ဖွင့်ပြကြတယ်လို့ သိရပါတယ်။ အဲဒါကို ရဝတ ဥက္ကဌက မိမိနယ်မြေထဲမှာ ဒေါ်စုသတင်းမပြန့်နှံ့စေရန်အတွက် မဝတ ကိုအကြောင်းကြား … မဝတ အမိန့်နဲ့ ပိတ်ခိုင်းလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ဘက်ရည်ဆိုင် တစ်ချို့မှာ DVB, VOA တို့ ကြည့်ရှုခွင့် မရှိတော့ဘူးလို့ ကြားသိရပါတယ်။

(၉) ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းဖော်ပြမှုကြောင့် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိပါတယ်။ The Voice၊ 7 Day News၊ Venus၊ ပြည်သူ့ခေတ်၊ မြန်မာ့ပို့စ်၊ လျှပ်တပြက်၊ Myanmar Newsweek ဂျာနယ် တို့ကို ထုတ်ဝေခွင့် ၁ ပတ်စီ ပိတ်လိုက်ပြီး First Eleven အားကစားဂျာနယ်၊ Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်လိုက် ကြောင်း စာပေစိစစ်ရေးရုံးတွင် နိုဝင်ဘာလ ၂၁ ရက်က ကြေညာထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၂ ရက်မှာတော့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော သတင်းများ အားလုံးကို ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ကြားသိရပါတယ်။

(၁၀) နိုဝင်ဘာလ ၂၂ ရက်နေ့ သတင်းများအရ ၂၀၁ဝ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) အနိုင်ရရှိထားသော မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်း ကျွန်း မြို့နယ်များကို အာဏာပိုင်များက အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းမြို့နယ်နှစ်ခုသည် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မဲ ရလဒ် ရှုံးနိမ့်ခဲ့ပြီး NDF က အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်များ ဖြစ်သည့်အတွက် ယခုအခါ ရေဖြတ်ထားတယ်လို့ သိရပါတယ်။ ရေပြတ်တောက်မှုကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများအနေဖြင့် သောက်သုံးရေရရှိရန် ရေဝယ်ယူ သုံးစွဲနေရကြောင်း သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ် ရပ်ကွက်မှ ဒေသခံတဦးက ပြောတယ်လို့ ကြားသိရပါတယ်။

ထပ်မံရရှိသည့် သတင်းများကို စာရေးသူမှ ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါကြောင်း ……..။

Source; ဧရာဝတီ

2 comments

  • bigcat

    November 26, 2010 at 7:22 am

    နေစမ်းပါအုံး။ နိုင်ဝင်ဘာတောင်မကုန်သေးဘူး ဘယ်နှယ်လုပ် လချုပ်ထူးခြားဖြစ်စဉ်က တက်လာတာလဲ။ ကြည့်ရတာ ကိုဝှိုက်ဘိုင်ပြတ်လို လခထုတ်ချင်နေပြီနဲ့တူ၏။

  • white

    November 26, 2010 at 8:15 am

    ကိုကြောင်ကြီးပြောတာ အမှန်ပေါ့ဗျာ။ ကုမ္ပဏီဝန်ထမ်း ကျွန်တော့်အတွက် လကတော့ မြန်မြန်ကုန်စေချင်တာပေါ့ ……။ ဒါတောင် လစာက ၅ ရက်နေ့မှ ရတာဗျ ……… ။:D
    ဒီပို့စ်က ဒေါ်စုလွတ်တဲ့နေ့ကနေ နိုဝင်ဘာလ ၂၂ ရက်နေ့အထိပဲ ရေးထားပါတယ်နော်။ ကျန်တာတွေကတော့ ဒေါ်စုနဲ့သူ့သားတွေ့တာရယ်၊ ဒီနေ့ ဖော်လန်ဖား ငါးမင်းဆွေ ဆိုတဲ့လူ စစ်အစိုးရဂျာနယ်တွေမှာ ဖွဖို့လုပ်တာရယ်ပဲ တွေ့တာကြောင့် gazette မှာ members တွေက တင်ပေးထားလို့ အားလုံးသိပြီးသား ဖြစ်နေမှာပါ။
    မှတ်ချက်က “ထပ်မံရရှိသည့် သတင်းများကို စာရေးသူမှ ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါကြောင်း ……..။”

Leave a Reply