ဗီယက်နမ်အတွက် လုပ်ကွက် ဖော်ဆောင်ပေးရန် အစိုးရ သဘောတူ

BayoteApril 7, 20101min570

ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်သန်ဒေါင်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗီယက်နမ် ရေနံကုမ္ပဏီ Petro Vietnam အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးလုပ်ကွက် ဖော်ဆောင်ပေးရန် မြန်မာအစိုးရဘက်က သဘောတူညီခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ (၂) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ဗီယက်နမ်ဝန်ကြီးချုပ်သည် မြန်မာအစိုးရနှင့် စီးပွားရေးနယ်ပယ် (၁၂) ခုတွင် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ရာ၌ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ဗီယက်နမ်ဘက်မှ ကုမ္ပဏီ (၂) ခု လုပ်ကိုင်ခွင့်ရရေး အဆိုပြုထားခြင်းဖြစ်သည်။

ဗီယက်နမ် ရေနံကုမ္ပဏီ Petro Vietnam အတွက် သဘာဝဓာတ်ငွေ့ လုပ်ကွက် ဖော်ဆောင်ပေးရန် မြန်မာဘက်က သဘောတူညီလိုက်ပြီး A. S. V Holding ကုမ္ပဏီအတွက် နောက်ထပ် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ဖန်တီးပေးရန်အတွက်လည်း မြန်မာဘက်မှ စဉ်းစားရန် သဘောတူညီလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

“ပြီးခဲ့တဲ့ နှစ်ကတည်းက ဗီယက်နမ်အုပ်စုတွေ လာပြီး စနည်းနာနေတာတော့ ကြာပြီ။ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးဘက်မှာ ဒီဘက်က အဆိုပြုတာ။ ဒါပေမယ့် အခု အလုပ်ဖြစ်တာ အားလုံးက ရေနံသဘာဝဓာတ်ငွေ့၊ သတ္တု၊ နောက် ဆက်သွယ်ရေး၊ ဒီဘက်ကို ပိုလုပ်ချင်တာ တွေ့ရတယ်” ဟု ကုန်သည်စက်မှုအသင်း အလုပ်အမှုဆောင်က ပြောသည်။

မြန်မာနိုင်ငံ မန္တလေးတိုင်းအတွင်း စကျင်ကျောက်ထုတ်လုပ်ရေး လုပ်ကွက်တခုလည်း ဗီယက်နမ်ကုမ္ပဏီတခုကို လုပ်ကိုင်ခွင့် ပေးထားပြီးဖြစ်ကြောင်း ဗီယက်နမ်-မြန်မာ ပူးတွဲကြေညာချက်အရ သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုရာမှာ အကျိုးအမြတ်မျှော်တာက အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဈေးကွက်ပေါ့၊ နောက် နည်းပညာပေါ့ဗျာ။ ကျနော်တို့ မျှော်လင့်တာက စိုက်ပျိုးရေး မွေးမြူရေးဘက်ကို ဝင်လာဖို့ ပိုပြီး မျှော်လင့်ပါတယ်။ အဲဒီဘက်ကို ဝင်လာမှ ပိုပြီး နိုင်ငံအတွက် အကျိုးရှိမယ်၊ နောက် အများစု အလုပ်အကိုင်ကိုလည်း ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်တာပေါ့ဗျာ” ဟု ကုန်သည်စက်မှုအသင်း အလုပ်အမှုဆောင်က ဆက်လက်ပြောကြားသည်။

သို့သော် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ရေနံသဘာဝဓာတ်ငွေ့၊ သတ္တု တူးဖော်ရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့ကိုသာ လုပ်ငန်းဆောင်ရွက်နိုင်သေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဘက်တွင် ညှိနှိုင်းနေဆဲသာ ရှိသေးကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများစုမှာ မြန်မာလူထုအများစု လုပ်ကိုင်နေသည့် လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခြင်း မဟုတ်ဘဲ နိုင်ငံပိုင်လုပ်ငန်းများတွင်သာ ပိုမိုစိတ်ဝင်စားနေပြီး ပုဂ္ဂလိက လုပ်ငန်းများတွင် စိတ်ဝင်စားမှု မရှိကြောင်း၊ ထို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့် လူထုအတွက် အကျိုးခံစားရမှု နည်းပါးနေဆဲဖြစ်ကြောင်း ကုန်သည်စက်မှု အမှုဆောင်က ဆိုသည်။

လောလောဆယ်တွင် ဗီယက်နမ်က မြန်မာနိုင်ငံအတွင်း၌ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဘဏ် (BIDV) ရုံးခွဲ၊ ဟနွိုင်း – ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း၊ ဆက်သွယ်ရေးကုမ္ပဏီ Viettel ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခြင်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်၊ ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း လုပ်ကွက် ချပေးရေး သဘောတူညီချက်တို့ လုပ်ဆောင်နိုင်ခဲ့သည်။

စက်ပစ္စည်းထုတ်လုပ်မှုနှင့် မော်တော်ယာဉ်ထုတ်လုပ်မှုများတွင်လည်း ဗီယက်နမ်ဘက်မှ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြား ခဲ့သော်လည်း အလုပ်ဖြစ်သည့် သဘောတူညီမှုမျိုး မရှိသေးကြောင်း ကုန်သည်စက်မှုအသင်း အသိုင်းအဝိုင်းမှ သိရသည်။

Source : KhitPyaing