သင်ခန်းစာကောင်းအတွက် အမှား..။

zinmyotunNovember 26, 20101min993
လူမှန်ရင် မှားတတ်ကြပါတယ်။ အမှားနည်းတာနဲ့ အမှားများတာပဲ ကွာပါတယ်။ လူတိုင်း အမှားနဲ့ မကင်းနိုင်တာမို့ အဲဒီအမှားကြောင့်လည်း ရှက်ကြောက် အားငယ်စိတ်တွေ ဖြစ်ပေါ် တတ်ပါသေးတယ်။ အမှားတကာ့ အမှားတွေထဲမှာ ကြိုတင် ကြံရွယ်စီစဉ် လုပ်ကိုင်တဲ့ အမှားကလွဲရင် ကျန်အမှားတွေဟာ ခွင့်လွှတ်လို့ ရနိုင်တဲ့ အမှားတွေ၊ စေတနာ အမှားတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီ အမှားတွေအပေါ် လက်ညှိုးထိုး ရှုတ်ချနေတာထက် ကာယကံရှင်ကို အမှားမြင်ခွင့်၊ အမှားပြင်ဆင်ခွင့် ပေးပြီး မှားယွင်းတဲ့ အမှားအပေါ် နားလည်ယူနိုင်မယ် ဆိုရင် ပိုကောင်းတတ်တယ်လို့ မြင်မိပါတယ်။

အမှန်ကတော့ အမှားတွေထဲကနေ သင်ခန်းစာ တွေ ထုတ်ယူတတ်မယ်ဆိုရင်တော့ အဲဒီ သင်ခန်းစာ ရယူနိုင်တဲ့ ပုဂ္ဂိုလ်ဟာ သူ့ဘဝ တိုးတက်ရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေပါမယ်။ မှားမိတဲ့ မှားခဲ့တဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ နဖူးပေါ် လက်တင်ပြီး နက်နက်နဲနဲ ပြန်တွေးပြီး ဆင်ခြင်ကြည့် တဲ့အခါ မသင့်လျော်တဲ့ အကျိုးအကြောင်း တွေကို တွေ့လာရတတ် ပါတယ်။ အဲဒီအမှားကို ကောင်းတယ်ထင်ပြီး ဆက်လုပ်နေရင်၊ ဆက်မှားနေမယ်ဆိုရင် အမှားနွံထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ တစ်ကယ်လို့များ မိမိ အမှားကို မှားမှန်းသိမြင်သွားပြီး ပြုပြင်လိုက်မယ် ဆိုရင်တော့ သင်ခန်းစာကောင်းတွေ ရသွားမှာ အသေအချာပါပဲ ဖြစ်ပါတယ်။

အမှားတွေကနေ သင်ခန်းစာထုတ်ယူနိုင်ပါတယ်။ အဲဒီ သင်ခန်းစာကနေ ဘဝရဲ့ အားမာန် သတိ္တတွေကို မွေးထုတ်ပေးနိုင်တယ် ဆိုတာ သိရှိစေချင်ပါတယ်။ လူတိုင်းပါပဲ အမှားကို ကြောက်ကြတယ်။ မိမိအမှားကို လူတွေသိမှာစိုးကြောက် ကြတယ်။ အမှားတစ်ခုကို ကျူးလွန်မိတာနဲ့ ဘဝမှာသုံးမရ တော့တဲ့ အဆင့်အထိ ရောက်သွားပြီ၊ လူညွန့်တုံးသွားပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထင်တတ်ကြပါတယ်။ အမှားဆိုတဲ့ အရိပ်မည်းကြီးရဲ့ ခြောက်လှန့်မှု အောက်မှာ စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ ယူကြုံးမရမှုတွေနဲ့ ကိုယ်စိတ်နှစ်ပါး အားငယ်သွားတတ် ကြပါတယ်။ လူတစ်ယောက်ရဲ့ အားမာန်တွေ၊ သတိ္တတွေကို ပြုတ်ပြုတ်ပြုန်း သွားအောင် စိတ်ကျသွားကြ တဲ့သူတွေ ရှိပါတယ်။ အမှားကို သင်ခန်းစာ မယူတတ်တာဟာ ကြောက်စရာပါ။ အမှားကို သင်ခန်းစာ ယူနိုင်တာနဲ့အမျှ ကိုယ့်ရဲ့ မကုန်ခမ်းနိုင်တဲ့ ကိုယ်ခံစွမ်းအားတွေ နဲ့ ဘဝကို အကောင်းဆုံး ပြန်လည် ဆောက်တည်နိုင်သေးတယ် ဆိုတာကို ပြောချင်ပါတယ်။

လူတွေကို အမှားမလုပ်ကြနဲ့ အမှားမလုပ်မိစေနဲ့ လို့ ပြောပြရင်၊ ဆုံးမရင် သဘာဝကျမှာ မဟုတ်သလို၊ နှစ်သက်ကြမှာလည်း မဟုတ်ပါဘူး။ အမှားတွေ များများလုပ်ကြပါ၊ ဒါမှ သင်ခန်းစာ များများယူနိုင်တယ်လို့ ပြောပြန်ရင်လည်း မဖြစ်နိုင်ပြန်ပါဘူး။ ဘယ်လို အကြောင်းပဲဖြစ်ဖြစ်ပါ အမှားတွေကို အမှားလို့ မြင်ပြီး အမှားတွေကနေ သင်ခန်းစာ ကောင်းတွေ ရယူနိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။

3 comments

  • antimoe

    November 26, 2010 at 1:00 pm

    စေတနာအမှားတခုကြောင့် စည်းစိမ်တင်မက ဘဝတခုလုံးကို အလျော်တောင်းပေးမယ် ဆိုတဲ့ ပွဲလန့်တုန်း ်ဖျာခင်းချင်တဲ.သူတစုကြောင့် ဒုက္ခရောက်နေတယ်။ ပြန်ပြင်လို့မရတဲ့အမှားမျိုး မကျူးလွန်မိကြပါစေနဲ့။

  • koyinmaung

    November 27, 2010 at 9:08 pm

    လေါကမှာ မှားတတ်လို့လဲ ခဲတန်မှာခဲဖျက်ထည့်ပေးထားရတာမဟုတ်လါးကွယ်…။။

  • kopauk mandalay

    November 28, 2010 at 3:10 pm

    မှားနေတာကို မှားတယ်လို့ သိဘို့အရေးကြီးသလို
    မှားနေတယ်လို့ပြောရင်လဲ ပြင်ဘို့လိုအပ်တဲ့အပြင်
    မှားနေသူကိုလဲ ဖိမနင်းဘို့ ကတော့ ……………………………………………………………………………..

Leave a Reply