ကြက်သွန်နီက နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင်

manawphyulayNovember 30, 20101min400

ကြက်သွန်နီက နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင်

ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသီများက
ကြေငြာကြွေးကြော်လိုက်ကြသည်။ ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ
နှလုံးရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်ပွားစေသည့် မကောင်းသော
ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ
နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို
ထိန်းသိမ်းပေးကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင်မှ သိပ္ပံပညာရှင်များက ကိုလက်စထရောလ်များသော အစာများကို
တိုက်ကျွေးထားသော ကြွက်များကို ခြေမွထားသော ကြက်သွန်နီများ စားစေပြီး
စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ကြသည်။ သီတင်း(၈)ပတ်မျှ ကြာမြင့်သောအခါ
မကောင်းသော ကိုလက်စထရောလ်များ ပါဝင်နေမှုအဆင့် (သို့မဟုတ်) လစ်ပိုပရိုတိန်း
ပါဝင်သိပ်သည်းမှု နိမ့်ကျနေမှု (LDL)ကို ၂၀%ထိ လျော့ကျနေကြောင်း
ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာ ကြွက်များ၏
လစ်ပိုပရိုတိန်း သိပ်သည်းဆ မြင့်မားမှု (HDL)မှာမူ မလျော့ပါးဘဲ ကောင်းသော
ကိုလက်စထရောလ်များ မနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။

Chinese University of Hong Kong မှ သုတေသနအဖွဲ့ခေါင်းဆောင် Zhen Yu Chen
က “ကြက်သွန်နီတွေကို သုတေသနတွေ အများကြီးပြုလုပ်ခဲ့ရာမှာ
လူသားဂျင်းစ်(genes)တွေအပေါ် အကျိုးကျေးဇူးပြုမှု၊ ခန္ဒာကိုယ်ရဲ့
ကိုလက်စထရောလ် ဇီဝကမ္မဖြစ်စဉ်ထဲမှာ ပါဝင်နေတဲ့ ပရိုတိန်းတွေအပေါ်
အကျိုးသက်ရောက်မှုတွေကို နည်းနည်းပါးပါးပဲ သိရပါသေးတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ လေ့လာမှုကို ဆက်လက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်
ပြုလုပ်သွားပြ့ီးတော့ ကြက်သွန်နီတွေရဲ့ ကိုလက်စထရောလ် လျှော့ချပေးမယ့်
အင်ဇိုင်းမ်တွေအပေါ်မှာ အကျိုးထိရောက်မှုတွေကို အသေးစိတ်သိရှိ
ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဇီဝကမ္မ လုပ်ဆောင်ချက်တွေမှာ
ကြက်သွန်နီရဲ့ အကျိုးကျေးဇူးရှိမှုကို ဆန်းစစ်လေ့လာမှုဟာ ဒါပထမဆုံး အကြိမ်ပဲ
ရှိပါသေးတယ်။
လေ့လာမှုရဲ့ အဖြေတွေကတော့ ကြက်သွန်နီ ပုံမှန်စားသုံးမှုဟာ
နှလုံးရောဂါအများစု (သွေးကြောကျဉ်းမှုကြောင့် ဖြစ်ပွားတဲ့ နှလုံးရောဂါ
(coronary heart disease) ကို ဖြစ်ပေါ်မှုကို လျော့နည်းစေတယ်လို့
ကြွေးကြော်လို့ ရပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ဗြိတိန်ကဲ့သို့ ဥရောပနိုင်ငံများတွင် ကြက်သွန်ဖြူ၏ ကောင်းကျိုးများကို
ပိုမိုသိရှိကြသော်လည်း မြန်မာအပါအဝင် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့်
Mediterranean ဒေသများတွင် အများဆုံး စားသုံးနေကြသော ကြက်သွန်နီ၏
ကောင်းကျိုးများကိုမူ ဥရောပတိုက်သားတို့ အသိနည်းလှပေသည်။

သို့သော် ယခုအခါ ဗြိတိန်မှာ ကြက်သွန်ဖြူ အမျိုးမျိုးထက် ပို၍ချိုသော
ကြက်သွန်နီကို ဗင်နီဂါရည်၊ သကြားတို့ဖြင့် ချက်ပြုပ်ထားသော Red Onion
Marmalade မှာ နာမည်ကြီးနေပြီး ချီးစ် သို့မဟုတ် အအေးစာများနှင့်
တွဲဖက်စားသုံးလာကြကြောင်း သိရှိရသည်။

ကြက်သွန်နီ အများအပြား စားသုံးသော ကမ္ဘာ့ဒေသများမှာ ကင်ဆာဖြစ်ပွားမှုပင်
သိသာထင်ရှားစွာ လျော့နည်းကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများက ဆိုသည်။

ဂျော်ဂျီယာနှင့် အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့်
အခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုနှုန်းကို ပျမ်းမျှရာနှုန်းဝက်
လျှော့ချစေသည်ဟု ယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်ဥငယ်များ
စိုက်ပျိုးစားသုံးလာကြကြောင်း သိရှိရသည်။

ကမ္ဘာ့ဒေသများအနက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို အများဆုံးစားသုံးသော
တရုတ်နိုင်ငံတွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမှာ ကျန်ဒေသများထက် ၄၀%ထိ
ပျမ်းမျှအားဖြင့် လျော့နည်းနေကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။