အမျိုးသမီးအား အကြမ်းမဖက်က တိုင်းပြည်တိုးတက်မည်ဆိုသည့် အချက်က ဗုဒ္ဓတရားတော်နှင့် ကိုက်ညီ

BMNovember 27, 20101min550

ဖွံ့ဖြိုးတိုးတက်မှုလိုလားသည့် ယဉ်ကျေးသော တိုင်းပြည်တပြည်အဖို့ အမျိုးသမီးများအပေါ် အနိုင်ကျင့် အကြမ်းဖက်မှု များ လုံးဝရှောင်ကြဉ်သင့်ကြောင်း ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ဆုံးမသွန်သင်ခဲ့ကြောင်း နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနား၌ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌ ဦးခင်းဆာယီက ပြောပါသည်။

ဦးခင်းဆာယီ (online.wsj.com)

“အမျိုးသမီးတွေအပေါ် အနိုင်ကျင့်တာတွေ အတင်းအဓမ္မအကြမ်းဖက်တာတွေ မပြုလုပ်ဖို့ ဆုံးမသွန်သင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဗုဒ္ဓကလဲအပါအဝင်ပါဘဲ။ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းတဲ့နိုင်ငံဆိုပြီး နအဖစစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတတ်ကြတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူဆိုရင် ဗုဒ္ဓစကားကို နားထောင်သင့် တယ်” ဟု ဦးခင်းဆာယီက ပြောပါသည်။

ဗုဒ္ဓမြတ်စွာက ဘာသာရေးနှင့်မဆိုင်သော လူမှုရေးစကားများ ကိုလည်း အများအပြားသွန်သင်ဆုံးမခဲ့ကြောင်း၊ အပရိယ ဟာနိယဓမ္မ ခေါ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံတရား ရ ချက်၌ အချက် ၅ မှာ အမျိုးသမီးအရေး အလေးထားထောက်ပြ ကြောင်း ထောက်ပြပါသည်။

၁။ အစည်းအဝေးမှန်မှန်ပြုလုပ်ခြင်း
၂။ ညီညီညွှတ်ညွှတ်ဆုံးဖြတ်ချက်ချမှတ်ခြင်း
၃။ ဆုံးဖြတ်ချက်ကို ညီညီညွတ်ညွှတ်အကောင်အထည်ဖော်ခြင်း
၄။ သက်ကြီးရွယ်အိုများကို အရိုအသေပြုခြင်း
၅။ အမျိုးသမီးများအပေါ် အနိုင်ကျင့်မှု အတင်းအဓမ္မသားမယားပြုလုပ်မှု လုံးဝရှောင်ကြဉ်ခြင်း
၆။ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ထိန်သိမ်းစောင့်ရှောက်ခြင်း
၇။ ပညာရှိပုဂ္ဂိုလ်များအား ရိုသေလေးစား၍ ၎င်းတို့စကားကို နာယူခြင်း-တို့ဖြစ်ကြသည်။

“အမျိုးသမီးတွေနဲ့ ပတ်သက်လို့ နံပါတ် ၅ မှာ ထင်ထင်ရှားရှားသွန်သင်ဆုံးမထားတယ်။ ဒါကြောင့်ဒီ ရ ချက်ဟာ လက်နက်သဖွယ်ဖြစ်ပြီး မှန်မှန်ကန်ကန်လိုက်နာကျင့်သုံးမယ်ဆိုရင် တိုင်းပြည်လုံးဝဆုတ်ယုတ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက် မှာအမှန်ဘဲ” ဟု ဦးခင်းဆာယီက ပြောပါသည်။

နိုဝင်ဘာ ၂၅ ရက် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား ကို ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထိုင်းနယ်စပ်တစ်နေရာ၌ဦးစီးကျင်းပ ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမျာအားလုံး ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ထိုးထားသည့် နအဖစစ်အစိုးရမှာမူ မြန်မာနိုင်ငံသူ အမျိုးသမီးများအပေါ် အစီအစဉ်ရှိရှိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိနေဆဲပင်ဖြစ်သည်ဟု ထိုနေ့၌ WLB မှ ထုတ်ပြန် သော ကြေငြာချက်၌ ဖော်ပြထားသည်။
မူရင်း