အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး

ေမွာ္ဆရာDecember 1, 20101min18129

အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုးတွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင်များတာကိုတွေ့ရပါတယ်။အင်တာနက် နည်းပညာတိုးတက်လာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုးတွေလဲ မခွဲမခွာ တွဲပါလာတာကိုလဲ မြင်နေရပြန်ပါတယ်။ ကျွန်တော်နဲ့ အဆင့်အလှမ်းကွာနေတဲ့ spyware,mailware,virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင်မသိပဲ အင်တာနက်ပေါ်မှာ စေတနာကြီးမားစွာနဲ့ ဝေငှ(share) အလုပ်ခံနေရတဲ့ကိစ္စပါ။ ဒါကို ဒီအတိုင်းထိုင်ကြည့်နေလို့တော့ မဖြစ်တော့ဘူးထင်ပါတယ်။
နာမည်ကြီးချင်လို့၊လူသိများချင်လို့ (ဒါမှမဟုတ်) ဝါသနာအရ ကိုယ့်ပုံကိုယ်တင်တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှုအားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ်လပ်လပ်နေတာကို မှတ်တမ်းတင်ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံးကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံအပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်းသိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထားစေချင်တယ်။ တချို့ဆို ဒီကိစ္စကြောင့် အလုပ်အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲအောင် ဖြစ်ရပါတယ်။ ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှုကြောင့်ဆိုတာ တွေ့နေရပါတယ်။အမျိုးကောင်းသမီးများအနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။
ကျွန်တော်က ကွန်ပျူတာသင်တန်းဆရာ တစ်ယောက်ပါ။ ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ဗီဒီယို ရိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နှိုင်သလောက် ကာကွယ်ပေးနှိုင်မယ်လို့လဲ ထင်ပါတယ်။
၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့
ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ်လပ်လပ် နေတာကို မှတ်တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင်မသိလိုက်ပဲ သူဆီက ကိုယ့် ဓါတ်ပုံကို သူများခိုးသွားတာမျိုး ခံရတတ်ပါတယ်။
၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့
ကိုယ့် ကိုယ်လုံး ဘယ်လောက်လှသလဲ သိချင်ရင် မှန်ထဲမှာ ပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့ ။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။
၃။ကင်မရာထဲမှာ ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ(delete)ဆိုတိုင်း လဲ စိတ်မချပါနဲ့
ကင်မရာထဲမှာ ၊ ကွန်ပျူတာ ထဲမှာ ဖျက်လိုက်ပြီဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာရှိနေပါတယ်။ အဲဒီ့ဆော့ဝဲတွေဟာ လွန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ်လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည်ရှာပေးနှိုင်ပါတယ်။ ကွန်ပျူတာပြင်ဆရာတိုင်းလိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက်ရိုက်ကြည့်တယ် ။ ပြီးတော့ ဖျက်ပစ်လိုက်တယ် ဆိုပေမယ့် သာမန်ကျွမ်းကျင်သူတစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည်ရယူနှိုင်တာကို လုံးဝ မမေ့ပါနဲ့။
၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာ နဲ့သုံးရင်လဲ သတိထားပါ။
အင်တာနက်ဆိုင်မှာ ကိုယ့်လက်တော့ နဲ့သုံးရင် ကိုယ့်လက်တော့ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ဝင်ရောက်ကြည့်ရှု ကော်ပီကူးထားနှိုင်တယ်ဆိုတာ သိထားပါ။အင်တာနက်ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူထိမ်းချုပ်နှိုင်အောင် network စနစ်တစ်မျိုး ချိတ်ဆက်ထားတတ်ပါတယ်။ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲကို အလိုလို ရောက်သွားပါတယ်။ဒါဆိုရင် အင်တာနက်ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ကနေ ဝင်ရောက်ကြည့်ရှုနှိုင်ပါတယ်။ ဒါကြောင့် အင်တာနက်ဆိုင်မှာဆိုင်မှာသုံးမယ့် ကိုယ့်လက်တော့မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့်မထားပါနဲ့။
၅။ နည်းပညာကို အထင်မသေးပါနဲ့
ကိုယ့်လက်တော့ထဲမှာ ပုံတွေထည့်မထားပါနဲ့. မလုံခြုံပါဘူးဆိုတော့ နဲနဲနားလည်တဲ့ ကိုကိုမမတွေက share ပေးမထားရင်ရပါတယ်လို့ ဆိုကြတယ် ၊ ဟုတ်ကဲ့ နည်းပညာကို အထင်မသေးပါနဲ့ခင်ဗျား ၊ ကိုယ့်ထက်ပိုတော်တဲ့ ဆရာကြီးတွေရှိနေသေးတယ်ဆိုတာလဲ မေ့မထားပါနဲ့။cracker တို့ hacker တို့ဆိုတာ အလကားပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည်က ပြောမယုံ ကြုံဖူးမှသိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့်ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။
၆။အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့
အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်းသလား၊အွန်လိုင်းမမတွေကပဲ အညှာလွယ်သလားမသိပါ။ vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံ များ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။(ကျွန်တော် အသုံးရိုင်းသွားရင် ခွင့်လွှတ်ပါ) ဝမ်းနည်းစရာကောင်းတာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲသိသာတဲ့ ပုံတွေပါ အများကြီးပါလာတာပါ။ ကြေးစားတွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင်အင်တာနက်လိုင်းနဲ့ ကိုယ်ပိုင်ကွန်ပျူတာနဲ့ သုံးနှိုင်တဲ့အဆင့်က ကြေးစားမဟုတ်နှိုင်ပါ။ ဖြစ်နှိုင်ခြေရှိတာက အွန်လိုင်းကိုကိုကလဲ အပြောကောင်း၊ညီမလေးတို့ကလဲ သဒ္ဓါလွန်တယ်ထင်ပါတယ်။ မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင်မှားမယ် ၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ်ဆိုရင်တော့ လုပ်ပေါ့။(vzo က အရုပ်တွေ အသံတွေ မှတ်ထားလို့ ရတယ်ဆိုတာလဲ သတိရပါ။)
၇။ခိုးအရိုက်ခံရခြင်းမှ ကာကွယ်ဖို့ …….
ခိုးအရိုက်ခံရခြင်းမှ ကာကွယ်ဖို့ ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့နေရာမှာ (ဟာ်တယ်၊တည်းခိုခန်း၊ပန်းခြံ) စတဲ့နေရာတွေမှာ လွပ်လွပ်လပ်လပ် မနေပါနဲ့ ။သတိရှိပါ။
ကင်မရာတွေ အကြောက်ဆုံး ၊ အားနည်းချက်တစ်ခုကတော့ အမှောင်ပါ ။ ဘယ်လောက်ကောင်းတဲ့ ကင်မရာမဆို အလင်းရောင်အားနည်းသောနေရာမှာ အဆင်မပြေနှိုင်ပါ။ ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ်လပ်လပ် (ဥပမာ အဝတ်အစားလဲတာ)နေရတော့မယ်ဆိုရင် လုံးဝ မှောင်သွားအောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နှိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နှိုင်တယ်ဆိုတဲ့ (night shot)ဆိုတဲ့ ကင်မရာတွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ်ဖြစ်တာပါ။
၈။spy camera တွေကို တတ်နှိုင်သမျှ ရှာပါ
အခုခေတ်မှာ သုံးသောင်းလောက်ဆို spy camera တစ်လုံး ရနှိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နှိုင်သလောက် ရှာပါ။ ဒါ ကိုကိုတွေ ၊ ဦးဦးတွေ အတွက်လဲ အရေးကြီးပါတယ်။ တော်ကြာ ကိုယ်တောင်မသိပဲ နာမည်ကြီး အွန်လိုင်းမင်းသား ဖြစ်သွားနှိုင်ပါတယ်။
များသောအားဖြင့် ကင်မရာတွေကို မြင်ကွင်းကျယ်ကျယ်ရအောင် ဒေါင့်တွေမှာ တတ်ထားတတ်ပါတယ်။ သေသေချာချာရှာပါ။ အခန်းအပြင်မှာတတ်ထားပြီး မတ်စေ့လောက်အခန်းကို ဖောက်ထားတာမျိုးလဲ လုပ်တတ်ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့်တွေ မျက်နှာကျက်တွေမှာ သေချာရှာပါ။ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့ ၊ လိုအပ်ရင် အမှောင်ကို အကာအကွယ်ယူပါ။
အဲ super market တွေက အဝတ်လဲခန်းတွေမှာလဲ ရှိတတ်တယ်နော် ။ လုံခြုံရေးအတွက်တတ်ရတာပါဆိုပဲ ။
၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီဆိုရင်ရော
ရှက်ပြီး ငြိမ်မနေပါနဲ့ ၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ sex ဝက်ဆိုက်တော်တော်များများဟာ user က တောင်းဆိုလို့ရှိရင် အချက်အလက်တွေ ဖျက်ပေးပါတယ်။ ကို့ပုံ ပါနေတာ သေချာရင် အဲဒီဝက်ဆိုက်ကို အကြောင်းကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်းကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ဖူးပါတယ်။
၁၀။ ကိုယ်ချင်းစာပါ။
တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသားကိုယ်တိုင်က တင်တာဆိုတော့ သူုမျက်နှာတော့ သူဖျက်ထားတာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်းမစာတာပါ။ မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ထက်ပိုရှက်တတ်တာပေါ့။ ကိုတောင် ရှက်တတ်သေးရင် သူများအရှက်ကွဲ အကျိုးနဲဖြစ်အောင် မလုပ်သင့်ပါဘူး ။ ဒါ စေတနာဗလဗွနဲ့ မျှဝေတတ်တဲ့ ကို်ယ်ချင်းမစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက်ကြပါနဲ့ …။ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။
ဇတ်လမ်းအသစ်တင်ချင်တယ်ဆိုရင်လဲ ကြေးစားအဆင့်ထဲမှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။သူတို့ နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေးဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေလုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများအကျိုးထိခိုက်အောင် မလုပ်ကြပါနဲ့။
(ဒါက sex website တွေကို မကြည့်ပါနဲ့လို့ ပြောတာမဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုးနေဦးမယ်။ အမျိုးကောင်းသမိးများ ကို ညှာတာဖို့ ပြောတာပါ။ နာမည်ကြီးချင်လို့တို့ ၊ ဝါသနာအရတို့ ဆိုတဲ့ photo တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ဝယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။)
စေတနာဖြင့်
မှော်ဆရာ

29 comments

  • Nyan Phyo Myint

    December 1, 2010 at 10:00 am

    အင်တာနက်သုံးတဲ့ မိန်းကလေးတိုင်းသိသင့်ပါတယ်ခင်ဗျာ။

  • Thaw Zin Loikaw

    December 1, 2010 at 11:41 am

    မှန်ပါတယ်ဒီအချက်တွေကိုကြည့်ရင်ဖြင့် နားလည်တန်ကောင်းပါရဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ခေတ်နောက်ကျကျန်ခဲ့လို့ကမဖြစ်ပါဘူး..။ မြန်မာအမျိုးသမီးတွေ သတိထားစရာအချက်တွေပေါ့ဗျာ…။ အင်တာနက်မင်းသမီး ,မင်းသားတွေမဖြစ်အောင် ဆင်ခြင်သင့်တာ ဆင်ခြင်ကြပါလို့ပဲပြောလိုက်ချင်ပါတယ်။

  • သီဟ

    December 1, 2010 at 12:29 pm

    ဖြစ်နိုင်တာတွေကိုတိတိကျကျကိုပြောပြထားတယ်နော်
    တကယ်ချီင်္းကျူးတယ်ဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 1, 2010 at 1:57 pm

    မှတ်သားသွားပါတယ် မှတ်သားထိုက်ပါတယ်
    ဒါပေမယ့် လုပ်တဲ့လူကတော့ လုပ်ကိုလုပ်မှာပါဘဲ
    ဘာဖြစ်ဖြစ် ဒီလို အချက်အလက်တွေကို သူသူငါငါကလည်း သတိထား ကို ထားရမှာပါဘဲ။
    ( မဖြစ်ဘူး မဖြစ်ဘူး နောင်ဆို ဟိုမော်ဒယ် လေးနဲ ့ ဟော်တယ်တွေမှာမချိန်းတော့ဘူး
    ဘကြီး စံမြိုင် ကောက်ရိုးပုံ က ပိုပြီးစိတ်ချရတယ် ဆိုတော့ ဒို ့ကတော့ ဒို ့ကတော့ ကောက်ရိုးပုံ မှာဘဲ ချိန်းတော့မယ် ဟီဟိ သိုင်းကျူးဗျာ )

  • intro

    December 1, 2010 at 2:26 pm

    သိသင့်တဲ့ အကြောင်းအရာလေးတွေပါ… Forward ပေးလိုက်မယ်နော်… စိတ်မဆိုးဘူး မဟုတ်လား ကိုမှော်စရာကြီး… (ဟဲဟဲ ကျွန်တော့်ထက် ကြီးလို့ ကို တပ်ခေါ်လိုက်တာ)

  • unclegyi1974

    December 1, 2010 at 3:38 pm

    မိန်းကလေးတွေလို့ခေါ်ရမလား မိန်းမတွေလို့ခေါ်ရမလား
    ရဲ့စိတ်ကိုလုံးဝနားမလည်နိုင်တာကအမှန်ဘဲ
    လုံးဝမသိတဲ့နက်ထဲကလူငွေချေးတာလဲချေးပေးတာဘဲ
    မှော်ကြီးပြောတဲ့အဖော်အချွတ်တွေဆိုတာကလဲလုံးဝ
    စဉ်းစားလို့မရနိုင်အောင်ပါဘဲ
    ရေးတဲ့လူကစေတနာနဲ့ရေးပေမဲ့ သူတို့စိတ်ကိုတော့
    လုံးဝမခန့်မှန်းနိုင်ပါကြောင်း

  • etone

    December 2, 2010 at 2:10 am

    အခုနောက်ပိုင်းဒီလိုတွေကြုံတွေ့နေရတာက ဆယ်ကျော်သက်မိန်းကလေးတွေ အဖြစ်များတာ တွေ့ရပါတယ် ။ ကျောင်းတက်ရာကနေ အပေါင်းသင်းစုံတော့ အင်တာနက်ဆိုင်လေးထိုင်တက်လာတယ် … အဲ့ဒါတွေကနေ စတာပါ ။ အထက်တန်းကျောင်းသူလေးတွေ အရင်ကဆိုရင် ဆယ်တန်းအောင်မှ ကွန်ပျူတာ သင်တန်းလေးဘာလေးတက်ကြပေမဲ့ … အခုတော့ အိမ်မှာ ကွန်ပျူတာတွေ ထားနိုင်တဲ့ခေတ်ဖြစ်လာတော့ အထူးတလည် သင်တန်းတက်ဆရာမလိုပဲ အစ်ကို၊အစ်မတွေဆီက ပြန်သင်လာနိုင်ကြတယ် ။ နောက် အိမ်မှာ အွန်လိုင်းချိတ်မယ် ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ အင်တာနက်သုံးမယ် ။ … အဲ့ဒီကမှ အပြောကောင်းတဲ့လူတွေတွေ့မယ် ..ဟိုပြောဒီပြောနဲ့ အင်တာနက်မင်းသမီးတွေဖြစ်ကုန်ရောပဲ ။ အမျိုးကောင်းသမီးတွေ အတုယူမမှားသင့်ပါဘူး ။

  • မှော်ဆရာ

    December 3, 2010 at 1:56 am

    intro ကတော့ forward share မယ် ပြောသွားပါတယ်။ ဒါ လူတိုင်းသိသင့်တယ်ထင်လို့ ရေးထားတာပါ။လူသိများလေ ကောင်းလေပါပဲ ။
    ကြိုက်တဲ့နည်းနဲ့ share လုပ်နှိုင်ပါတယ်။ အမျိုးကောင်းသားသမီးတွေရဲ့ အရှက်နဲ့သိက္ခာကို တစ်ယောက်အတွက်ပဲဖြစ်ဖြစ် ကာကွယ်ပေးနှိုင်မယ်ဆိုရင်
    ဒီပိုစ့်ရေးရကျိုး နပ်ပါတယ်

  • viruskyee

    December 3, 2010 at 7:21 am

    ကိုမှော်ဆရာရေ
    Forward Share ခွင့်ပေးပါဗျာ

    ပို့စ်ကို ကြိုက်လို့ပါ ၊ အကျိုးရှိမယ်ထင်လို့

  • kopauk mandalay

    December 3, 2010 at 3:58 pm

    မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်ရှောက်မယ်လို့ အသိတရားမရှိသမျှ ကာလပါတ်လုံး
    ဒါမျုးိတွေက ရှိနေအုံးမှာမြေကြီးလက်ခတ်မလွဲပါဗျာ.။

  • winkyawaung

    December 3, 2010 at 4:04 pm

    တဆင့်ကူးယူ ဖော်ပြခွင့်ပြုပေးပါ မှော်ဆရာခင်ဗျား။
    အထူးကျေးဇူးတင်ပါတယ်။

  • True Faith

    December 4, 2010 at 8:04 am

    တချို့ ကိုကိုများဆို မိန်းကလေးကိုသာ ပယ်ပယ်နယ်နယ်ရိုက်တာ။ သူတို့ဘယ်သူမှန်း သိမှာကျ သေမလောက်ကြောက်သဗျ။ ကိုယ်ချင်းစာတရား မထားတဲ့ လူ့အောက်တန်းစားတွေ။

    မကောင်းတဲ့ မိန်းကလေးတွေကိုလည်း မရိုက်သင့်ဘူး ထင်မိတယ်။ သူတို့ခမျာလည်း မိသားစု အသိုင်းဝိုင်း ပတ်ဝန်းကျင်ဆိုတာ ရှိတာကိုးဗျ။
    မှော်ဆရာကြီးကတော့ သတိပေးနေပြီ။ အမျိုးကောင်းသမီးများ မှတ်သားကြပေတော့။

  • tigerlion

    December 4, 2010 at 12:04 pm

    ကျေးဇေူးတင်ပါတယ်

  • cobra

    December 5, 2010 at 5:11 am

    သူတိုကြိုယ်တိုင်ကြေညာချင်နေကြတာ…
    အကုန်လုံးကိုေြ့ပာတာမဟုတ်ပါဘူး..
    တွေ ့နေရတဲ့အများစုကတော့ကြေညာချင်တဲ့သူတွေဖြစ်နေတယ်လေ..။

  • windtalker

    July 17, 2011 at 2:21 pm

    အရမ်းကောင်းတဲ့ စာလေး တစ်ပုဒ် ပါပဲ ဗျာ ။ အခုမှ ဖတ်မိပေမယ့် ဖတ်ပြီးပြီးချင်း အရမ်းကြိုက်သွားပါတယ် ။ ဘော်ဒါတွေ အားလုံး ကို လည်း ပြန်ပြောပြ လိုက်ပါမယ် ဗျာ

  • နည်ရဲဇော်

    July 17, 2011 at 3:38 pm

    မှော်ဆရာရဲ့ဆေးကလောင်အစွမ်းနဲ့
    နက်တစ်ခွင်လုံး အလင်းရောင်လွှမ်းပါစေ။

    “ခိုးအရိုက်ခံရခြင်းမှ ကာကွယ်ဖို့ ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့နေရာမှာ (ဟာ်တယ်၊တည်းခိုခန်း၊ပန်းခြံ) စတဲ့နေရာတွေမှာ လွပ်လွပ်လပ်လပ် မနေပါနဲ့ ။သတိရှိပါ။”

    မှန်ပါတယ်။ သတိဆိုတာပိုတယ်လို့မရှိဘူးလေ။ supermarket တို့လို အများသူငှာနှင့်ဆိုင်သောနေရာများ (Public area) များမှာ cctv တပ်ထားမယ်ဆိုရင် မြင်သာအောင် စာရေး၍ဖြစ်စေ၊ သင်္ကေတနှင့်ဖြစ်စေ ရေးပြရတာ ကျင့်ဝတ်ကောင်းတဲ့အဖွဲ့အစည်းတွေရဲ့တာဝန်ပါ။ ဒီလို သိသာအောင်မလုပ်ပေးထားတဲ့ နေရာမျိုးဆိုရင်တော့. . .
    အဝတ်လဲခန်းထဲမှာတောင် ကင်မရာ တပ်ထား/မထား. . . အင်း. . .

  • bigbird

    July 17, 2011 at 8:51 pm

    ဆက်လက်ဖြန့်ဝေပေးကြပါခင်ဗျား…….. နောက်ပိုင်း တော်တော်များများတွေ့လာရလို့ပါ။

    ကို့ချစ်သူကိုတောင်မယုံကြပါနဲ့….. ယုံလို့ပုံအပ်ချင်ရင်တော့ မီးအမှောင်လုံးဝချထားဖို့
    မမေ့ပါနဲ့… ခဏခဏတွေ့နေရပါပြီး ….. အရေးကြီးပါတယ်…..သတိရှိကြပါခင်ဗျား။။။။။

  • chitpyae

    July 18, 2011 at 7:49 am

    မှတ်လည်းမှတ်သားထားပါတယ် …. ကျေးဇူူးလည်းတင်ပါတယ် ။ တကယ့်ကို လိုအပ်တာတွေကို သေချာပြောပြပေးသွားတဲ့ အတွက် …..
    ပြန်ပြီး forward လုပ်ပေးလိုက်ပါ့မယ် ရှင်… 🙂

  • ရွှေဘိုသား

    July 18, 2011 at 9:22 am

    ကို ပုပြောတာမှန်တယ် ကျွန်တော်တို. ရွာက ကောက်ရိုးပုံ ကိုတောင်သတိရတယ်
    ကောက်ရိုးပုံလောက်တော. ဟော်တယ်က စိ်တ်မချရဘူး
    ကောက်ရိုးပုံက စပ်တာလေးတစ်ခုပဲ အပြစ်ရှိတာ

  • pan pan

    July 18, 2011 at 10:12 am

    လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးချင်သူတွေများလာတယ်နော်
    ဗလိုင်းကြီး စာပြီးနားမလည်း ဝါးပြီးထွေးထုတ်တဲ့ကောင်တွေကတော့ နောက်ဘဝ ဒင်းတို့ဘာဖြစ်မလဲ ကြည့်ချင်သပ

  • etone

    July 18, 2011 at 11:19 am

    လွန်ခဲ့တဲ့ တနှစ်ခွဲနီးပါးလောက်က ပို့စ်လေး ပြန်အသက်ဝင်လာတာပါလား ။

  • winkyawaung

    July 18, 2011 at 11:40 am

    ူအများအတွက် အကျိုးများစေတဲ့ ပို့စ် ကိုတင်ပေးတာ အထူးကျေးဇူးတင်ပါတယ်။

  • aungnng87

    July 18, 2011 at 12:10 pm

    ကောင်းပါ၏။ ကောင်းပါ၏။ လူအများအတွက်အကျိုးရှိပါ၏။

  • susunosuki

    July 18, 2011 at 1:56 pm

    ဒီလို ပိုစ့်မျိုးရေးပေးတဲ့ မှော်ဆရာကို သောင်းသောင်းဖြဖြ အားပါးတရ ကြိုဆိုကြောင်းပါ။

  • မှော်ဆရာ

    August 27, 2011 at 10:08 pm

    ဒီပိုစ့်ကို မဖတ်ရသေးတဲ့သူများ ဖတ်ရအောင် လူလယ်လုပ်ပြီး ကွန်မန့်ပေးလိုက်ပါ၏….
    မှော်ဆရာ…

Leave a Reply